Saturday, July 25, 2009

နတ်မင်းတို့က အိပ်မက်တို့ကို တောင်ပံတပ်ပေးခြင်း သရီးအက်ဖ်မှစ

နတ်မင်းတို့က အိပ်မက်တို့ကို တောင်ပံတပ်ပေးခြင်း သရီးအက်ဖ်မှစ

မောင်စူးစမ်း

လော်ပန်-ဖိုင်နန်ရှာ

စီးပွားရေးလေ့လာမှုဟူသည် နည်းလမ်းတကျ၊ တရားဝင်၊ ပုံစံကျ ဖြစ်ထွန်းမှုတို့ကိုသာ လေ့လာရသည် မဟုတ်။ တရားမဝင်၊ နည်းလမ်းမကျ၊ ပုံစံမကျသောဖြစ်ထွန်းမှု (informal development) တို့ကိုလည်း လေ့လာရသည်။ များစွာသောကိစ္စတို့၌ အပေါ်ယံ ပုံစံကျဖြစ်ထွန်းမှုတို့က အစစ်အမှန်ကို ထင်ဟပ်သည်မဟုတ်။ နည်းလမ်းမကျ၊ တရားမဝင်ဖြစ်ထွန်းမှုတို့ကသာ အစစ်အမှန်ကို ကိုယ်စားပြုနေတတ်သည်။

ဤသဘောကိုမြင်၍ စီးပွားရေးပညာရှင်တို့က စုပေါင်းပြီး ဆာဗေးတစ်ရပ် ပြုလုပ်သည်။ ဘိဇနက်နတ်မင်း (business angels) တို့အကြောင်းပေတည်း။ ဘိဇနက်နတ်မင်းတို့ဆိုသည်မှာ ယေဘုယျအားဖြင့် ငွေရှင်၊ ကြေးရှင်တို့ကို ဆိုလိုသည်။ သူတို့သည် ကြံရည်ဖန်ရည်ရှိမည့်သူ၊ စွန့်ဦးတီထွင်မည့်သူ၊ အလားအလာကောင်းနိုင်သည့်သူ၊ မိမိအတွက် အကျိုးရှိလာနိုင်မည့်သူတို့ကို ရွေးပြီး ငွေရင်းစိုက်ထုတ်ပေးလေ့ ရှိကြသည်။ ဥပမာ-ရုပ်ရှင်လုပ်ငန်းတွင် ရုပ်ရှင်တစ်ကားရိုက်ရန်အတွက် ငွေရင်းထုတ်ပေးသူမျိုး၊ ပြဇာတ်တစ်ထုပ်တင်ဆက်ရန်အတွက် ငွေရင်းစိုက်ထုတ်ပေးသူမျိုးတို့ ဖြစ်ကြသည်။

မြန်မာ့စီးပွားရေးလောကနှင့် သိပ်မစိမ်းပါပေ။ မြန်မာ့စီးပွားရေးလောကတွင် ငွေရှင် ကြေးရှင်၊ ငွေရင်းစိုက်သူ၊ ဖိုင်နန်ရှာ၊ သူဌေး၊ အရာကြီး၊ ပေါက်ဖော်ကြီး၊ လော်ပန်စသော စကားတို့သည် အတော်ယဉ်ပါးနေသော မြန်မာစီးပွားရေးလောကသုံး ဗန်းစကားတို့ဖြစ်ကြသည်။ သူတို့က အိုင်ဒီယာကောင်းကောင်းရှိသူ၊ အဆက်အသွယ်ကောင်းကောင်းရှိသူ၊ ကြံရည်ဖန်ရည်ကောင်းကောင်းရှိသူတို့ကို သူတို့လုပ်ငန်းများနှင့်ပတ်သက်ပြီး ငွေစိုက်ကြသည်။ သူတို့စိုက်သော ငွေသည် သန့်ရှင်းချင်လည်း သန့်ရှင်းမည်၊ မသန့်ရှင်းချင်လည်း နေမည်။ အကြောင်းမဟုတ်။ သူတို့ ငွေဘယ်က ရသနည်းဆိုသည်ကို မေးရန်မလိုပေ။ သူတို့ဆီက ငွေရင်းအထောက်အပံ့ရလျှင် နတ်မသည်နှင့်တူ၍ သူတို့ကို နတ်မင်းများဟု ခေါ်ဆိုနိုင်သည်။

သရီးအက်ဖ်

ယခု ဤလိုငွေရင်းထောက်ပံ့သူ နတ်တို့၏အကြောင်းကို ဘောဂဗေဒပညာရှင်တို့က သီးခြားတစ်ဘာသာရပ်အဖြစ် ဆွဲထုတ်ပြီး လေ့လာသည်။ နတ်မင်းတို့၏ ဘိဇနက်အကြောင်းပေတည်း။ နတ်မင်းဘိဇနက်တို့၏ ဘောဂဗေဒပေတည်း။ ယခု ရှိပြီးသားလေ့လာမှုတို့က သမားရိုးကျဆန်လွန်းသည်၊ ပုံစံကျဖြစ်လွန်းသည်။ 'အငယ်စားနှင့် အလတ်စားအရွယ် ဘိဇနက်တို့အား ငွေရင်းစိုက်ခြင်း' (financing of small and middle size business) ဆိုသော ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့က လေ့လာကြသည်။ သူတို့က ငွေရင်းစိုက်ပေးခြင်းဆိုလျှင် ဘဏ်ကိုပဲမြင်သည်။ ဘဏ်တွေက အတိုးနည်းနည်းနှင့် ငွေရင်းထုတ်ချေးရမည်ဟု ပြောမည်။ ဘဏ်မရှိလျှင် ဘဏ်ထူထောင်ဖို့အကြံပေးမည်၊ သီးခြားဘဏ်တွေ ဖွင့်ခိုင်းမည်။ ဘဏ်ရှိလျှင်လည်း လုပ်ငန်းသေးတွေဘက်၊ လုပ်ငန်းသစ်တွေဘက် ဦးစားပေးချေးငှားရန် အကြံပေးမည်။ ငွေရင်းနှင့် ဘဏ္ဍာရေး (capital and finance) ဟုဆိုလျှင် ဘဏ်လို အဖွဲ့အစည်းတို့ကသာ အခရာကျကျလုပ်ကိုင်နေသည်၊ လုပ်ကိုင်တတ်သည်ဟု ထင်သည်။

အမှန်တကယ်ဖြစ်နေတာက ဘဏ်နှင့်ကင်းပြီး ငွေရင်းစိုက်ထုတ်ပေးမှုလုပ်ငန်းတွေ ရေပန်းစားနေခြင်းဖြစ်သည်။ ဤအကြောင်း၏နိဒါန်းအဖြစ် (Three F) အက်ဖ်သုံးလုံးအကြောင်း ပြောရမည်။ စီးပွားရေးသမိုင်းပြန်ကြည့်လျှင် မည်သည့်လုပ်ငန်းသစ်မဆို၊ မည်သည့်စွန့်ဦးတီထွင်သူမဆို အစပထမ အရင်းအနှီးတည်ထောင်မှု၌ အက်ဖ်သုံးလုံးဖြင့် စရသည်။ (၁)ပထမ၌ ငွေအရင်းအနှီးကို မိမိမိသားစု (family)မှ ရှာဖွေစုဆောင်းမည်၊ ဆွေမျိုးတွေ ဝိုင်းထည့်မည်။ (၂)ဒုတိယ မိတ်ဆွေသူငယ်ချင်း (friends) တို့ထံမှ ငွေလှည့်မည်၊ သူငယ်ချင်းတို့ကို ငွေထည့်ခိုင်းမည်။ (၃)တတိယ၌ မိသားစုနှင့်မိတ်ဆွေသူငယ်ချင်းတို့ထံမှ လှည့်ငွေနှင့် မလုံလောက်သောအခါ အရူး (fools) တို့ထံမှ ငွေလှည့်မည်။ သို့ဖြင့် မည်သည့်လုပ်ငန်းသစ်မဆို၊ မည်သည့်စွန့် ဦးတီထွင်သူမဆို အက်ဖ်သုံးလုံးဖြင့် လုပ်ငန်းသစ် စကြရမည်ဟုဆိုသည်။ တတိယ အရူးအနှမ်းတို့ထံမှငွေရင်း၌ အထက်တွင် အကြမ်းဖော်ပြခဲ့သော နတ်မင်းတို့လည်း ပါဝင်ကောင်း ပါဝင်လိမ့်မည်။

အီကွီတီ ကွာဟမှု

အက်ဖ်သုံးလုံးသည် ဘဏ်အရင်းအနှီးမဟုတ်ပေ။ စွန့်ဦးတီထွင်မှု၊ လုပ်ငန်းသစ် (start-up) ထူထောင်ခြင်း စသည့်လုပ်ငန်းတို့တွင် အက်ဖ်သုံးလုံးနှင့် မလွဲမသွေ စရမည်ဟု သီအိုရီစကားပြောသည်။ ထို့နောက် အက်ဖ်သုံးလုံးငွေရင်းထူထောင်မှုနှင့် မလောက်လျှင် ဘာလုပ်မည်နည်းဟု မေးခွန်းထုတ်သည်။ အက်ဖ်သုံးလုံးနည်းဖြင့် ငွေရင်း ရှာဖွေသော်လည်း မလုံလောက်၊ မလောက်မငဖြစ်ရသည့် အခြေအနေကို (equity gap) အီကွီတီကွာဟမှုဟု ခေါ်သည်။ လိုအပ်သလောက် အစုရှယ်ယာများ မရရှိနိုင်မှုကို ရည်ညွှန်းသည်။

စွန့်ဦးတီထွင်သူ၊ လုပ်ငန်းသစ် စသူတို့သည် ဤအီကွီတီကွာဟချက်နှင့် ရင်ဆိုင်ရသောအခါ ပြင်ပမှ ငွေထုပ်ကြီးကြီးရှိသူတို့ကို ရှာရသည်။ လော်ပန်၊ ဖိုင်နန်ရှာ၊ သူဌေး၊ အရာကြီး၊ ပေါက်ဖော်ကြီး စသော ငွေထုပ်ကြီးကြီးသူတို့ကို ရှာရသည်။ နတ်မင်းတို့ကိုရှာရသည်။ ဤနတ်မင်းတို့သည် သူတို့ ငွေဘယ်ကရမှန်း မသိစေချင်။ ငွေရင်းအကူအညီတောင်းသူတို့ကလည်း ငွေရဖို့သာ အရေးကြီးသည်၊ ငွေ၏ဇာစ်မြစ်က အကြောင်းမဟုတ်။ ထို့ကြောင့် လုပ်ငန်းစသူတို့နှင့်နတ်မင်းတို့၏ငွေရေး၊ ကြေးရေး ဆက်ဆံမှုသည် တရားဥပဒေ စည်းကမ်းဘောင်အပြင်အပ၌ ဖြစ်နေတတ်သည်။ ထို့ကြောင့် နတ်မင်းတို့၏ အရင်းအနှီးဈေးကွက်ကို တရားမဝင် အရင်းအနှီးဈေးကွက် (unofficial capital market) ဟု ခေါ်သည်။ ပုံစံကျမဟုတ်သော အရင်းအနှီးဈေးကွက် (informal capital market) ဟူ၍လည်း ခေါ်သည်။ သူတို့၏ အရင်းအနှီးဈေးကွက်သည် ဘဏ်တို့နှင့်အဆက်အစပ်မရှိ၊ non-banking ဖြစ်သည်။ စတော့အိပ်စ်ချိန်းတို့နှင့်လည်း အဆက်အစပ်မရှိပေ။ စတော့အိပ်စ်ချိန်း အပြင်အပတွင်ရှိသော အရင်းအနှီးဈေးကွက်ဖြစ်သည်။

ပြဇာတ်နှင့် မူဗွီမှစ

ထို့ကြောင့် စွန့်ဦးတီထွင်မှု (entrepreneurship)နှင့် လုပ်ငန်းသစ်(start-up)တို့သည် နတ်မင်းတို့နှင့် မကင်းဘဲ အလုပ်လုပ်လို့ ရနိုင်ခြေ မရှိဟု စီးပွားရေးပညာရှင်တို့က ကောက်ချက်ဆွဲသည်။ စွန့်ဦးတီထွင်မှုနှင့် အရင်းအနှီးထောက်ပံ့မှု အားကောင်းသော အမေရိကား၌လည်း စွန့်ဦးတီထွင်သူနှင့် လုပ်ငန်းသစ်စသူတို့သည် တရားမဝင် အရင်းအနှီးဈေးကွက်(ဝါ) နတ်မင်းတို့နှင့်လည်း မကင်းခဲ့ကြပေ။ အမေရိကားနှင့် ဥရောပတို့၌ ဤနတ်မင်းတို့သည် အချင်းချင်းပေါင်းစည်းကြသည်။ ကွန်ရက်တွေဖွဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ အမျိုးမျိုးဖွဲ့စည်းကြသည်။ နတ်မင်းတွေ အလွန်အားကောင်းကြသည်။ အမေရိကန်၌ နတ်မင်းပေါင်း ၃၅ဝဝဝဝရှိသည်။ ဤနတ်မင်းတို့က ဘိဇနက်ပေါင်း၅ဝဝဝဝ တွင် ဒေါ်လာ ၃ဝဘီလျံဖိုး မြှုပ်နှံထားကြသည်။ ပထမ စခါစ၌သာ မစို့မပို့ ကစားသည်။ ယခု ဤနတ်မင်းတို့က ဘိဇနက်တစ်ခုအတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အနည်းဆုံး ဒေါ်လာ၆ သန်းမှစသည်။

ဥရောပတွင် နတ်မင်းပေါင်း ၄ဝဝဝဝကျော်ရှိ၍ သူတို့၏ ရင်းနှီးမြှုပ်နှံမှုက တစ်နှစ်လျှင် ယူရိုငွေ ၂ဝဘီလျံဖိုးရှိသည်။ အမေရိကန်နတ်မင်းတို့၏ အရင်းအနှီးဈေးကွက်သမိုင်းသည် စိတ်ဝင်စားဖွယ်ကောင်းသည်။ ပထမ နယူးယောက်ဘရော့ဒ်ဝေးပြဇာတ်ရုံ၊ နောက် ဟောလီဝုဒ်မှ စခဲ့သည်။ ဇာတ်ညွှန်းကောင်းကောင်းရှိပါလျက် ငွေမရှိ၍ ဇာတ်ကားနှင့်ပြဇာတ်မရိုက်နိုင်သူ၊ မထုတ်လုပ်နိုင်သူတို့ကို ဇာတ်ထုပ်တစ်ထုပ်ဘယ်လောက်၊ ပြဇာတ်တစ်ချီ ဘယ်လောက်ဖြင့် နတ်သားတို့က ငွေရင်းစိုက်ခဲ့ကြသည်။ ဖျော်ဖြေရေးလုပ်ငန်းမှ အခြားလုပ်ငန်းများသို့ချဲ့ခြင်းဖြစ်သည်။ နတ်မင်းတို့၏လုပ်ငန်းသည် အိုင်ဒီယာကို အတောင်တပ်ပေးသည်။ ဆုတောင်းမေတ္တာပို့သည့် လုပ်ငန်းဟုပြောသည်။

Ref: Economist