Saturday, July 25, 2009

ခေတ်မီခြင်းနဲ့ ခေတ်ဆန်ခြင်း

ခေတ်မီခြင်းနဲ့ ခေတ်ဆန်ခြင်း

လူထုစိန်ဝင်း

ဖက်ရှင်ရှိုးပွဲတစ်ခုမှာ ဖက်ရှင်မယ် တစ်ယောက်ကို အင်တာဗျူးတော့ ဖက်ရှင်မယ်က နိုင်ငံတကာစံချိန်နဲ့ အညီ ခေတ်မီအောင် အရမ်းကြိုးစားနေရတဲ့အကြောင်း၊ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေက တစ်ဆင့်သာ လေ့လာနိုင်သေးလို့ ထင်သလောက် ခရီးမပေါက်သေးကြောင်း ဖြေကြားထားတာကို မဂ္ဂဇင်းတစ်စောင်မှာ ဖတ်လိုက်ရပါတယ်။

ဘယ်သူ့စံက နိုင်ငံတကာစံလဲ

အဲဒါကိုဖတ်ပြီးတော့ နိုင်ငံတကာအဆင့်မီဆိုတဲ့စကားနဲ့ ခေတ်မီဆိုတဲ့စကားများ တော်တော်ခေတ်စားနေတာကို သတိပြုမိပါတယ်။ ဆက်လည်း တွေးနေမိပါတယ်။ နိုင်ငံတကာအဆင့်မီဆိုတဲ့စကား နေရာတကာမှာ သုံးစွဲနေကြပါတယ်။ ဘယ်လိုအဆင့်မျိုးကို နိုင်ငံတကာအဆင့်မီလို့ ခေါ်တာမှန်းတော့ ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။ သုံးကောင်းတိုင်း သုံးနေကြပုံရပါတယ်။ ဥပမာ-ပညာရေးဆိုပါတော့။ အင်္ဂလိပ်၊ အမေရိကန်ပညာရေးစနစ်တွေကို ဟုတ်လှပြီထင်ပြီး 'စံ' အဖြစ် သတ်မှတ်အတုယူနေကြစဉ်မှာ သူတို့ဆီက ပညာရေးပါရဂူတွေနဲ့ သင်ကြားရေးပညာရှင်တွေကတော့ သူတို့ဆီက မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသားတွေဟာ သင်္ချာဘာသာလို၊ သိပ္ပံဘာသာလို ဘာသာရပ်တွေမှာ ကိုရီးယား၊ ဂျပန်၊ စင်ကာပူက ကျောင်းသားတွေနောက် အများကြီး ပြတ်ကျန်နေရစ်ပြီ၊ ပညာသင်ကြားရေးစနစ်တွေ ပြုပြင်ဖို့ နည်းလမ်းရှာကြံသင့်ကြပြီလို့ သုံးသပ်ပြောဆိုနေတာတွေ ကြားသိနေရပါတယ်။



လော်မာတဲ့အဆင့် မရောက်သင့်

စောစောကပြောတဲ့ ဖက်ရှင်ရှိုးကို ပြောပါရစေဦး။ ဖက်ရှင်အရာမှာ ကမ္ဘာ့ထိပ်သီးဖြစ်တဲ့ ပြင်သစ်ဖက်ရှင်ရှိုးတွေကိုမီမှ နိုင်ငံတကာအဆင့်မီလို့ ယူဆပြီး သူတို့ကို အတုယူရမှာလား။ အတုယူတာမျိုးတွေတော့ တွေ့နေရပါတယ်။ ရှိုးပွဲတချို့ဆိုရင် မြန်မာပြည်မှ ဟုတ်ရဲ့လားလို့ ထင်ရလောက်အောင်ကို ဝတ်စားဆင်ယင်မှု လွန်ကဲတာ တွေ့ရပါတယ်။ တော်ရုံလွန်တာမဟုတ်ပါဘူး။ 'လျှပ်ပေါ်လော်လီ' တဲ့အဆင့်ထိအောင်ကို လွန်နေတာမျိုးပါ။ ဘယ်အချိန်မှာများ ဘီကီနီကြော်ငြာတာတွေ မြင်တွေ့ရမလဲလို့တောင် တွေးမိပါတယ်။ လှရုံ၊ ပရုံမဟုတ်တော့ဘဲ 'လော်မာ'တဲ့အဆင့်ထိတော့ မရောက်စေသင့်ဘူး။



မှန်ကန်စွာတွေးခေါ်တတ်မှ

နောက်ပြီး ခေတ်မီတယ်ဆိုတဲ့စကား။ ဘယ်ဟာကို ခေတ်မီတယ်လို့ ခေါ်ရမှာလဲ။ ရမ်ဘိုလို ရုပ်ရှင်ကားတွေရိုက်နိုင်တာ ခေတ်မီတာလား၊ ကွန်ဖူးကားတွေ ရိုက်တတ်တာ ခေတ်မီတာလား။ အလွယ်ပြောပြီး အလွယ်လိုက်လုပ်ကြတာ မကောင်းဘူး။ ကလေးတွေအတွက် နမူနာဆိုးဖြစ်စေတယ်။ အတွေးအခေါ်တွေ မှန်မှန်ကန်ကန်ဖြစ်အောင် ကြိုးစားခြင်းကမှ တကယ်ခေတ်မီခြင်းဖြစ်တယ်ဆိုတာ ကလေးတွေသိအောင် လုပ်ပေးရပါမယ်။ပညာသင်ယူရာမှာလည်း သူများရေးထားတဲ့စာတွေ အလွတ်ရွတ်ပြတတ်ရုံ လုပ်တတ်ခြင်းဟာ ပညာတတ်ခြင်းမဟုတ်ကြောင်း သိအောင်လုပ်ဖို့ လိုပါတယ်။



ပြောတတ်ရုံနဲ့ ဘာဖြစ်လာမှာလဲ

အရာရာကိုလည်း စာအုပ်ထဲက ပုံစံအတိုင်း တွေးတတ်၊ မြင်တတ်၊ လုပ်တတ်ရုံနဲ့ ဘာမှအရာမရောက်ပါဘူး။ အိုင်းစတိုင်းက ဘာပြောတယ်၊ နယူတန်က ဘယ်လိုလုပ်တယ်၊ ကိန်းကဘယ်လိုဆိုခဲ့တယ်၊ ဒါဝင် ဘယ်လို ရေးခဲ့တယ်ဆိုတာတွေ ပြန်ပြောတတ်ရုံနဲ့ ဘာဖြစ်လာမှာလဲ။ ကိုယ်လုပ်နိုင်တာမှ မဟုတ်တာ။ အရေးကြီးတာက ကိုယ်လုပ်နိုင်ဖို့ပဲ။ သူများပြောတာဆို ဘယ်သူပြောတာမှမယုံနဲ့၊ ကိုယ်တိုင်သိ၊ ကိုယ်တိုင်တွေ့မှယုံဆိုတဲ့ 'ကာလာမသုတ်' ကို မြန်မာတိုင်း သိနေကြတာပဲ။ အဲဒီ ကာလမသုတ်ဟာ အမှန်ဆုံး၊ အကောင်းဆုံး ပညာသင်ယူနည်းဖြစ်တယ်။ အမှန်ကန်ဆုံး အမှန်တရားရှာနည်းဖြစ်တယ်။ ဒါကို ဘာ့ကြောင့် လျစ်လျူရှုထားကြတာလဲ။



ရှေ့က ပြေးခိုင်း

ပညာသင်တယ်ဆိုတာ (critical thinking) ပိုင်းခြား စိတ်ဖြာစဉ်းစား တွေးခေါ်တတ်အောင် လုပ်ပေးခြင်းဖြစ်တယ်။ ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားတတ်ရမယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့လုပ်တတ်ရမယ်။ မီအောင်လိုက်တယ်ဆိုတာက နောက်လိုက်လုပ်တာပဲ။ ကလေးတွေကို နောက်လိုက်မလုပ်ခိုင်းပါနဲ့။ ရှေ့ကလျှောက်တဲ့လမ်းဖောက်သူဖြစ်ပါစေ။ ခေတ်မီအောင် ကြိုးစားမခိုင်းပါနဲ့။ ခေတ်ရှေ့က ပြေးခိုင်းပါ။

လမ်းပေါ်က အသံတွေ

စံပြုပုဂ္ဂိုလ်တွေကို အတုယူတဲ့အခါမှာလည်း အနှစ်သာရကိုအတုယူတတ်ဖို့၊ အပေါ်ယံအကာတွေကိုပဲ အတုမယူဖို့သတိပေးပါ။ ဒီနေ့ ကမ္ဘာတစ်လွှားခေတ်စားနေတဲ့ ရော့ခ်တို့၊ ရက်ပ်တို့၊ ဟစ်ဟော့ပ်တို့ဆိုတဲ့ ဂီတအမျိုးအစားတွေဟာ သန္ဓေကောင်းက ပေါက်ဖွားလာခဲ့ကြတာဖြစ်တယ်။ ရှေးပဒေသရာဇ်ခေတ် နန်းတော်ကြီးတွေနဲ့ ရဲတိုက်ကြီးတွေထဲက အရှင်သခင်တွေကို အပျင်းတော်ပြေအောင် ပျော်တော်ဆက်ရတဲ့ဂီတမျိုးကို မကြိုက်တဲ့လူတွေက ဂစ်တာတစ်လက် ဒါမှမဟုတ် ဆက်ဆိုဖုန်းတစ်လက်နဲ့ လမ်းဘေးအုတ်ခုံပေါ်မှာထိုင်ပြီး လမ်းပေါ်က လူတွေရဲ့ရင်ထဲက အသံတွေကို တီးခတ်ဖော်ကျူးခဲ့ကြတာဖြစ်တယ်။

အကာကိုသာ ယူကြ

နောက်လူတွေ ခေတ်ရောက်တော့ ရှေ့ကလူတွေရဲ့စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်ကိုအတုမယူကြဘဲ ဝတ်စားဆင်ယင်မှုဆိုတဲ့ အပေါ်ယံအကာလောက်ကို အတုယူကြပြီး စုတ်စုတ်ပြတ်ပြတ် အဝတ်အစားနဲ့ ဆံပင်ရှည်ကြီးတွေ ဖိုးရိုးဖားရားနဲ့ မျက်စိနောက်စရာ ဖြစ်ကုန်ကြတော့တယ်။ နောက်ဆုံး ဆယ်စုနှစ် နှစ်ခုလောက်ကျတော့ မူးယစ်ဆေးဝါးနဲ့ ညစ်ညမ်းမှုတွေလောက်ပဲ အဓိကထားဖော်ကျူးနေကြတော့တာ တွေ့ရတယ်။ ဒါတွေကို လူငယ်တွေသိအောင် လူကြီးတွေက လုပ်ပေးရမယ့်တာဝန်ရှိတယ်။ ပေါ့ပ်ဂီတဆိုတာ 'လူထုဂီတ' ဖြစ်တယ်။ 'လူတစ်စုဂီတ' မဟုတ်ဘူးဆိုတာ ပြောပြဖို့လိုတယ်။

ဟန်ဆောင် ညာဖြန်း

ဒီနေ့ခေတ်မှာ လူတော်တော်များများဟာ အပေါ်ယံအကာတွေလောက်ကို အဟုတ်ထင်ပြီး နေကြတာ တွေ့နေရတယ်။ အနှစ်သာရကိုတော့ မမြင်ကြဘူး။ တချို့ကျတော့ အပေါ်ယံအကာလေး ယူစွပ်ထားပြီး ဟန်ဆောင်ညာဖြန်းနေတတ်ကြတယ်။ ဒီလိုလူမျိုးတွေဟာ ဘယ်လိုလုပ်ပြီး အနှစ်သာရကို သိရှိနိုင်မှာလဲ။ အနှစ်သာရမဲ့တဲ့သူတွေဟာ တကယ်တော့ နိုင်ငံတကာအဆင့်မီတို့၊ ခေတ်မီတို့ဆိုတဲ့စကားတွေ အကျယ်လောင်ဆုံး ပြောနေကြသူတွေဖြစ်တယ်ဆိုတာ သတိထားကြည့်သူတိုင်းသိကြတယ်။