Wednesday, July 29, 2009

နိုင်ငံရေးနဲ့ စာပေအနုပညာ (၃၈) ခေတ်တိုင်းမရိုးတဲ့ မန်လည်ဆရာတော်၏ ကဗျာ

ထိန်လင်း

ဇွန် ၂၂၊ ၂၀၀၉
စာပေအနုပညာတွေမှာ သက်ဆိုင်ရာ ခေတ်ကာလတွေရဲ့ နိုင်ငံရေးအငွေ့အသက်တွေ ထင်ဟပ်စေနိုင်သလို စာပေအရေးအသားတွေကြောင့်လည်း ခေတ်စနစ်ကို တစုံတရာ ပြောင်းလဲစေနိုင်တဲ့ သဘောတွေလည်း ရှိပါတယ်။ တကယ်တော့ ကဗျာလင်္ကာပဲဖြစ်ဖြစ်၊ တခြား စကားပြေတွေမှာပဲဖြစ်ဖြစ်၊ တခြား အနုပညာတွေမှာပဲဖြစ်ဖြစ် အကြောင်းအရာတခုခု၊ အဖြစ်အပျက်တခုခုကို ဦးတည်ရေးသား ဖန်တီးကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စာပေအနုပညာတွေမှာ အကြောင်းအရာမျိုးစုံ ပါဝင်မှာဖြစ်ပါတယ်။ ဒီလိုပဲ ခေတ်ကို ထင်ဟပ်စေတဲ့ စာပေအနုပညာတွေကလည်း အများအပြား ပါဝင်နေမှာ

စာပေအနုပညာတွေမှာ သက်ဆိုင်ရာ ခေတ်ကာလတွေရဲ့ နိုင်ငံရေးအငွေ့အသက်တွေ ထင်ဟပ်စေနိုင်သလို စာပေအရေးအသားတွေကြောင့်လည်း ခေတ်စနစ်ကို တစုံတရာ ပြောင်းလဲစေနိုင်တဲ့ သဘောတွေလည်း ရှိပါတယ်။ တကယ်တော့ ကဗျာလင်္ကာပဲဖြစ်ဖြစ်၊ တခြား စကားပြေတွေမှာပဲဖြစ်ဖြစ်၊ တခြား အနုပညာတွေမှာပဲဖြစ်ဖြစ် အကြောင်းအရာတခုခု၊ အဖြစ်အပျက်တခုခုကို ဦးတည်ရေးသား ဖန်တီးကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စာပေအနုပညာတွေမှာ အကြောင်းအရာမျိုးစုံ ပါဝင်မှာဖြစ်ပါတယ်။ ဒီလိုပဲ ခေတ်ကို ထင်ဟပ်စေတဲ့ စာပေအနုပညာတွေကလည်း အများအပြား ပါဝင်နေမှာဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့ ရှေးစာဆိုတွေရဲ့ စာပေတွေကို လေ့လာတဲ့အခါ ခေတ်ကာလ အခြေအနေတွေကို ဖော်ပြတဲ့စာပေတွေ၊ သက်ဆိုင်ရာခေတ်ရဲ့ နိုင်ငံရေးကို ထင်ဟပ်စေတဲ့ စာပေတွေကို ကြည့်ပြီး အတိတ်ကာလ အနေအထားတွေကို မှန်းဆနိုင်သလို၊ လက်ရှိကာလတွေနဲ့လည်း ယှဉ်တွဲသုံးသပ်နိုင်ပါတယ်။ အခြေခံအားဖြင့် တချိန်က ရေးသားခဲ့တဲ့ စာပေတွေဟာ အတိတ်ကာလကိုပဲ ထင်ဟပ်စေလိမ့်မယ်လို့ ယူဆနိုင်ပေမယ့် တချို့သော စာပေတွေကတော့ ခေတ်တိုင်း အချိန်တိုင်း ခေတ်မီနေတာ အသုံးဝင်နေတာကို တွေ့နိုင်ပါတယ်။

ဥပမာအားဖြင့် ဆီးပန်းနီဆရာတော်ကြီး ရေးသားတဲ့ ‘သေသော်မှတည့် သြော် ကောင်း၏’ဆိုတဲ့ ပါတော်မူတမ်းချင်းထဲက လင်္ကာဆိုရင် ကိုယ့်တိုင်းပြည် တပါးကျွန်ဘဝ ရောက်ရတဲ့အတွက် အဲဒီဘဝထက်စာရင် သေရတာမှ ကောင်းသေးတယ်လို့ ရေရွတ်မြည်တမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုးဝါးတဲ့ ခေတ်အခြေအနေတွေ ကြုံရတိုင်း ကြုံရတိုင်း ပြန်လည် သတိရမိစရာ ဖြစ်နေပါတယ်။

ဒီထက် ရှေးကျတဲ့ ပုဂံခေတ်အတွင်း အနန္တသူရိယ အမတ်ရေးခဲ့တဲ့ ‘သူတည်းတစ်ယောက်’ အစချီ မျက်ဖြေလင်္ကာဆိုရင်လည်း တဦးတယောက် ကောင်းစားဖို့ တခြားသူက ပျက်စီးရတတ်တာ၊ လူ့ဘဝက တိုတောင်းလွန်းတဲ့အတွက် ရွှေထီးရွှေနန်းနဲ့ စံစားနေရတဲ့ ရှင်ဘုရင်ပင် ဖြစ်ပေမယ့် ရေမျက်နှာပြင်ပေါ် ခဏလေး တက်ပြီး ပျောက်သွားတဲ့ ရေပွက်ကလေးလို အချိန်တိုတိုလေးပါပဲ စသဖြင့် ဖြစ်တတ်တဲ့ သဘောတရားတွေ၊ တရားသဘောတွေကို ရေးဖွဲ့ခဲ့တာပါ။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ဝ ကျော်က ဒီကဗျာဟာ မကြာခဏဆိုသလို အများသူငါ ဥပမာပေး သုံးနှုန်းစရာ ဖြစ်နေတာ ဒီကနေ့အထိပါပဲ။

ဒီဥပမာတွေကို ကြည့်ရင် အနုပညာ စတင်ဖန်တီးခဲ့တဲ့ ခေတ်အခြေအနေ၊ ဖန်တီးဖို့ ကြုံကြိုက်တဲ့ အကြောင်းတွေက ဥပမာအဖြစ် ပြန်လည်သုံးစွဲတဲ့ ခေတ်ကာလနဲ့ တထပ်တည်း မရှိပါဘူး။ ဒါပေမယ့်လည်း မူရင်း အရေးအသား ရှင်းလင်းမှု၊ အဓိပ္ပာယ်ပြတ်သားမှုတွေကြောင့် နောက်ထပ်ပေးတဲ့ ဥပမာတွေနဲ့လည်း ကိုက်ညီနေတတ်ပါတယ်။

အခုတပတ်မှာတော့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ဥပမာပေးစရာ ကဗျာတိုကလေးတစ်ပုဒ် အကြောင်း တင်ဆက်ချင်ပါတယ်။ အဲဒီ ကဗျာကတော့ မန်လည်ဆရာတော်ကြီး ရေးသားခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။

မန်လည်ဆရာတော်ဆိုတာ ‘မဃဒေဝ လင်္ကာသစ်’ကို ရေးဖွဲ့တော်မူခဲ့တဲ့ ဆရာတော်ကြီးပါ။ ဆရာတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၀၃ ခုနှစ် (ခရစ်နှစ် ၁၈၄၂) နှောင်းတန်ခူးလဆန်း ၁၂ ရက်နေ့က မန်လည်မြို့မှာ ဖွားမြင်ခဲ့ပြီး ၁၂၈၂ ခုနှစ် (ခရစ်နှစ် ၁၉၂၀) ဝါဆိုလ သက်တော် ၇၉ နှစ်၊ ဝါတော် ၅၉ ဝါ မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီးဟာ ဘင်္ဂလီ၊ နာဂရီ၊ သီဟိုဠ်၊ မာဂဓီ စတဲ့ ဘာသန္တရကျမ်းတွေ၊ ဗေဒင်ကျမ်းတွေ၊ ကဗျာလင်္ကာတွေကို တတ်မြောက်သူဖြစ်ပြီး သာသနာရေးဆိုင်ရာ ကျမ်းပေါင်း ၂၀ ကျော်ကို ရေးသားပြုစုခဲ့ပါတယ်။ ဒီလိုပဲ မင်္ဂလာရတုပေါင်းချုပ် အပါအဝင် တေးကဗျာအမျိုးမျိုးကိုလည်း ရေးဖွဲ့ခဲ့ပါတယ်။

အခုတင်ပြမယ့် ဆရာတော်ကြီးရဲ့ ကဗျာကတော့ ‘ပတ္တမြားရွှေဂူ’ လို့ အမည်ပေးထားတဲ့ လေးဆစ်ကဗျာကလေး ဖြစ်ပါတယ်။ ဒီကဗျာက ၅၅၀ ဇာတ်တော် ၂၈၅ ဇာတ်မြောက်ဖြစ်တဲ့ မဏိသုကရဇာတ်ကို ယူပြီး ရေးဖွဲ့ထားတဲ့ ကဗျာဖြစ်ပြီး လက်ရှိ အခြေခံပညာအထက်တန်း နဝမတန်း မြန်မာစာ သင်ရိုးမှာ ပြဋ္ဌာန်းထားပါတယ်။
ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာ။
လမင်းကို ခွေးဟောင်လို့

ရွှေလရောင် ပြောင်မပျက်တယ်

ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ

ဝက်များက ငြူစူစွာ

ညွန်လူးကာ တိုက်နဲ။



ပွတ်လေလေ

ဂူရွှေမှာ အရောင်ထွက်တယ်

ရှေးကထက်ကဲ။ ။
ဒီကဗျာကို နားထောင်လိုက်တဲ့အခါ ထိန်ထိန်သာနေတဲ့ လမင်းကို မကျေမနပ် ဟောင်နေတဲ့ ခွေး၊ ပတ္တမြားဂူကြီး အရောင်တောက်နေတာကို ငြူစူတဲ့ ဝက်တွေကို စိတ်အာရုံထဲမှာ မြင်နိုင်သလို ခွေးဟောင်လို့ အရောင်မပျက်တဲ့ လမင်း၊ ဝက်တွေက ရွှံ့ညွန်တွေနဲ့ လူးပြီး အရောင်မွဲအောင် ပွတ်တိုက်ပေမယ့် တိုက်လေပြောင်လေ အရောင်ထွက်နေတဲ့ ပတ္တမြားဂူကြီးတို့ကိုလည်း ယှဉ်တွဲမှန်းဆနိုင်မှာဖြစ်ပါတယ်။

တကယ်တော့ ဒီကဗျာဟာ ဘာသာရေးကို အခြေခံပြီး ရေးထားတဲ့ ကဗျာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ယှဉ်တွဲပြီး တွေးကြည့်နိုင်ပါသေးတယ်။

အများသိကြတဲ့အတိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုရင် လက်ရှိ စစ်အာဏာပိုင်တွေက သာမန် အိမ်ရှင်မတစ်ယောက်လို သုံးနှုန်းဆက်ဆံပြီး တိုင်းပြည်အတွက် အရေးမပါသလို၊ ဘာအရည်အချင်းမှ မရှိသလို ဆက်ဆံတာ နဝတ ခေတ်ကနေ ဒီကနေ့အထိပါပဲ။ တဖက်က အဲဒီလို သုံးနှုန်းနေသလိုပဲ တခြားဘက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး ဒုက္ခပေးခဲ့တာ အသက်ကို ရန်ရှာခဲ့တဲ့အထိပါပဲ။ ဘယ်တော့မှလည်း အကောင်းမပြောပါဘူး။ ဒါပေမယ့်လည်း စစ်အာဏာပိုင်တွေက ဖိနှိပ်လေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါက ကြီးမားလေ၊ စစ်အစိုးရက အမနာပ စကားလုံးတွေနဲ့ မကောင်းပြောလေ ပြည်သူလူထုနဲ့ နိုင်ငံတကာက ပိုပြီး ကြည်ညိုလေးစားလေ၊ ပိုပြီး ကရုဏာသက်လေ ဖြစ်နေပါတယ်။ ရုပ်ရှင်ထဲမှာ တကယ်မဟုတ်ဘဲ သရုပ်ဆောင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေကိုတောင် ပရိသတ်က မကျေမနပ် မုန်းတီးတဲ့ စိတ်တွေ ဝင်တယ်ဆိုရင် အပြင်မှာ တကယ်ပဲ ကြမ်း၊ တကယ်ပဲ ရိုင်းတဲ့သူတွေကို ကြည့်နေတဲ့သူတွေက ဘယ်လောက်ကျေနပ်နိုင်မလဲ ဆိုတာကတော့ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ဘယ်လိုပဲတွေးတွေး ထိန်ထိန်သာနေတဲ့ လမင်းရဲ့ အရောင်က ခွေးဟောင်လို့ မကွယ်သွားနိုင်သလို၊ နွံနစ်တဲ့ ပတ္တမြားလိုပဲ ရွှံ့နွံတွေနဲ့သုတ်လိမ်းရုံနဲ့တော့ ပကတိ တောက်ပနေတဲ့ ပတ္တမြားရဲ့ အရောင်ကို ဘယ်တော့မှာ ပျောက်ကွယ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ။
(၁၈ ၊ ၅၊ ၂၀ဝ၉)

၂၀ဝ၉ ခုနှစ် မေလ ၂၂ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။