ကမ္ဘာ့ဆင်းရဲမှု ပြဿနာ ဝိုင်းဝန်းအဖြေရှာ
ယနေ့ကမ္ဘာတွင် လူ ၅ဦးအနက် တစ်ဦး၊ တစ်နည်းဆိုသော် လူဦးရေသန်းတစ်ထောင်သည် တစ်နေ့ တစ်ဒေါ်လာအောက်ဝင်ငွေဖြင့် ရပ်တည်ရှင်သန်နေကြရသည်ဟုဆိုသည်။ အချို့လေ့လာမှုများအရ ကမ္ဘာတွင် နေ့စဉ်လူ၈သန်းခန့်သည် ဆင်းရဲမွဲတေမှု (Poverty) အကျိုးဆက်ကြောင့် သေဆုံးနေကြရသည်ဟုလည်း သိရှိရသည်။ အပြန်အလှန်အမှီသဟဲပြုနေမှု တိုးပွားသည်ထက် တိုးပွားလာနေသောကမ္ဘာတွင် ဤဆင်းရဲမွဲတေမှုကြောင့် ပဋိပက္ခများ၊ ရာဇဝတ်မှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရောဂါဘယများကဲ့သို့သော အရာများသည် ဖြစ်ပေါ်နေရသည်ဟုလည်း သုံးသပ်မှု ပြုနေကြပါသည်။
ဤသို့ ဒုက္ခပေးလှသည့် ဆင်းရဲမွဲတေမှုသည် ယနေ့ကမ္ဘာသူကမ္ဘာသား မျိုးဆက်သစ်များအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် လက်ခံနေကြရပြီဖြစ်သည်။ သို့ဖြစ်၍ ဤဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကမကထပြု၍ အစီအစဉ်များချမှတ်ခဲ့ပြီး ခရစ်နှစ်၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့ဆင်းရဲမှု၏ ထက်ဝက်လျှော့ချနိုင်ရေးကို ထောင်စုနှစ်ရည်မှန်းချက် (Millennium Development Goal) အဖြစ် ချမှတ်အကောင်အထည်ဖော်နေပြီ ဖြစ်ပါသည်။ ဆင်းရဲမွဲတေမှုပြဿနာ၏အရင်းအမြစ်ကို စိစစ်ရှာဖွေလျက် အနာနှင့်ဆေးတည့်အောင်ပေးဆိုသကဲ့သို့ မှန်ကန်သောမူဝါဒနည်းလမ်းများ ချမှတ်ဖြေရှင်းနိုင်ဖို့ကိုလည်း စီးပွားရေးပညာရှင်များ၊ ဖွံဖြိုးမှုပညာရပ်ဆိုင်ရာသုတေသီများက ကြိုးပမ်းလျက်ရှိကြပါသည်။ ဆင်းရဲမှုကို မည်သူမျှမလိုလားကြပါ။ ဆင်းရဲခြင်းသည် အရည်အချင်းညံ့ဖျင်းကြ၍သာ ဖြစ်သည်ဟူ၍လည်း တစ်ဖက်သတ်အမြင်ဖြင့် ပြော၍မရနိုင်ပါ။
၁၈ရာစုအတွင်း ဥရောပအနောက်နိုင်ငံများသည် နည်းပညာ (Technology) တိုးတက်မှုနှင့် လွတ်လပ်စွာတီထွင်ကြံဆလိုမှု (Spirit of Freedom) ကြောင့် ချမ်းသာသောနိုင်ငံများ ဖြစ်လာကြသည်ဟု ပြောဆိုမှုများရှိသည်။ ချမ်းသာပြီးနိုင်ငံများက ချမ်းသာပြီးရင်း ချမ်းသာလာကြသော်လည်း ဆင်းရဲသောနိုင်ငံများမှာမူ ဆင်းရဲတွင်းမှရုန်းထွက်နိုင်အောင် ရုန်းရင်းကန်ရင်း ရှိနေကြရပေသည်။ ကမ္ဘာပေါ်တွင် ချမ်းသာပြီးနိုင်ငံများက ဆင်းရဲသောနိုင်ငံများအား လက်တွဲခေါ်ယူဆွဲတင်လိုစိတ်ရှိဖို့ လိုအပ်နေသေးသည်ဟုလည်း သုံးသပ်ပြောဆိုမှုများ ရှိပေသည်။ ဆင်းရဲသောဖွံဖြိုးဆဲနိုင်ငံများအတွက် ဈေးကွက်ဖွင့်ပေးခြင်း၊ ကန့်သန့်မှုအမျိုးမျိုးကို ဖယ်ရှားလျှော့ပေါ့ပေးခြင်း၊ နည်းပညာဝေမျှပေးခြင်း၊ အရင်းအနှီးများကို တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ရောက်အောင်ပို့ပေးခြင်း၊ ကြွေးမြီများကိုလျှော်ပစ်ခြင်း စသည့်နည်းလမ်းများဖြင့် ကူညီရန်လိုအပ်လျက်ရှိသည်ဟု ပညာရှင်များက မှတ်ချက်ပြုတင်ပြလျက်ရှိကြပါသည်။ ဆင်းရဲတွင်းမှ ရုန်းထွက်ရန်ကြိုးပမ်းနေကြသော ကမ္ဘာ့နိုင်ငံများကလည်း လက်တွေ့ကျသော လုပ်နည်းလုပ်ဟန်များဖြင့် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ မည်သို့ပင်ဆောင်ရွက်ကြပါစေ ကမ္ဘာတစ်ဝန်း ဆင်းရဲမှုပပျောက်၍ ဖွံ့ဖြိုးတိုးတက်နိုင်ကြပါစေဟု လှိုက်လှဲစွာဆန္ဒပြုပါသည်။