Tuesday, July 21, 2009

ရွှေဂတ်စ် စီမံကိန်း

ရွှေဂတ်စ် စီမံကိန်း
by newseditor — last modified 2008-12-10 11:06
သြဂုတ်လ ၂၀၀၀ ခုနှစ်တွင်၊ ဒေ၀ူး အင်တာ နေရှင်နယ်သည် မြန်မာ စစ်အစိုးရမှ လုံးလုံး လျားလျား ပိုင်ဆိုင်သည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (Myanmar Oil and Gas Enterprise - MOGE) နှင့် အတူတကွ ပူးတွဲ ထုတ်ယူခွင့် စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။
၂၀၀၄ ခုနှစ် အစောပိုင်းတွင်၊ အေ၀မ်း လုပ်ကွက် (A-1 block) ၌ “ကမ္ဘာ့အဆင့်အတန်းမီ စီးပွါးဖြစ်လုပ်ကိုင်နိုင်သော သဘာဝဓါတ်ငွေ့သိုက်” ကြီးကို တူးဖော်တွေ့ရှိကြောင်း ကြေညာခဲ့သည်။ တလအကြာ၌ ဒေ၀ူးသည် အေ၀မ်းအနီးရှိ အေသရီး လုပ်ကွက် (A-3 block) ကိုလည်း ရယူပိုင်ဆိုင်ခဲ့လေသည်။ ထိုအချိန်မှစ၍ လုပ်ကွက်များ အားလုံးသည် စီးပွါးဖြစ်လုပ်ကိုင်နိုင်လောက်အောင် သဘာဝဓါတ်ငွေ့ အလုံအလောက် သိုလှောင်ထားကြောင်း သိရှိခဲ့ရသည်။

အမေရိကန် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းတစ်ခု၏ ခန့်မှန်းတွက်ချက်မှုအရ သဘာဝ ဓါတ်ငွေ့တွင်းများမှ ၅.၄ မှ ၉.၁ ထရီလီယံ ကုဗပေ (trillion cubic feet - tfc) အထိ ထုတ်ယူ ရရှိနိုင်ကြောင်း သိရှိရပြီးနောက် ဒေ၀ူးအင်တာနေရှင်နယ်သည် ၄.၅ မှသည် ၇.၇ ထရီလီယံ ကုဗပေအထိ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထွက်ရှိမည့် ၉.၁ ထရီလီယံကုဗပေကို ဓါတ်ငွေ့တိုင်းတာသည့် ယူနစ် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၄.၄၁ နှုန်းဖြင့် ရောင်းချပါက စစ်အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၄၀.၁ ဘီလီယံအထိ ၀င်ငွေရရှိမည်ဖြစ်ကြောင်း ရွှေဂတ်စ်လှုပ်ရှားမှု အဖွဲ့မှ ခန့်မှန်းတွက်ချက်ပြခဲ့သည်။ အဆိုပါ ငွေကြေးပမာဏအပြင် မြန်မာစစ်အစိုးရသည် တနှစ်လျှင် ၁.၂ ဘီလီယံနှုန်းဖြင့် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကို အနှစ် ၂၀ ကန်ထရိုက် စာချုပ်အတွက်လည်း ထပ်လောင်း ရရှိဦးမည်ဖြစ်သည်။ စုစုပေါင်း အမျိုးသားဝင်ငွေ၏ ၄၀% ကို စစ်တပ် အသုံးစရိတ်တွင် အသုံးပြုနေသော မြန်မာစစ်ဗိုလ်ချုပ်များ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော မြန်မာပြည်သူလူထုကြီးအဖို့ အဖြေမှာ ရှင်းလင်းသေချာသော ပိုမိုဆိုးရွားမည့် ကံကြမ္မာဆိုးသာလျှင် ဖြစ်ပေသည်။

ရွှေသဘာဝဓါတ်ငွေ့တွင်းများတွင် ၀င်ရောက်လုပ်ကိုင်နေသော ကော်ပိုရေးရှင်းများ နှင့် ၎င်းတို့၏ ရင်းနှီး မြှုပ်နှံသည့် အစုရှယ်ယာ ပမာဏမှာ -

ကော်ပိုရေးရှင်းအမည်
အေ၀မ်း နှင့် အေသရီး လုပ်ကွက်

ဒေ၀ူးအင်တာနေရှင်နယ် (တောင်ကိုရီးယား)
၅၁%

အိန္ဒိယ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကော်ပိုရေးရှင်း (Oil and Natural Gas Corporation, ONGC Videsh, India)
၁၇.၅%

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (Myanman Oil and Gas Enterprise)
၁၅%

ကိုရီးယား သဘာဝဓါတ်ငွေ့ကော်ပိုရေးရှင်း (Korean Gas Corporation, KOGAS, South Korea)
၈.၅%

အိန္ဒိယ သဘာဝဓါတ်ငွေ့လီမီတက် (Gas Authority of India Limited, GAIL)
၈.၅%



ကော်ပိုရေးရှင်းများ ဖက်စပ်လုပ်ကိုင်နေသည့် မြန်မာ့ရေနံ နှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း (Myanmar Oil and Gas Enterprise) မှာ မြန်မာစစ်ဗိုလ်ချုပ်များမှ ၁၀၀% အပြည့်အ၀ ပိုင်ဆိုင် ချုပ်ကိုင်ထားသည့် လုပ်ငန်းဖြစ်သည်။ စစ်အာဏာရှင်အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် ရေနံ နှင့် သဘာဝဓါတ်ငွေ့ ကန်ထရိုက်လုပ်ငန်း နှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက်အလက်များမှာ အထူးလျှို့ဝှက်ထားသဖြင့် ရရှိရန် မလွယ်ကူပေ။

ဒေ၀ူးအင်တာနေရှင်သည် သဘာဝဓါတ်ငွေ့ ရှာဖွေ တူးဖော်ခွင့်လိုင်စင်ကို စစ်တပ်ပိုင် (MOGE) နှင့် အတူတကွ ပူးတွဲထုတ်ယူရန် ကန်ထရိုက်စာချုပ် (Production Sharing Contract) မှတဆင့် ၀ယ်ယူရရှိခဲ့ခြင်းဖြစ်သည်။ ဒေ၀ူးသည် မြန်မာ စစ်ဗိုလ်ချုပ်များအား အဆိုပါ PSC စာချုပ်အတွက် အခကြေးငွေအပြင်၊ ဆိုင်ရာ ဆိုင်ရာဗိုလ်ချုပ်များအားလည်း စားပွဲခုံအောက်မှတဆင့် လက်မှတ်ထိုး ဘောက်ဆူးငွေများကိုလည်း ပေးအပ်လှူဒန်း ခဲ့ရလိမ့် ဦးမည်ဖြစ်သည်။

တရုပ်အမျိုးသားရေနံကော်ပိုရေးရှင်းသည် (China National Petroleum Corporation – CNPC) သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှသည် တရုပ်ပြည် ကူမင်းမြို့အထိ ကီလိုမီတာ ၁၈၀၀ အရှည်ရှိ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန် နှင့် ဓါတ်ငွေ့ ၀ယ်ယူရန်အတွက် နားလည်မှု စာချွန်လွှာ (Memorandum Of Understanding) တရပ်ကို မြန်မာ စစ်အစိုးရ နှင့် ၂၀၀၈ ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့ပြန်သေးသည်။ အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းအရှည် ကီလိုမီတာ ၁၈၀၀ အရှည်တွင် ကီလိုမီတာ ၉၉၀ ခန့်သည် မြန်မာ့ကုန်းတွင်းပိုင်းမှတဆင့် ဖြတ်သန်းသွားမည်ဖြစ်သည်။ CNPC ၏ အထောက်အပံ့ကုမ္ပဏီခွဲဖြစ်သည့် ပက်ထရိုချိုင်းနား (Petro China) သည် တရုပ်ပြည် ယူနန်ခရိုင်အတွင်း၌ သဘာဝဓါတ်ငွေ့ဖြန့်ဖြူးရောင်းချခွင့်ကို ရရှိထားသူ ဖြစ်သည်။



အေ၀မ်း နှင့် အေသရီး လုပ်ကွက်တွင် ကန်ထရိုက် ရယူထားသော နိုင်ငံတကာ ကုမ္ပဏီများမှာ -

Serica Energy - Canada/Int.

Galaxy Driller ဓါတ်ငွေ့တူးစင်၏ ပိုင်ရှင်ဖြစ်သည်။ ၂၀၀၅ ခုနှစ်ကတည်းမှစတင်၍ အေ၀မ်း နှင့် အေသရီး လုပ်ကွက်တွင် ကန်ထရိုက်ယူလုပ်ကိုင်နေသော ဓါတ်ငွေ့တူးစင်ဖြစ်သည်။ Serica သည် လန်ဒန် နှင့် ကနေဒါနိုင်ငံ တိုရွန်တို စတော့ ရှယ်ယာဈေးကွက်တွင် တရားဝင် စာရင်းဝင်ထားသော ကုမ္ပဏီတစ်ခုဖြစ်သည်။

China Oilfield Services Ltd - China/Int.

အေသရီး လုပ်ကွက်ရှိ မြ ဓါတ်ငွေ့တွင်း၌ အခြေစိုက်လုပ်ကိုင်နေသော နန်ဟိုင် ၂ ဓါတ်ငွေ့တူးစင်၏ ပိုင်ရှင်ဖြစ်သည်။ ဒေ၀ူး၏ အဆိုအရ မူလ၌ အမေရိကန်ဒေါ်လာ ၆ သန်း တန်ဖိုးရှိ ရက်ပေါင်း ၆၀ ကန်ထရိုက် ဖြစ်သည်ဟုဆိုသည်။

Helicopters NZ - New Zealand

အကြီးတန်းအရာရှိများ နှင့် အင်ဂျင်နီယာများအား ရွှေ ဓါတ်ငွေ့တွင်းများ နှင့် ကမ်းခြေ ကုန်းတွင်းပိုင်း ရန်ကုန်၊ စစ်တွေ မြို့များအကြား သယ်ယူပို့ဆောင်ပေးရန်အတွက် ဒေ၀ူးအင်တာနေရှင်နယ် နှင့် ဖက်စပ်ပူးပေါင်းလုပ်ကိုင်နေသည့် ကုမ္ပဏီများမှ နယူးဇီလန်နိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ကန်ထရိုက်ယူ ငှါးရမ်းထားသော ဟယ်လီကော်ပတာဖြစ်ပြီး နယူးဇီလန် နိုင်ငံသား ယဉ်မောင်းနှစ်ဦးမှ တာဝန်ယူမောင်းနှင်ကာ စစ်တွေမြို့ရှိ ဟော်တယ်တခုတွင် နေထိုင်လျက်ရှိသည်။

Swire Pacific Offshore - Singapore/Hong Kong/Int.

“Pacific Rover” ဟု အမည်ပေးထားသည့် ကမ်းလွန် ထောက်ပို့ရေယဉ်ပိုင်ရှင်ဖြစ်သည်။ ဟောင်ကောင်ရှိ ကုမ္ပဏီ John Swire & Sons ၏ ကုမ္ပဏီခွဲဖြစ်သည်။

Viking Engineering - Singapore/Sweden

“Emma” အမည်ရှိ သုတေသနသင်္ဘောပိုင်ရှင်ဖြစ်ပြီး၊ ဒေ၀ူးမှ စက်တင်ဘာ ၂၀၀၆ ခုနှစ်မှ စတင်၍ အေ၀မ်းလုပ်ကွက်၌ အသုံးပြုရန်အတွက် ငှါးရမ်းထားခြင်းဖြစ်သည်။ စင်္ကာပူ လူမျိုးပိုင်ဖြစ်ပြီး၊ ဆွီဒင်လူမျိုးမှ စီမံအုပ်ချုပ်နေခြင်းဖြစ်သည်။

Suz Tractebel - Belgium

အိန္ဒိယ-မြန်မာ ဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းရန်အတွက် နည်းပညာ အတိုင်ပင်ခံအဖြစ် အိန္ဒိယ GAIL ကုမ္ပဏီမှ ငှါးရမ်းထားသော ပညာရှင်ဖြစ်သည်။

ရွှေသဘာဝဓါတ်ငွေ့တွင်း၌ လုပ်ကိုင်နေသော အခြားသော ကုမ္ပဏီများမှာ -

လက်ရှိ အသုံးပြုနေသော ဓါတ်ငွေ့တူးစင်များ




Galaxy Driller (ရခိုင် ကမ်းလွန်ဒေသ၌ လုပ်ကိုင်နေသည်။ ဒေ၀ူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ ငှါးရမ်းထားခြင်း ဖြစ်သည်။)




Nan Hai 2 (တရုပ်ပိုင် ရေနံတူးစင်ဖြစ်သည်။)
Search Site Advanced Search… English Version ဗွီဒီယို မှတ်တမ်းများ
မှတ်တမ်း မှတ်ရာများ ဓါတ်ပုံ သတင်းများ
ထိခိုက်ခံရသော နေရာများ ရုပ်ပြောင် ကာတွန်း
ဟန်လေး၏ နိုင်ငံရေး ရုပ်ပြောင်များ ..

--------------------------------------------------------------------------------