Tuesday, July 21, 2009

ရခိုင်ပြည်ကထွက်သောဂတ်(စ်) ရခိုင်ပြည်သူများအတွက်မဟုတ်ပါ

ရခိုင်ပြည်ကထွက်သောဂတ်(စ်) ရခိုင်ပြည်သူများအတွက်မဟုတ်ပါ
by newseditor — last modified 2009-05-03 11:17
ကျွန်တော်တို့ ရခိုင်ပြည်မှ အရှေ့တောင်အာရှတွင် အကြီးမားဆုံးသော ဓါတ်ငွေ့သိုက်ကြီး များ ရှာဖွေ တွေ့ရှိထားသည်ကို ရခိုင်ပြည်သူများ အနေဖြင့် တစုံတရာ အတိုင်းအတာထိ သိရှိထား လိမ့်မည်ဟု ယုံကြည် ပါသည်။
သို့သော်လည်း ဓါတ်ငွေ့သိုက်၏ ပမာဏ အရွယ်အစား၊ ထွက်ရှိမည့် ကုဗပေ ပမာဏ၊ တွေ့ရှိထားသည့်နေရာ၊ ပါဝင်ပတ်သက်သည့် ကုမ္ပဏီများနှင့် နိုင်ငံများ၊ ရရှိမည့် အကျိုးအမြတ်၊ ဗမာ စစ်အစိုးရမှ ဂတ်(စ်)ကို နိုင်ငံခြားသို့ ရောင်းစားထားသဖြင့် တနှစ်တနှစ် ရရှိမည့် ဝင်ငွေပမာဏ စသည်တို့အား နအဖ စစ်အစိုးရမှ သတင်း အမှောင်ချထားသဖြင့် ရခိုင် ပြည်သူအများစု အနေဖြင့် သိရှိ နိုင်မှ သိရှိနိုင် ကြလိမ့်မည်။

ရခိုင် ပြည်သူ ပြည်သားများ အနေဖြင့် မိမိတို့တိုင်းပြည်၌ တည်ရှိနေသော အဖိုးတန် သဘာဝ သယံဇာတများ အကြောင်းကို မိမိတို့ကိုယ်တိုင် မသိရှိလျှင် မိမိတို့ တိုင်းပြည်မှ ထွက်သော ပစ္စည်းများကို မသိရှိလျှင် အခြားသူများက လက်ညှိုးထိုးပြီး တိုင်းတပါးသို့ ရောင်းစားထားသည်ကို တစုံတရာ မသိဘဲ မိမိတို့  အနေဖြင့် အမှုမဲ့ အမှတ်မဲ့ နေခဲ့လျှင် ကျွန်တော်တို့လောက် နုံချာသူ၊ အထိုင်းသူ ဤကမ္ဘာပေါ်၌ ရှိတော့မည် မထင်ပါ။ သို့အတွက်ကြောင့် မိမိတို့ တိုင်းပြည်အကြောင်း၊ မိမိတို့ တိုင်းပြည်မှ ထွက်ရှိမည့် သဘာဝ သယံဇာတများ အကြောင်းကို ရခိုင်သူ၊ ရခိုင်သားတိုင်း မသိမဖြစ် သိရှိ ထားရမည် ဖြစ်ပါသည်။ သို့မှသာ မိမိတို့ ပိုင်ပစ္စည်းများကို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်နိုင် ကြမှာဖြစ်ပြီး၊ မိမိတို့ တိုင်းပြည်၏ အဖိုး မဖြတ်နိုင်သော တန်ဖိုးကို နားလည် သဘောပေါက်နိုင် ကြမည် ဖြစ်သည်။

၎င်းအပြင် ကျွန်တော်တို့ အနေဖြင့် တိုင်းပြည်ပိုင် ပစ္စည်းများကို မိမိတို့ မိဘများမှ အမွေပေး ထားခဲ့သော အမွေအနှစ် များအဖြစ် သဘောပိုက် ခံယူထားကြရန် လိုအပ်သေးသည်။ မိဘများက ပေးထားခဲ့သော အမွေအနှစ် အပေါ် အများစု ယူဆသည်မှာ မိမိလက်ရှိ မိဘများမှ ပေးထားခဲ့သော မျက်မြင်ပစ္စည်းများ ဖြစ်ကြသည့် ရွှေ၊ ငွေ၊ အိမ်၊ လယ်မြေ စသည့်ပစ္စည်းများကိုသာ မိဘ အမွေအနှစ် အဖြစ် ယူဆကြသည်။

တိုင်းပြည်နှင့် မြေပေါ် မြေအောက် သဘာဝ သယံဇာတ ပစ္စည်းများကိုကား မိမိတို့၏ အမိအဖ အမွေအနှစ်များ ကဲ့သို့ မြင်သူရှားလှသည်။ သို့အတွက်ကြောင့် မိမိတို့ပိုင် အိုးအိမ်၊ ရွှေ၊ ငွေ၊ ရတနာများကို တစုံတဦး ထိပါးလာပါက အသက်ပေး၍ ကာကွယ် စောင့်ရှောက် ကြပြီး၊ တိုင်းပြည်၏ သဘာဝ သယံဇာတ ပစ္စည်းများအပေါ် ထိပါးလာပါမူ အသက်ပေး၍ ကာကွယ် စောင့်ရှောက်သူ ရှားပါး လှသည်။ အမှန်အားဖြင့် တိုင်းပြည် နှင့် သဘာဝ သယံဇာတ ဆိုသည်မှာ တဦးပိုင်၊ တယောက်ပိုင် စည်းစိမ်ပစ္စည်း ဥစ္စာများထက် တန်ဖိုး ရှိသည်ကို နားလည် သဘောပေါက် ကြရန် လိုပါသည်။

ဥပမာအားဖြင့် ရခိုင်အမျိုးသားတဦးသည် သန်းပေါင်းများစွာ ချမ်းသာသော်လည်း ရခိုင်တမျိုးသားလုံး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးနိုင်မည် မဟုတ်ပေ။ သို့သော်လည်း တိုင်းပြည်၏ အရင်းအမြစ် သဘာဝ သယံဇာတ များကမူ လူမျိုးတမျိုး ဖွံ့ဖြိုး တိုးတက်မှုအတွက် အကြီးအကျယ် အထောက်အကူ ပြုပေး နိုင်သည်။ လက်တွေ့အားဖြင့် ဆိုဒီအာရေးဗီးယားနိုင်ငံတို့ကို ဥပမာထား ကြည့်ရှု နိုင်သည်။

ဆိုဒီအာရေးဗီးယားနိုင်ငံသည် ရေနံတွင်း မတွေ့ရှိမီက ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးသော သဲကန္တာရ နိုင်ငံတခု ဖြစ်ခဲ့သည်။ ရေနံတွင်းများ ရှာဖွေ တွေ့သည့်နောက်ပိုင်း ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် နိုင်ငံ ဖြစ်လာ ခဲ့သည်။ သို့အတွက် တိုင်းပြည် တပြည်၏ သဘာဝသယံဇာတ ပစ္စည်း အရင်းအမြစ်များသည် လူမျိုး တမျိုး၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်ကို အထူး ပြောစရာ လိုတော့မည် မဟုတ်ပါ။

ယနေ့ ရခိုင်ပြည်မှ ထွက်ရှိသော ဂတ်(စ်)ပမာဏသည် နည်းနည်း နှောနှော မဟုတ်သည်ကို ရခိုင်သားတိုင်း သတိပြုမိကြပြီး ဖြစ်ပါသည်။ မြန်မာ နအဖ စစ်အစိုးရမှ တောင်ကိုးရီးယား ဒေဝူးကုမ္ပဏီ နှင့် ပူးပေါင်း၍ ရခိုင်ပြည်မှ ဂတ်(စ်)ကို အိန္ဒိယ နိုင်ငံကို ရောင်းစားထားသည်။ တနှစ်ကို အမေရိကန် ဒေါ်လာ သန်းပေါင်း (၄)ထောင်ခန့် ရရှိမည် ဖြစ်သည်။ ထိုငွေပမာဏသည် ရခိုင်ပြည်ကို ထိုင်းနိုင်ငံကဲ့သို့ တနှစ်အတွင်း တည်ဆောက်နိုင်သော ငွေကြေးပမာဏ ဖြစ်သည်။ နှစ်ပေါင်း (၂ဝ) နှစ်တိတိ မြန်မာ စစ်အစိုးရမှ နိုင်ငံခြားသို့ ရောင်းစားသွား မည်ဖြစ်သည်။ ရခိုင်ပြည်က ဂတ်(စ်)ကြောင့် နအဖ စစ်အစိုးရ အနေဖြင့် မည်မျှထိ ငွေကြေး ပမာဏ ရရှိမည်ကို တွက်ချက် ကြည့်နိုင်ပါသည်။

ကျွန်တော်တို့  နှင့် အိမ်နီိးချင်း နိုင်ငံတခုဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်ပင်လျှင် သူ့ နိုင်ငံကို ဖြတ်ပြီး ဖောက်လုပ်မည့် ဂတ်(စ်) ပိုက်လိုင်းသွယ်တန်းခအတွက် တနှစ်ကို အမေရိကန် ဒေါ်လာသန်းပေါင်း တစ်ရာကျော် ရရှိမည် ဖြစ်သည်။ ၎င်းအပြင် ပိုက်လိုင်း ထိန်းသိမ်း ပြင်ဆင်ခအတွက် တနှစ်ကို ဒေါ်လာ သန်းပေါင်း (၂၄)သန်းနှင့်၊ ပိုက်လိုင်းစတင် တည်ဆောက်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အမေရိကန် ဒေါ်လာသန်းပေါင်း (၃၅ဝ) နှင့် (၆ဝဝ) ကြား ရရှိမည်။

ဤနေရာ၌ အခန်းသင့်၍ ဂတ်(စ်) ပိုက် လိုင်းလမ်းကြောင်းကို အနည်းအကျဉ်းစကားချပ် အနေဖြင့် တင်ပြလိုပါသည်။ ရခိုင်ပြည် စစ်တွေအနီး ပတ်ဝန်းကျင်မှ စတင်ဖေါက်လုပ်မည့် ပိုက်လိုင်းသည် အိန္ဒိယနိုင်ငံ ကာလကတ္တားထိ ကီလိုမီတာပေါင်း (၈၉၇) ရှည်လျားမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပိုင်း၌ ကီလိုမီတာ(၂၈၉) ရှည်လျားမည် ဖြစ်သည်။ ပထမဆုံး အနေဖြင့် ကုလားတန် မြစ်ကမ်းဘေး တလျှောက် သွယ်တန်းပြီး၊ အိန္ဒိယနိုင်ငံ မီဇိုရမ်၊ တြိပူရ ပြည်နယ်များကို ဖြတ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တဖန် ဖြတ်သန်းကာ ထိုမှတဆင့် အိန္ဒိယနိုင်ငံ အရှေ့ဘင်္ဂလား ပြည်နယ်အတွင်းသို့ သွယ်တန်း ဖောက်လုပ်မည် ဖြစ်သည်။

တခြား လျာထားသော လမ်းတလမ်းမှာ မေယုတောင်ခြေရင်းမှတဆင့် ပိုက်လိုင်းကို မောင်တောထိ ဖေါက်ယူလာပြီး ထိုမှတဆင့် တက္ကနာ (ကယုချေင်း) ကိုဖြတ်ပြီး ဖေးနီမြို့ထိ ဖေါက်ယူလာကာ ၎င်းမှတဆင့် အိန္ဒိယနိုင်ငံကို သွယ်တန်းမည့်လမ်းဖြစ်သည်။

မည့်သည့်လမ်းကြောင်းကိုပင်သုံးသုံး ရခိုင်ပြည်က ဂတ်(စ်)ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအဖို့ အမေရိကန် ဒေါ်လာ သန်း တရာကျော် နှစ်စဉ် ရရှိမည် ဖြစ်သည်။

တခြား မြန်မာစစ်အစိုးရနှင့် ဖက်စပ် စာချုပ် ချုပ်ဆိုထားသော ရှယ်ယာ (၆ဝ) ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားသည့် ကိုးရီးယားကုမ္ပဏီ ဒေဝူးအနေဖြင့် မည်မျှထိ အမြတ် ရရှိမည်ကို ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေး သော်လည်း နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၃ဝဝ) ထက် လျော့ကျ၍ ရရှိမည်မဟုတ်ပေ။

တခြား အစုရှယ်ယာ (၂ဝ) ရာခိုင်နှုန်းကိုပိုင်သော ဂဲလ် (GAIL)၊ အိုအန်ဂျီစီ ဗွီဒက်(ခ်ျ) (ONCG Videsh) ကုမ္ပဏီတို့ အနေဖြင့် မည့်မျှထိ အကျိုးအမြတ် ရရှိမည်ကို အထက်ဖေါ်ပြပါ ငွေကြေး ဂဏန်းများကို တွက်ချက်ခြင်း အားဖြင့် ခန်းမှန်းနိုင်သည်။

ရခိုင်ပြည်မှ ဂတ်(စ်)ကို ကိုယ်တိုင်ဝယ်ယူသော အိန္ဒိယနိုင်ငံ၏ ရရှိမည့် အကျိုးအမြတ် ပမာဏအား မနှိုင်း လောက်အောင် အလွန်များပြားလှပါသည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်ပြည်မှရရှိထားသော ဓါတ်ငွေ့ ပမာဏသည် အလွန် များပြားနေ၍ ဖြစ်ပါသည်။ စစ်တွေမြို့အနီး၌ အေဝမ်း သဘာဝ ဓါတ်ငွေ့သိုက်မှ ထွက်ရှိမည့် ဓါတ်ငွေ့ ပမာဏ တခုတည်းပင်လျှင် ကုဗပေ ကုဋေ (၁၄) သိန်းမှ သိန်း (၂ဝ) ထိ ရှိသည်။ ရခိုင်ပြည် ကမ်းလွန်ပင်လယ်ပြင်မှ အလားတူ ဓါတ်ငွေ့သိုက် (၆) ခုကို တူးဖေါ် သွားမည် ဖြစ်သည်။ ရခိုင်ပြည်က ဂတ်(စ်) ကြောင့် မည်သူတို့ အကျိုးမည်မျှ ရှိမည်ကို တစုံတရာ ခန့်မှန်း တွက်ချက် နိုင်ကြပြီ ဖြစ်ပါသည်။

သို့သော်လည်း ဂတ်(စ်)၏ မူလပိုင်ရှင်များ ဖြစ်ကြသော ရခိုင် အမျိုးသားများ အနေဖြင့် မည်ကဲ့သို့ အမြတ်အစွန်းများ ရခိုင် ဂတ်(စ်)က ရရှိနိုင်ကြ ပါမည်နည်း၊၊ ကျွန်တော်နှင့် ရင်းနှီးသော နိုင်ငံခြားသားတဦးမှ နောက်ပြောင်၍ ပြောဖူးပါသည်။ ရခိုင်ပြည်သားများသည် အခွင့်အရေးများ ရရှိ နိုင်သည်။ ထိုအခွင့်အရေး များမှာကား ဆေးရုံ ကလေးတရုံ၊ ကျောင်းကလေး တဆောင်နှင့် လမ်းကလေး တလမ်း တို့ဖြစ်သည်။ သူဆိုလိုသည်မှာ နိုင်ငံခြားသားနှင့် ဗမာစစ်အစိုးရတို့ အနေဖြင့် ရခိုင်ပြည်မှ ဂတ်(စ်) အဆီအခဲများကို တဝတပြဲ စားနေချိန်၌ ရခိုင် အမျိုးသားများမှာ အရိုးအရင်း ကိုက်ရမည့် သဘောကို ပြောခြင်းဖြစ်သည်။

ရခိုင်စကားပုံ တခုနှင့် ခိုင်းနှိုင်း တင်ပြရလျင် “ နပျိုးသီးရှင် အခွံစား၊ လောင်းပိုင်ရှင် တောင်ကြောင်းလား” သဘော ဖြစ်သည်။

၎င်းအပြင် ရခိုင်ပြည်သူပြည်သားများ အနေဖြင့် ဂတ်(စ်) ကြောင့် အကျိုး မရှိသည့် အပြင် ပေးဆပ်ရမည့် တန်ဖိုးများကိုလည်း နားလည်ထားကြရန် လိုပါသေးသည်။ ဂတ်(စ်) ပိုက်လိုင်းဖေါက်လုပ်ရာ လမ်းတလျှေက် အိမ်ရာများကို အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ဂတ်(စ်)ပိုက်လိုင်း တလျှောက် လုံခြုံရေးအတွက် စစ်တန်းလျားများ တည်ဆောက် လာမည် ဖြစ်သဖြင့် စစ်သားများ၏ နိုင်ထက်စီးနင်း ပြုမှုများနှင့် ရခိုင်အမျိုးသမီး များအပေါ် ဗလက်ကာရ ပြုကျင့်မှုများ၊ ဂတ်(စ်) ပိုက်လိုင်း လမ်းတလျှောက် လယ်မြေများကို အာဏာပိုင်များမှ သိမ်းပိုက်မှုများ၊ တောတောင် သစ်ပင်များကို လမ်းတလျှောက် ခုတ်ထွင် ရှင်းလင်းမှု တို့ကြောင့် သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးမှုများစသည် စသည်တို့ကို ရခိုင်အမျိုးသားများ အနေဖြင့် မလွဲမသွေ ပေးဆပ်ကြရမည် ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် ရခိုင်ပြည်မှ ဂတ်(စ်) ကို နအဖစစ်အစိုးရမှ နိုင်ငံခြားသို့ ရောင်းစားထားသဖြင့် ရခိုင်အမျိုးသားများအတွက် ရရှိလာမည့် အကျိုးအမြတ်သည် (ဇီးရိုး) သုည သာဖြစ်သည်။

သို့ဆိုလျှင် ရခိုင် အမျိုးသားများ အနေဖြင့် အဆိုပါ ဂတ်(စ်)ကိစ္စကို မည်ကဲ့သို့ ဆေင်ရွက်ပါမည်နည်း။ “သင်၏ အိမ်အား တစုံတယောက်သော သူက ငါပိုင်၏ ငါပိုင်၏ ဟု ဆိုကာကျူးကျော်သိမ်း ပိုက်လာလျှင် သင် မည်ကဲ့သို့ တွန်းလှန် ဖြေရှင်း ပါမည်နည်း။ သင်၏မိသားစုမှ ချန်ထား ရစ်ခဲ့သော အိုးအိမ် လယ်ယာ အမွေပိုင် ပစ္စည်းများအား တစုံတဦးသောသူက ငါသာပိုင်ဆိုင်သည်ဟု မဟုတ် မတရား ကျူးကျော် သိမ်းပိုက်လာလျှင် သင်မည်ကဲ့သို့ ရင်ဆိုင် ဖြေရှင်း ပါမည်နည်း။ သင်၏ သားမယား

နှင့် မိသားစုအပေါ် တစိမ်းတရံတဦးက ကျူးကျော် စော်ကား လာသောအခါ သင့်အနေဖြင့် မည်ကဲ့သို့သော နည်းလမ်းများကို သုံး၍ ဖြေရှင်းပါမည်နည်း။ ထိုဖြေရှင်းမှုများကဲ့သို့ ရခိုင်ပြည်မှဂတ်(စ်) ကို ရခိုင်ပြည်သူတို့၏ သဘောထား မပါဘဲ နအဖအုပ်စုမှ နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းစားထားခြင်းကို ရခိုင်အမျိုးသားများ အနေဖြင့် ဖြေရှင်းနိုင်ကြမည်ဆိုလျှင်……’’ ။ ။



ဘုန်းစည်သူ