Tuesday, July 21, 2009

ရွှေသဘာဝဓါတ်ငွေ့၏ ပထ၀ီနိုင်ငံရေး

ရွှေသဘာဝဓါတ်ငွေ့၏ ပထ၀ီနိုင်ငံရေး
by admin — last modified 2008-12-14 18:01
သဘာဝ ဓါတ်ငွေ့၏ ပထ၀ီနိုင်ငံရေး - ရခိုင်ဒေသ တိုက်ပွဲ။ မြန်မာ ပြည်သူလူထုသည် ကမ္ဘာ့အရှည်လျားဆုံး ပြည်တွင်း စစ်ပွဲနှင့် ကမ္ဘာ့ အဆိုးရွားဆုံးသော စစ်အာဏာရှင် စံနစ်များထဲမှ တခုဖြစ်သည့် မြန်မာ စစ်ဗိုလ်ချုပ်များ၏ ဒဏ်ကို အလူးအလဲ ခံနေကြရသည်။

အရှေ့တောင် အာရှ တိုင်းပြည်တခု၏ ဆိုးဝါး ညံ့ဖျင်းလှသော လူ့အခွင့်အရေး မှတ်တမ်းများအပေါ် နိုင်ငံတကာမှ ကျယ်ကျယ် လောင်လောင် ပြစ်တင်ဝေဖန် ရှုံ့ချနေမှုများ အကြားမှပင် တိုင်းပြည်၏ ဒီမိုကရေစီ ခေါင်းဆောင်လည်းဖြစ် နိုင်ငံတကာနှင့် မြန်မာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိထားသည့် ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်အား နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထိန်းသိမ်းထားမှုများသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်များ အပါအ၀င် နိုင်ငံတကာ၏ မိသားစုများ၏ အစဉ်တစိုက် အရေးယူ ပြစ်ဒါဏ်ခတ်မှုများကို တိုးပွါးစေခဲ့သည်။ အရေးယူ ပြစ်ဒဏ် ခတ်မှုများတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာ့ အရေးသည် နိုင်ငံတကာ၏ လုံခြုံရေးကို ခြိမ်းခြောက် နေသည် ဟုဆိုကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထိ ရောက်ရှိခဲ့ခြင်းနှင့်၊ ဥရောပနိုင်ငံများသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့၏ စီးပွါးရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတို့ပါ ပါဝင်ခဲ့သည်။ ဒေသအတွင်း ၌လည်း အာဆီယံ ခေါ် အရှေ့တောင် အာရှ နိုင်ငံများအသင်းမှ ၎င်းတို့၏ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာ နအဖ စစ်အစိုးရ အပေါ် ပြစ်တင် ဝေဖန်မှုများ စတင်ပြုလုပ် လာနေရပြီ ဖြစ်သည်။ သို့ပင် ဆိုသော်ငြား၊ မြန်မာ စစ်အုပ်စုတွင် အဆိုပါ ဖိအား ပေးမှုများကို အာခံ ဆန့်ကျင်ရန်အတွက် အရေးပါသော အားကိုး အားထား နှစ်ခု ရှိခဲ့လေသည်။ ယင်းတို့မှာ မြန်မာနိုင်ငံ၏ ပေါများ ကြွယ်ဝလှသော သယံဇာတ ရင်းမြစ်များ ပိုင်ဆိုင်နေခြင်း နှင့် မဟာဗျူဟာအရ အရေးပါသည့် နိုင်ငံ၏ ပထ၀ီဝင် အနေအထား တည်ရှိမှုတို့ပင်ဖြစ်သည်။

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်ဒေသတွင် မြန်မာဘာသာ စကားဖြင့် ‘ရွှေ’ ဟု အမည် ပေးထားသော လက်တလော ရှာဖွေ တွေ့ရှိခဲ့သည့် ပင်လယ် ရေအောက်ရှိ သဘာဝဓါတ်ငွေ့ ကြောကြီး သည် တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားသည့် စစ်အစိုးရအတွက် ယင်း၏ အရေးပါမှုကို ဖော်ပြနေခဲ့သည်။ ဈေးကွက် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ တန်ဖိုးရှိမည့် သဘာဝဓါတ်ငွေ့ ရတနာသိုက်ကြီးသည် နအဖ စစ်အုပ်စုအတွက် ယနေ့ကာလအထိ အကြီးမားဆုံးသော တလုံးတခဲတည်း ရရှိမည့် ၀င်ငွေတွင်းကြီးပင် ဖြစ်သည်။

စစ်အုပ်စုသည် ၎င်းတို့လိုအပ်နေသော နိုင်ငံရေး ထောက်ခံမှု နှင့် နိုင်ငံခြား ငွေကြေးအတွက် တိုင်းပြည်၏ သဘာဝ သယံဇာတ အစိတ်အပိုင်းများကို အိမ်နီးချင်း နိုင်ငံများအား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ မှတဆင့် ဖဲ့ခြွေ ရောင်းချခြင်းဖြင့် “သယံဇာတ ရင်းမြစ် သံခင်းတမန်ခင်း”၌ ကျွမ်းကျင် လိမ္မာလာခဲ့သည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ အကြားတွင် တည်ရှိသည့် မြန်မာနိုင်ငံသည် အဆိုပါ အိမ်နီးချင်းနိုင်ငံများ၏ သယံဇာတ ရင်းမြစ် ရရှိရေး ပြိုင်ပွဲ၌ ဟိုဖက် ဒီဖက် ခွကစားကာ ဈေးကိုင် အမြတ်ထုတ်နေနိုင်ခဲ့သည်။


မြန်မာနိုင်ငံသည် ပထ၀ီဝင်ဒေသအရ ကျယ်ဝန်းပြီး လောင်စာစွမ်းအင် အရေးတကြီး လိုအပ်နေသော အင်အားကြီး နိုင်ငံ နှစ်နိုင်ငံ အကြားတွင် တည်ရှိနေသည်။ ယခုအခါ အာရှတိုက်တွင် အကြီးမား ဆုံးသော သဘာဝ ဓါတ်ငွေ့သိုက်ကြီးကို ပိုင်ဆိုင်သွားသောအခါ ထိုသဘာဝရင်းမြစ် အားကိုးဖြင့် အဆိုပါ အင်အားကြီး နှစ်နိုင်ငံ အကြား ကျွမ်းကျင်စွာ သံတမန် ခင်ကျင်းထားနိုင်ခဲ့သည်။ အိန္ဒိယ သည် ၎င်း၏ လိုအပ်နေသော ရေနံစိမ်း ၇၀ ရာနှုန်း နှင့် တရုတ် သည် ၎င်း၏ လိုအပ်နေသော ရေနံစိမ်း ၄၀ ရာနှုန်းတို့ကို ပြည်ပမှ မှာယူ တင်သွင်းမှုအပေါ် မှီခိုနေရပြီး၊ နှစ်နိုင်ငံစလုံးသည် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့အတွက် ကမ္ဘာ့နိုင်ငံများနှင့် အပြိုင်အဆိုင် လိုက်လံ ရှာဖွေနေကြရသူများ ဖြစ်သည်။ မကြာခဏဆိုသလို တရုတ်သည် အိန္ဒိယ၏ ထိပ်တွင် ရှိနေခဲ့သည်။ ကာဇာခစ်စတန်၊ အီကွေဒိုး နှင် အန်ဂိုလာ အပြင် ယခု နောက်ဆုံး နိုက်ဂျီးရီးယား၌ အိန္ဒိယ ရေနံ နှင့် သဘာဝဓါတ်ငွေ့ ကော်ပိုရေးရှင်း (အိုအင်န်ဂျီစီ) သည် တရုတ် ကုမ္ပဏီများနှင့် ရေနံရရှိရေး ယှဉ်ပြိုင်ရာ၌ ရှုံးနိမ့်နေခဲ့သည်။ ‘ရွှေ’ သဘာဝ ဓါတ်ငွေ့သိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်းသည် တိုင်းပြည်ကြီး နှစ်ခုအကြားရှိ မြန်မာနိုင်ငံအား နောက်ထပ် သူ့ထက်ငါ အပြေးအလွှား အလုအယက် အပြိုင်အဆိုင် တိုးဝှေ့စရာ နေရာတခု ဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံ အတွက်မူ မြန်မာနိုင်ငံသည် ၎င်းတို့ လိုအပ်နေသော သဘာဝ ဓါတ်ငွေ့ ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတခု အဖြစ် သာမက၊ လက်ရှိတင်သွင်းနေသော ရေနံသယ်ယူရာ ပိုမို ကောင်းမွန် စိတ်ချ ရသည့် နောက်ထပ် လမ်းကြောင်းတခုလည်း ဖြစ်စေလိမ့်မည် ဖြစ်သည်။ တရုတ်ပြည်သို့ တင်သွင်းနေသော ရေနံ၏ ၈၀% ကျော်သည် မလ္လကား ရေလက်ကြားကို ဖြတ်သန်း၍ လာရသည်။ မလ္လကား ရေလက်ကြားသည် ကမ္ဘာပေါ်တွင် အရေးကြီးသော သဘောင်္များ သွားလာရန် ပင်လယ် ရေလက်ကြားများ အနက် တခု အပါအ၀င် ဖြစ်သည်။ သို့သော် ပင်လယ် ဓါးပြများ၏ ခြိမ်းခြောက်မှု အန္တရာယ်နှင့် နိုင်ငံတကာ ရေကြောင်းလမ်း အငြင်းပွါးမှု ပြဿနာများ နှင့် ရင်ဆိုင်နေရသည်။ အစီရင်ခံစာများအရ တရုတ်နိုင်ငံသည် ပင်လယ်ဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ရခိုင်ပြည်နယ်၏ ဒုတိယ အကြီးဆုံး ဆိပ်ကမ်းဖြစ်သည့် ကျောက်ဖြူ ဆိပ်ကမ်းမှနေ၍ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်း သွယ်တန်းရန် စိတ်ဝင်စား နေလေသည်။ ထိုအခါ ကျောက်ဖြူ ဆိပ်ကမ်း သည် အရှေ့ အလယ်ပိုင်းဒေသမှ ရေနံများကို တရုတ်ပြည် ကုန်းတွင်းခရိုင်များသို့ တဆင့်ခံ လွှဲပြောင်းသယ်ယူရာ နေရာအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် တရုတ် သင်္ဘောများ၏ ရေလက်ကြားအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်မည့် အခွင့်အလမ်းကောင်း တခုကိုပါ ရရှိစေမည် ဖြစ်သည်။ ထို့အပြင် ပိုက်လိုင်းသည် မြန်မာနိုင်ငံမှ ထုတ်ယူမည့် ရေနံ (သို့မဟုတ်) သဘာဝဓါတ်ငွေ့ကိုလည်း သယ်ယူ နိုင်လိမ့်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည်လည်း နောက်ထပ် လောင်စာ စွမ်းအင်ရရှိမည့် နေရာရင်းမြစ် တခုကို ရှာဖွေ နေရသူ ဖြစ်သည်။ အီရန် နိုင်ငံနှင့် ဆက်ဆံ၍ ပါကစ္စတန်မှတဆင့် သွယ်တန်းယူမည့် ဓါတ်ငွေ့ ပိုက်လိုင်းသည် အောင်မြင်ရန်အတွက် သံတမန်ရေးရော အခက်အခဲ များစွာ ရှိနေ လေသည်။ လောလောဆယ် မြန်မာ စစ်အစိုးရနှင့် ပူးပေါင်း လုပ်ကိုင်ခြင်းသည် အိန္ဒိယအတွက် လိုအပ်နေသည့် လောင်စာ ဓါတ်ငွေ့အတွက်သာမက သာလွန် ကောင်းမွန်သည့် အခွင့်အလမ်း များစွာ ရှိနေလေသည်။ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း မှတဆင့် ပိုမိုကျယ်ပြန့်သည့် အရှေ့တောင်အာရှ နိုင်ငံများသို့ ဆက်သွယ်သည့် လမ်းကြောင်းသည် အိန္ဒိယ၏ ‘အရှေ့မျှော် မူဝါဒ (Look East Policy)’ အတွက် မြန်မာနိုင်ငံသည် တံခါးပေါက် ဖြစ်နေသည်။ မြန်မာစစ်တပ်၏ အကူအညီကို ယူ၍ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသရှိ ခွဲထွက်သူပုန်မျာူးကို နှိမ်နင်းရာတွင်လည်း ပိုမိုလွယ်ကူ အဆင်ပြေစေမည်ဖြစ်သည်။ ရခိုင် ကမ်းလွန်ဒေသမှ သဘာဝဓါတ်ငွေ့များကို အိန္ဒိယနိုင်ငံတွင်းသို့ ပိုက်လိုင်း သွယ်တန်း သယ်ဆောင်ရာ၌ အိန္ဒိယ အရှေ့မြောက်ဒေသရှိ လက်နက်ကိုင် ခွဲထွက်သူပုန်များကို နှိမ်နင်းရမည် ဖြစ်သည့်အပြင် ၊ တရုတ်နိုင်ငံ၏ ဒေသတွင်းစိုးမိုးမှုကိုလည်း လျော့ပါး သက်သာ စေမည်ဖြစ်သည်။ အိန္ဒိယ နိုင်ငံ၏ မြန်မာစစ်အစိုးရ နှင့် လက်တလော ကုန်သွယ်မှု တိုးမြှင့်ခြင်းနှင့် စစ်လက်နက်များ ရောင်းချခြင်းတို့သည် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် ပူးတွဲ လုပ်ဆောင်ခြင်းဖြင့် အိန္ဒိယအစိုးရ အတွက် ပိုမို အကျိုးရှိကြောင်း ညွှန်ပြနေခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံမှ သဘာဝ ဓါတ်ငွေ့များကို အိန္ဒိယသို့ သယ်ယူ ပို့ဆောင်ရေး စီမံကိန်း အောင်မြင်ရန်အတွက်မူ၊ အိန္ဒိယသည် တတိယ အုပ်စု တစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ် နှင့် ညှိနှိုင်းမှုများ ပြုလုပ်ရလိမ့်ဦးမည် ဖြစ်သည်။ ၂၀၀၄ ခုနှစ်ကတည်းမှ စတင်၍၊ အိန္ဒိယသည် မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ဒေသမှ သဘာဝ ဓါတ်ငွေ့များကို ဘင်္ဂလားဒေ့ရှ် မှတဆင့် ကာလကတ္တားမြို့သို့ သယ်ဆောင်ရန်အတွက် ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန် စီစဉ်ခဲ့ သော်လည်း၊ အိန္ဒိယမှ ကမ်းလှမ်းသည့် ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းခ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၂၅ သန်းအပြင်၊ အခြားသော လိုက်လျောမှုများ ဖြစ်သည့် အိန္ဒိယနှင့် ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချပေးခြင်း၊ ဘင်္ဂလားဒေ့ရှ်မှသည် အိန္ဒိယကို ဖြတ်၍ ဘူတန် နှင့် နီပေါသို့ ကုန်သွယ်ရေး လမ်းကြောင်း ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ပေးမည် ဟူသော အပိုဆောင်း လိုက်လျော မှုများကိုပါ ဘင်္ဂလားဒေ့ရှ်မှ ငြင်းဆန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် လူမျိုး တချို့မှ အိန္ဒိယ၏ ဓါတ်ငွေ့ပိုက်လိုင်းသည်၊ ဘင်္ဂလားဒေ့ရှ် ပြည်တွင်း ဓါတ်ငွေ့ ပိုက်လိုင်းနှင့် ချိတ်ဆက်မိသွားကာ၊ ပြည်တွင်းမှ သဘာဝ ဓါတ်ငွေ့များကိုပါ အိန္ဒိယသို့ တင်ပို့မည်ကို စိုးရိမ်နေခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်သည် ပြည်တွင်း ဓါတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်း၌ အောင်မြင်ခဲ့သည့် သာဓက သမိုင်းများ ရှိနေခဲ့ပြီး၊ ယခုအခါ အဆိုပါ ဓါတ်ငွေ့များသည် တိုင်းပြည်၏ အဓိက အရေးကြီးသော လျှပ်စစ် ဓါတ်အား ထုတ်လုပ် လည်ပတ်မှုနှင့် ပြည်တွင်း မီးဖိုချောင် သုံးစွဲရန်အတွက် လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနေနိုင်ပြီ ဖြစ်သည်။ ဖြစ်နိုင်ချေတခုမှာ ဘင်္ဂလားဒေ့ရှ် ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းပေးပြီးမှ ပိုလျှံသည့် ရင်းမြစ်များကို အိန္ဒိယသို့ တင်ပို့ရန် ဖြစ်သည်။ ယင်းမှာလည်း ပြည်တွင်း ဘင်္ဂလားဒေ့ရှ် လူမျိုးတို့၏ လှုပ်ရှားမှုများနှင့် အပြင်းအထန် တိုက်ခိုက်ပြီးမှသာ ဖြစ်လာနိုင်မည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ပြည်သူ့ လှုပ်ရှားမှုများ သည်လည်း မြန်မာပြည်သူ လူထုနှင့်အတူ သွေးစည်း ခိုင်မာရေးကို ပြသသည့်အနေဖြင့် ရွှေဂတ်စ်ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်ရေးကို ခုခံဆန့်ကျင် ကြမည်သာ ဖြစ်သည်။

စေ့စပ်ညှိနှိုင်းမှုများ ၂ နှစ်ကြာမျှ ပြုလုပ်ပြီးနောက်၊ အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်နှင့် ညှိနှိုင်းမှု များအပေါ် လက်လျှော့ လိုက်ဟန် ရှိသည်။ ၎င်းအစား ဘင်္ဂလားဒေ့ရှ်ကို ပတ်၍၊ အိန္ဒိယ အရှေ့မြောက် ပြည်နယ်များ ဖြစ်သည့် မီဇိုရမ်၊ တြိပူရ ပြည်နယ်တို့မှတဆင့် ဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရန် စီမံခဲ့လေသည်။ ၎င်းလမ်းကြောင်း သည် မူလ ဘင်္ဂလားဒေ့ရှ်မှ ဖြတ်သန်းမည့် အစီအစဉ်ထက် ဓါတ်ငွေ့ ပိုက်လိုင်းအရှည် ၄၀% ပိုမို ရှည်လျား လာမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ အိန္ဒိယ ဗဟိုအစိုးရအား လက်နက်ကိုင် တော်လှန် နေသည့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ဓါတ်ငွေ့ ပိုက်လိုင်းမှတဆင့် အခြားသော သဘာဝ သယံဇာတ ရင်းမြစ်များ ခေါင်းပုံဖြတ် ခံရမည်လားဟူသော သံသယများ နှင့် ပိုက်လိုင်းနှင့်အတူ ပူးတွဲ ပါရှိလာမည့် စစ်တပ်စခန်းများ အရှေ့ မြောက်ဒေသတွင် တိုးချဲ့ချထားလာမှုများကိုပါ ဖြစ်ပေါ်လာမည်လား ဟူသော ကျယ်ကျယ်ပြန့်ပြန့် သံသယြ ဖစ်ပေါ်လာမှုများသည် အဆိုပါ လမ်းကြောင်း ရွေးချယ်မှုအတွက် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။

ရွှေသဘာဝ ဓါတ်ငွေ့တွင်းများမှ စွမ်းအင် ရင်းမြစ်များ အမြောက် အများ ထွက်ရှိလာမည် သာမက၊ ဒေသတွင်း နိုင်ငံရေး အာဏာ ချိန်ခွင်လျှာ ပြိုင်ဆိုင်မှုသည်လည်း အဓိက အရေးကြီးသော အချက်ပင် ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးသည် တနိုင်ငံမှ အခြား တနိုင်ငံထက် မြန်မာနိုင်ငံအပေါ် ပို၍ ဩဇာ လွှမ်းမိုးသွားမည်ကို မလိုလားကြချေ။ အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံ အပေါ် စီးပွါးရေး နှင့် နိုင်ငံရေးအရ စိတ်ဝင်စားမှုများသည်၊ တရုတ် နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးလားသည့် ဩဇာ အရှိန်အ၀ါကို တုန့်ပြန်ရန် အတွက်သာ ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို ရွှေဓါတ်ငွေ့ စီမံကိန်းသည် ဒေသတွင်း၌ တဟုန်ထိုး တိုးတက် ကြီးထွားလာသည့် အာရှ နိုင်ငံကြီး နှစ်နိုင်ငံအကြားရှိ ကမ္ဘာလုံး ဆိုင်ရာ အရင်းအမြစ်များနှင့် နိုင်ငံရေး သြဇာအာဏာ ရယူရေး ပြိုင်ဆိုင်မှုများထဲမှ နမူနာ ပုံစံငယ် တစ်ခုအဖြစ် ကြည့်မြင် နိုင်လေသည်။ ၂၀၀၆ ခုနှစ်တွင်၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအား သဘာဝ ဓါတ်ငွေ့ ၆.၅ ထရီလီယံ ကုဗပေကို ရောင်းချရန် အတွက် Petro China ကုမ္ပဏီနှင့် နားလည်မှု စာချွန်လွှာ စာချုပ်ကို ချုပ်ဆိုခဲ့သည်။ အဆိုပါ ရောင်းချမည့် ဓါတ်ငွေ့များမှာ အိန္ဒိယနိုင်ငံ ကော်ပိုရေးရှင်းများမှ ရှာဖွေ တူးဖော်နေသော ဓါတ်ငွေ့တွင်းများမှ ဖြစ်နေလေသည်။ မြန်မာနိုင်ငံရှိ အိန္ဒိယ သံတမန်များသည် စာချွန်လွှာ ချုပ်ဆိုပြီးသွားသည့် အခါကျမှပင် ထိုကိစ္စကို သိရှိ ရတော့သည်။ ထိုအခါ ချက်ခြင်းဆိုသလိုပင်၊ မတ်လ ၂၀၀၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ် ရတော့သည်။ ရလဒ်အားဖြင့် ထပ်မံ ထွက်ရှိလာမည့် သဘာဝ ဓါတ်ငွေ့များကို အိန္ဒိယသို့ ရောင်းချရန် လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

အင်အားကြီး နှစ်နိုင်ငံတို့၏ စွမ်းအင်ရင်းမြစ်များ ရရှိရန်နှင့် နိုင်ငံရေး သြဇာအာဏာ လွှမ်းမိုး နိုင်ရေးအတွက် အပြိုင်အဆိုင် နပန်း သတ်ပွဲကြီးသည် မြန်မာနိုင်ငံ အနောက်ဖက် ဒေသမှ သဘာဝ ဓါတ်ငွေ့ဖွံ့ဖြိုးရေး စီမံကိန်းသို့ အရိပ်ထိုး ကျရောက်ခဲ့သည်။ နောက်ဆက်တွဲ ဆိုးကျိုးများကို ဒေသတွင်း၌ နေထိုင်နေသော ပြည်သူလူထုမှ ခံစားရလိမ့်မည် ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင်၊ အသက်ရှင် နေထိုင်ပိုင်ခွင့်များ ငြင်းဆိုခံ နေရခြင်း၊ နှင့် ကျေးရွာများ အတင်းအဓမ္မ ရွှေ့ပြောင်းခံရခြင်း တို့သည်၊ နယ်စပ် ဖြတ်ကျော်လာသည့် ပြည်တွင်း ရွှေ့ပြောင်း လုပ်သားများ နှင့် ဒုက္ခသည်ဦးရေကို ပိုမို တိုးပွါးလာစေမည် ဖြစ်သည်။ ထိုစဉ်အတွင်း၌၊ မြန်မာ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ အိမ်နီးချင်းနိုင်ငံများ၏ အပြိုင်အဆိုင် သဘာဝဓါတ်ငွေ့ လုပွဲမှနေ၍ ငွေကြေး အမြတ်ထုတ်လျက် ရှိနေပြီး၊ ရွှေဂတ်စ် စီမံကိန်းသည် မြန်မာ စစ်ဗိုလ်ချုပ်များကို အကျိုးပြုသွားသည့် ဒေသတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း မှတ်တမ်းများ၌ အမည်ဆိုးဖြင့် အကျော်ကြား ဆုံးသော စီမံကိန်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

ရွှေဂတ်စ် လှုပ်ရှားမှုမှ ထုတ်ဝေသည့် “Supply and Command” အစီရင်ခံ စာအုပ်မှ ကောက်နှုတ်ထား ပါသည်။