Tuesday, July 21, 2009

စစ်အာဏာရှင် သက်ဆိုး ရှည်စေခြင်း

စစ်အာဏာရှင် သက်ဆိုး ရှည်စေခြင်း
by admin — last modified 2008-12-14 19:03
ကမ္ဘာ့နိုင်ငံများသည် စစ်အာဏာရှင် နိုင်ငံများ၏ သဘာဝ သယံဇာတ ရင်းမြစ်များပေါ်တွင် မှီတွယ် နေကြသဖြင့် စစ်အာဏာရှင်များကို အသက်ဆက်ရန် ဘဏ္ဍာငွေ ဖြည့်တင်း ပေးနေသကဲ့သို့ဖြစ်ပြီး၊ အကျိုးဆက် အနေဖြင့် စစ်အာဏာရှင်များ၏ အာဏာ ဆုပ်ကိုင်နေမှုကို သက်ဆိုး ရှည်စေခဲ့လေသည်။

အပူပိုင်း သစ်တောများ ပိုင်ဆိုင်ခြင်း၊ ရွှေ၊ ကြေးနီနှင့် စိန်တွင်းများ ရှိနေခြင်း၊ သို့မဟုတ် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ တွင်းများ စသည်တို့ ပိုင်ဆိုင်နေ သော်လည်း နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများ အနေဖြင့် အဆိုပါ သဘာဝ သယံဇာတ ဥစ္စာရင်းမြစ်များကို စစ် အာဏာရှင်များနှင့် ဖက်စပ်၍ ထုတ်ယူ တူးဖော် အသုံးပြုခြင်း မရှိပါက စစ်အာဏာရှင်များ အနေဖြင့် အာဏာသက်ဆိုး ရှည်နိုင်ခဲ့မည် မဟုတ်ချေ။

မြန်မာ့ သဘာဝဓါတ်ငွေ့များကို လိုအပ်နေမှုအပြင်၊ မြန်မာနိုင်ငံ၏ တရုတ် နှင့် အရှေ့တောင် အာရှဒေသတွင် ကုန်သွယ်ဈေးကွက် အဖြစ် အချက်အခြာကျစွာ တည်ရှိနေမှုသည်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံကဲ့သို့သော မြန်မာ့အိမ်နီးချင်းနိုင်ငံ များအား မြန်မာ စစ်အာဏာရှင်များကို အသိအမှတ်ပြုနေစေပြီး၊ ဆက်သွယ် လုပ်ကိုင်နေမှုကို ဖြစ်ပေါ်စေသည်။

ထိုထက်ပို၍ အရေးကြီးသည့် ဖြစ်နိုင်ခြေတခုမှာ နွေးထွေးမှုရှိနေ သော်လည်း အပြန်အလှန် သံသယ မျက်လုံးများဖြင့် ဆက်ဆံနေ ကြသည့် အာရှ နိုင်ငံကြီး ၂ နိုင်ငံဖြစ်သည့် အိန္ဒိယ နှင့် တရုတ် နှစ်နိုင်ငံအကြားတွင် တည်ရှိနေသည့် မြန်မာနိုင်ငံ၏ ပထဝီဝင် နိုင်ငံရေး အနေအထားပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ သြဇာကြီးမားသော စီးပွါးရေးဈေးကွက် လွှမ်းမိုးမှု အောက်တွင် နှစ်ပေါင်းများစွာ ကျရောက်နေခဲ့သည်။ သို့သော် အိန္ဒိယ၏ လက်တလော ပြုပြင်ပြောင်းလဲလိုက်သော စစ်အစိုးရ နှင့် အပြုသဘောဆက်ဆံရေး မူဝါဒသည် မြန်မာစစ်အုပ်စု (နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ သို့မဟုတ် နအဖ) အား ရန်သူနိုင်ငံကြီး နှစ်နိုင်ငံအကြားတွင် လုပ်ကိုင်စားသောက်၍ ပိုမို ကောင်းမွန်သွားစေခဲ့သည်၊ (သို့မဟုတ်) မြန်မာစစ်အုပ်စုအား ပိုမို အာဏာ သက်ဆိုးရှည်ရန် ဖြစ်လာစေခဲ့သည်။ မြန်မာ စစ်ဗိုလ်ချုပ်များသည် ထို နှစ်နိုင်ငံအကြားတွင် ကစားကာ ဟိုဖက် ဒီဖက်လိုက်၍ စားသောက်နေရသည်ကိုလည်း ရှက်ရကောင်းမှန်း သိဟန် မတူချေ။ ၂ဝဝ၄ ခုနှစ် သြဂုတ်လမှစ၍ စစ်ဗိုလ်ချုပ်များသည် ရခိုင်ပြည်နယ်ရှိ သဘာဝဓါတ်ငွေ့တွင်း (၂) တွင်းအား ရှာဖွေ တူးဖော်ခွင့်ကို လျှော့ဈေးဖြင့် တရုတ်ကုမ္ပဏီများအား ရောင်းချခွင့် ပြုခဲ့လေသည်။ ထို့အပြင် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ စစ်တွေ ဆိပ်ကမ်းမှနေ၍ တရုတ်ပြည် ယူနန်ခရိုင်အထိ ဓါတ်ငွေ့သယ်ယူ ပို့ဆောင်ရန်အတွက် ပိုက်လိုင်းသွယ်တန်းရန် စီမံကိန်းသည်လည်း တရုတ်တို့၏ မြန်မာစစ်ဗိုလ်ချုပ်များ အပေါ် လွှမ်းမိုးမှုအတွက် အိန္ဒိယအစိုးရအား စိုးရိမ်မကင်းဖြစ်စေသည်။

၂ဝဝ၄ ခုနှစ် အောက်တိုဘာ ရက်သတ္တပါတ်အတွင်း၊ ရာထူးမှ ဖယ်ရှားခံရသည့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ် ခင်ညွန့်၊ နအဖ ဥက္ကဌ ဗိုလ်ချုပ်ကြီးသန်းရွှေ နှင့် ကွယ်လွန်သူ ဝန်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း တို့သည် အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ဆီသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ ၎င်းတို့သည် နှစ်နိုင်ငံအကြား တည်ငြိမ်ရေး နှင့် စီးပွါးရေးအရ ပိုမိုပူးပေါင်း ဆောင်ရွက်ရန် အတွက် သွားရောက် လည်ပတ်ခဲ့ကြခြင်းဖြစ်သည်။

သဘာဝ ဓါတ်ငွေ့တင်ပို့ရန် နှင့် နှစ်နိုင်ငံဆက်ဆံမှု တစိတ်တပိုင်း အနေဖြင့်၊ မြန်မာ စစ်အာဏာရှင်များသည် အဆိုပါ ကုန်သွယ် ဖက်နိုင်ငံများထံမှ မြန်မာဒုက္ခသည်များ နှင်ထုတ်ပေးရေး နှင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများအား ဖြိုခွင်းပေးရေး ကဲ့သို့သော နိုင်ငံရေးကိစ္စများကို တောင်းဆိုခဲ့လေသည်။

သဘောတူ စာချုပ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် အားလုံးကို လျှို့ဝှက်ထား သော်ငြား လည်း၊ စစ်အစိုးရသည် လက်ရှိ ရတနာ၊ ရဲတံခွန် ဓါတ်ငွေ့တွင်းမှ သဘာဝ ဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချနေသည့် ဈေးနှုန်းအဆင့်အတိုင်း အိန္ဒိယ နှင့် တရုတ် နိုင်ငံတို့ကို ရောင်းချလိမ့်မည်ဟု ယူဆရသည်။ စစ်အစိုးရအတွက် ခန့်မှန်းခြေ ထွက်ရှိမည့် သဘာဝဓါတ်ငွေ့ ပမာဏမှာ ၁ဝ-၁၄ ထရီလီယံ ကုဗပေ ရှိမည်ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၁၂ မှ ၁၇ ဘီလီယံအထိ ဝင်ငွေ ရရှိစေမည် ဖြစ်သည်။ ယင်းသည် အနှစ် ၂ဝ ကျော်ကာလအတွင်း စစ်အစိုးရအတွက် နိုင်ငံခြားငွေကြေး အများဆုံး ရရှိစေခြင်း ဖြစ်သည်။

သဘောတူ လက်မှတ်ရေးထိုးသည့် အပိုဆုကြေးများ နှင့် အခြားသော အပိုဝင်ငွေများအားလုံးသည် မြန်မာ့ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းဆီသို့သာ တိုက်ရိုက်ေ ရာက်ရှိသွားမည်ဖြစ်ပြီး၊ ယင်းလုပ်ငန်း သည် မြန်မာစစ်တပ်မှ ၁ဝဝ% လုံးလုံးလျားလျား အပြည့်အဝပိုင်ဆိုင် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ စစ်အစိုးရသည် တနှစ်လျှင် နိုင်ငံတော်ဘတ်ဂျက်၏ ၄ဝ% ကျော်ကို စစ်တပ် အသုံးစရိတ်အတွက် အသုံးပြုနေပြီး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ ၂ဝဝ၃ ခုနှစ် စာရင်းဇယားများအရ၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး နှင့် ပညာရေးအသုံးစရိတ်မှာ အမျိုးသား ထုတ်ကုန် စုစုပေါင်း၏ ဝ.၄% နှင့် ဝ.၅% အသီးသီးသာရှိလေသည်။ နှစ်ခုစလုံးသည် ကမ္ဘာပေါ်ရှိ အခြားသောနိုင်ငံများ၏ အသုံးစရိတ်နှင့် ယှဉ်လျှင် အနိမ့်ဆုံးအဆင့်တွင် ရှိနေသည်။

အဆိုပါ သဘာဝဓါတ်ငွေ့မှ ရရှိသည့် အမြတ်အစွန်းများသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေး အတွက် သက်သက်သာဖြစ်ပြီး၊ မြန်မာပြည်သူ လူထုအတွက် ပိုမို၍ အတိဒုက္ခများ ခံစားစေမည်သာ ဖြစ်သည်။ မြန်မာပြည်သူလူထုသည် အဆိုပါ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုများကို ကာကွယ်ရန်၊ ပိုမိုဆိုးရွားလာသည့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများနှင့် နိုင်ငံရေးဆိုင်ရာ အုံကြွပေါက်ကွဲမှု အဓိကရုဏ်းများကို ကာကွယ်ရန်တို့အတွက် သင်တို့၏ အကူအညီကို လိုအပ် နေသည်။

ကျွန်ုပ်တို့ ရွှေဂတ်စ် လှုပ်ရှားမှု အနေဖြင့် အဆိုပါ စီမံကိန်းအား အထက်ပါ အခြေအနေများ တိုးတက် ကောင်းမွန်လာသည့် အချိန်အထိ ဆိုင်းငံ့ထားရန် တောင်းဆိုပါသည်။ မြန်မာပြည်သူ လူထုမှ ၎င်းတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်သည့် အစိုးရနှင့် လုပ်ဆောင်ရန် ခွင့်မပြုသေးမီ ကာလအထိ၊ မြန်မာပြည်သူလူထု၏ အတိဒုက္ခအဝဝကို ကူညီသည့်အနေဖြင့် အဆိုပါ စီမံကိန်းအား ရပ်ဆိုင်းထားရန် တောင်းဆိုပါသည်။