Saturday, May 22, 2010

IDEA နှင့်စပ်လျဉ်းသည့် IDEA များ -


Idea ဟူသည်နှင့် စပ်လျဉ်း၍ ပညာရှင်တို့ ဝေဖန်သုံးသပ် ပြောဆိုခဲ့သော စကားများသို့မဟုတ် Idea နှင့်စပ်လျဉ်းသည့် ၄င်းတို့၏ idea ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို အနည်းငယ် ရှင်းလင်းထားဖို့ လိုမည် ထင်ပါသည်။ ယခု စာပိုဒ်ထဲတွင် ပါဝင်သည့် idea ဟူသော အသုံးအနှုန်းများသည် မြန်မာဘာသာ၌ အတွေးအမြင်၊ အယူအဆ၊ ယုံကြည်ချက်၊ မှတ်ယူချက်၊ စိတ်ကူးစိတ်သန်း၊ အထင်အမြင်စသည့် စကားလုံး များနှင့် အဓိပ္ပာယ်ချင်း နီးစပ်ဆင်တူသည်ဟု ယေဘုယျပြောလိုသည်။
Thursday, 18 March 2010 01:02 |

ယခု စာပိုဒ်တွင် ရေးသားသည့်အခါ ထိုစကားလုံးများထဲတွင် အလျဉ်းသင့်ရာကို လည်းကောင်း၊ တစ်ခါတစ်ရံ idea ဟူသော အင်္ဂလိပ်စကားလုံး အတိုင်းပင်လည်းကောင်း သုံးနှုန်းသွားမည် ဖြစ်ပါသည်။


* * ရှေးဦးစွာ idea ဘာကြောင့် အရေးကြီးသလဲ။ လူတွေ ကျောက်ခေတ်နှင့် အဲသည်မတိုင်မီခေတ်များမှသည် ယနေ့အခြေအနေအထိ ပြောင်းလဲ တိုးတက်လာခြင်းသည် idea များကြောင့် ဖြစ်သည်။ တိရစ္ဆာန်လောကမှာလည်း သဘာဝပတ်ဝန်းကျင် အနေအထားများပေါ် မူတည်ကာ တရွေ့ရွေ့ ပြောင်းလဲသည့် အီဗော်လူရှင်း (evolution) ဖြစ်စဉ်ရှိတာများ သိကြသည်။ သို့သော် လူသား၏ ပြောင်းလဲမှု နှင့်စာသော် တိရစ္ဆာန်တို့ အနေအထားက စတင်ဖြစ်ပေါ်ချိန်မှသည် မျိုးပြုတ်ပျောက်ကွယ်သွားချိန်ထိ သည် အတိုင်း သည်အတိုင်းပဲ ဟုဆိုရလောက်အောင် အပြောင်းအလဲ နည်းပါးလှသည်။ လူကော့ မှတ်ဉာဏ်၊ ကွန့်မြူးတတ်သောဉာဏ်နှင့် အကြောင်းအကျိုးကို သိမြင်တတ်သော ဉာဏ်တို့ကြောင့် စိတ်ကူးစိတ်သန်း (idea) အသစ်တွေမပြတ် တီထွင် ထုတ်လုပ်ခွင့်ရရှိကာ ယင်းစိတ်ကူးစိတ်သန်းတို့၏ ရှေ့ဆောင်မှုဖြင့် သဘာဝဘောင်ကိုကျော်ကာ မိမိခရီးလမ်းကို မိမိဘာသာ စီစဉ်လျှောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း အင်္ဂလိပ်စာရေး ဆရာကြီး အိပ်(ချ)၊ ဂျီ၊ ဝဲလ်(စ်) (H.G Well 1866-1946) က အနှစ်သာရသဘောပြောရသော် လူ့သမိုင်းဟူသည် အတွေးအမြင် အယူအဆတို့၏ သမိုင်းပင်တည်း၊ (Human history is, in essence, a history of ideas.) ဟု ဆိုခဲ့ခြင်းဖြစ်သည်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွား ရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုစသည့် လူ့အဖွဲ့အစည်း၏ မျက်နှာစုံ၌ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲတွေသည် ပြင်ပမှာ တကယ်မဖြစ်မီ လူတို့၏ ဦးခေါင်းထဲ၌ စိတ်ကူးစိတ်သန်းများ၊ အတွေးအကြံများ၊ ယုံကြည်ချက်များအဖြစ် စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်မူ၊ ယနေ့ ကမ္ဘာသည် ခေတ်အဆက်ဆက် ထွန်းကားပေါ်ပေါက်ခဲ့သည့် မြောက်မြားစွာသော လူ့အတွေ့အကြံ၊ အယူအဆတို့ သွန်းလောင်းပုံဖော်ခဲ့သည့် ကမ္ဘာဖြစ်သည်ဟု ဆိုနိုင် သည်။ အမေရိကန် သမ္မတတစ်ဦးဖြစ်သူ ဂျိမ်း(စ)ဂါးဖီးလ် (James A.Garfield 1831-81) ကမူ သွန်းလောင်း ပုံဖော်သည် ဆိုသလောက်နှင့် ကျေနပ်ပုံမရ။ အတွေးအမြင် အယူအဆများက ကမ္ဘာကို ထိန်းချုပ်စီမံလျက် ရှိသည်။ (Idea control the world) ဟူ၍ပင် ဆိုခဲ့သည်။
* * ခေတ်ကာလ အသီးသီးမှာပင် လူ့အဖွဲ့အစည်းက တောင်းဆိုလာသည့်အခါမျိုး၊ တစ်နည်းပြောသော် လူ့အဖွဲ့အစည်းအတွက် လိုအပ်လာသည့်အခါမျိုးတွင် အယူအဆသစ်တွေ ပေါ်ထွက် လာလေ့ရှိသည်။ သို့သော် အဲသည် အသစ်ဆိုတာတွေထဲတွင် တကယ်သစ်တာတွေလည်း ရှိသည်။ အဟောင်းထဲက ဆင့်ပွားဖြစ်ပေါ်တာတွေ ပါသလို၊ အဟောင်းတွေပင် အသွင်တစ်မျိုးနှင့် ပြန်လည်ပေါ်ပေါက်လာတာမျိုးလည်း ရှိတတ်သည်။ ထို့ကြောင့်လည်း idea အများစုတို့သည် အခြား idea များထဲမှ အဆင့်ဆင့်ပေါက်ဖွားလာသည့် သား သမီးများ ဖြစ်သည်။ (Most ideas are step-by-step children of other ideas) ဟူ၍ အေ၊ အက်(ဖ)၊ အော်စဘွန်း (A.f. Osbom) ကဆိုပြီး၊ အမေရိကန် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦးဖြစ်သူ အော်စတင် ဖဲ့လ်(ပ)(စ) (Austin Phelps 1820-90) ကလည်း အယူအဆ ကြီးကြီးမားမားများမှာ မူရင်းပိုင်ရှင် သို့မဟုတ် စတင်ထုတ်ဖော်သူ ရှိနေတတ်သည် (A great idea is usually original to more than one discoverer.) ဟူ၍ ဆိုခဲ့ခြင်း ဖြစ်သည်။ အသစ်ပြန်ပေါ်လာသော အယူအဆဟောင်းတွေ တန်ခိုးကြီးတတ်ကြောင်း ဖော်ပြသည့် ထင်ရှားသော စကားတစ်ခုလည်းရှိသည်။ 'There is nothing so powerful as an old idea whose time has come again'. (သူ့အချိန်အခါ ပြန်လည်ကျရောက်လာသည့် အယူအဆဟောင်း တစ်ခုလောက် တန်ခိုးစွမ်းအား ကြီးမားသောအရာ မရှိပေ) ဟူသော စကားဖြစ်သည်။ ပြောကြားသူက ဘင်ဝပ်တင်ဘာ့ဂ် (Ben Wattenberg 1933-) ဆိုသော ပုဂ္ဂိုလ်။ ကျွန်စနစ်တိုက်ဖျက်ရေး လှုံဆော်ရေးသားခြင်းဖြင့် ထင်ရှားခဲ့သည့် အမေရိကန် ဝတ္ထုရေး ဆရာမ ဟဲရိယက်ဘီးချာစတိုး (Harriet Beecher Stowe 1811-96) ကလည်း တစ်ကျော့ပြန် အယူအဆ ဟောင်းတို့ အရှိန်အဟုန်ကြီးတတ်ပုံကို တအံ့တသြ ပြောဖူးသည်။ သူက 'By what strange law of mind is it, that an idea long overlooked, and trodden under foot as a useless stone, suddenly sparkles out in new light as a discovered diamond? (ကာလရှည်ကြာ မေ့လျော့ပစ်ပယ်ကာ အသုံး မဝင်သော ကျောက်ခဲတစ်တုံးလို မလေးမစားတက်နင်းဖြတ်ကျော်သွားနေသည့် idea ဟောင်းတစ်ခု အမြင်သစ် အလင်းသစ် (အခြေအနေသစ်)အောက်မှာ ယခုမှ လတ်တလောတွေ့ရသည့် စိန်ပွင့်တစ်လုံးလို ရုတ်တရက်လင်းလက် ထွက်ပေါ်လာတတ်ခြင်းမှာ လူ့စိတ်၏မည်သို့ ဆန်းကြယ်သော သဘာဝမျိုးကြောင့် ပေလဲ) ဟု သူမက မေးခွန်းထုတ်သည်။
* * အရင်းမူလ ဘယ်ကစသည်ဖြစ်စေ၊ ကာလဒေသတစ်ခု၌ အသစ်ဖြစ်ပေါ်ပေါက်လာသည့် ထူးခြား သော အယူအဆတစ်ခုသည် အတိုက်အခိုက် အထိုးအနှက်တွေကြောင့် ၄င်းကိုင်တိုင်ရပ်တည်တွေကြောင့် ၄င်း၏ဂယက်က ရှိရင်းစွဲအယူအဆများနှင့် အသားကျနေသည့် လူအများစုတို့ အပေါ်သက်ရောက်မှု ပြင်းထန်လေ့ရှိသည်။ Civil disobedience (အနုနည်းအာဏာ ဖီဆန်ရေး) အယူအဆဖြင့် ထင်ရှားသည့် အမေရိကန် တွေးခေါ်ရှင် သောရိုး (Henny David Thoreau 1817-62) က အယူအဆသစ်များ ဤကမ္ဘာမြေသို့ ဝင်ရောက်လာပုံမှာ အလျှံညီးညီးပေါက်ကွဲ မြည်ဟည်းပြီး ဥက္ကာခဲများ ကျရောက်လာပုံနှင့် ဆင်တူလှသည်။ (New ideas come into this world somewhat like falling meteors, with a flash and an explosion.) ဟု ဆိုသည်။ Idea အသစ်ကို ဝိုင်းဝန်းဆန့်ကျင်တိုက်ခိုက်တတ်ပုံနှင့် စပ်လျဉ်း၍ အင်္ဂလိပ်တွေးခေါ်ရှင်ကြီး ဘာထရန်ရပ်ဆဲလ် (Bertrand Russell 1872-1970) က (The instinct of conventionally, horror of uncertainty and vested interest, all militate against the acceptance of a new idea) ဟူ၍ ရေးသားခဲ့ဖူးသည်။ အစဉ်အလာကို မူသေစွဲတတ်သော စိတ်၊ သေချာဂန မသိရသော အခြင်းအရာကို စိုးရိမ်ထိတ်လန့်တတ်သော သဘာဝနှင့် ပစ္စက္ခ အနေအထားတွင် အထူးအခွင့်အရေး ခံစားနေရမှုများ အားလုံး စုပေါင်းကာ အယူအဆသစ်တစ်ခု လက်မခံဖြစ်အောင် တွန်းလှန်တိုက်ခိုက်တတ်ကြသည် ဟူသော သဘောပင်။ လူသမိုင်း သို့မဟုတ် အယူအဆတို့၏ သမိုင်းကိုကြည့်လျှင် အယူအဆသစ်နှင့် အယူအဆသစ် သမားတို့အား ပြင်းထန်စွာဝေဖန်တိုက်ခိုက်ခြင်း၊ ရှုတ်ချခြင်း၊ ဖဲကြဉ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ မီးရှို့ ကွပ်မျက်ခြင်း၊ ကားစင်တင်စီရင်ခြင်း အပါအဝင် ကြမ်းကြုတ်စွာ နှိပ်ကွပ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ရပ်တွေ ပြည့်နှက် လျက်ရှိကြောင်း တွေ့ရနိုင်သည်။ စတင်ထွက်ပေါ်စဉ်ကာလ အယူအဆသစ် တစ်ရပ်သည် မွေးကင်းစကလေးသဖွယ် နုနယ်သော သဘောရှိသည်။ သည်အချိန်တွင် အင်အားတစ်စုံတရာက နှိပ်ကွပ်သော် ချက်ချင်းပင် ပျက်သုဉ်းကြေပြုန်း သွားမည်ဖြစ်သည်။ ထို့ကြောင့်လည်း အင်္ဂလိပ်စာရေးဆရာ ဆင်မြူရယ်ဘတ်တလာ (Samuel Butler 1835-1902) က၊ အယူအဆ သစ်တိုင်းမှာပင် ကလေးမွေးဖွားရခြင်းနှယ် ဝေဒနာနှင့် ဘေးအန္တရာယ်များ ရောယှက်ပါဝင် နေတတ်မြဲဖြစ်သည်။ (Every new idea has something of the pain and peril of children about it.) ဟူ၍ ဆိုခဲ့ခြင်း ဖြစ်သည်။ အယူအဆသစ်များကို တားဆီးချေဖျက်ရာ၌ အများဆုံး အသုံးပြုလေ့ရှိသည့် ဆင်ခြေတစ်ခုက လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေသည် ဟူသော အချက်ဖြစ်၏။ ထုံးစံအားဖြင့်မူ လက်ရှိ လူ့အဖွဲ့အစည်းအတွင်း လွှမ်းမိုးတွင်ကျယ်လျက်ရှိသည့်အယူအဆ(များ)နှင့် ဆန့်ကျင်သော အယူအဆသစ် သည် အန္တရာယ်တံဆပ်ခတ်နှိပ်ခြင်းခံရမြဲ ဖြစ်သည်။ နိုင်ငံရေး စီးပွားရေး တွေးခေါ်ရှင်ကြီး ကားလ်မာ့က်(စ) (Karl Marx 1818-83) ကမူ၊ ခေတ်ကာလတစ်ခုစီ၌ လွှမ်းမိုးတွင်ကျယ်နေတတ်သော အယူအဆများဟူသည် ၄င်းရှိအုပ်စိုးသူ လူတန်းစား၏ အတွေးအမြင် အယူအဆများသာ ဖြစ်ရိုးထုံးစံရှိ၏။ (The ruling ideas of each age have ever been the ideas of its ruling class.) ဟု ဆိုခဲ့ရာ ၄င်းအတိုင်းသာ မှန်က ခေတ်ကာလ အယူအဆနှင့်ဆန့်ကျင်ကွဲလွဲနေသော အယူအဆသစ်သည် အန္တရာယ်ပေးခြင်းခံရမှာ သေချာနေပေသည်။ အများနှင့်မတူသော အယူအဆအတွက် ပြဿနာတက်ခဲ့သူတစ်ဦး ဖြစ်သည့်အိုင်းရစ်စာရေး ဆရာ အော်စကာဝိုင်းလ်(ဒ) (Oscar Wilde 1854-1900) ကတော့၊ အန္တရာယ်မရှိသော အယူအဆ (အန္တရာယ်ရှိသည်ဟု သတ်မှတ်ခြင်း မခံရသော အယူအဆ) ဟူသည် အယူအဆဟူ၍ ခေါ်ဆိုခြင်းငှာပင် မထိုက်၊ (An idea that is not dangerous is unworthy of being called an idea at all.) ဟု ဆိုခဲ့သည်။ အယူအဆသစ်လို့ဆိုသေး၊ ဘယ်သူကမှလည်း ရှူးရှူးရှားရှား ပြဿနာမတက်၊ အားလုံး အေးအေးဆေးဆေး ဆိုလျှင် အလကား၊ ဘာတန်ဖိုးမှ မရှိသည့် အယူအဆဟု ဆိုလိုခြင်း ဖြစ်သည်။ သည်သဘောကိုပင် ဒေးဗစ်ယိုဟို (David Yoho) က အယူအဆ တစ်ရပ်၏ စွမ်းအား အနည်း အများကို ယင်းအားမည်သည့် အတိုင်းအတာထိ ခုခံဆန့်ကျင်ကြသလဲ ဟူသည်နှင့် တိုင်းတာနိုင်သည်။ (The power of an idea can be measured by the degree of resistance it attracts.) ဟူ၍ ဖော်ပြ ခဲ့သည်။ တစ်နည်းဆိုရသော် ပြောစမှတ် ပြုလောက်သော အယူအဆသစ်မှန်လျှင် တုံ့ပြန်သံတွေ ကျယ်လောင် ရမည်ဟူသော သဘောပင် ဖြစ်သည်။ ၁၉ ရာစု အမေရိကန် စာရေးဆရာတစ်ဦးဖြစ်သူ ဒလဗျူ၊ အမ်၊ ပက္က(စ)တန် (W.M. Paxton) က ကမ္ဘာလောကထဲအယူအဆတွေ ဖြတ်သန်းဝင်ရောက်လာသည့် အသံသည် အမြောက်သံထက် ကျယ် လောင်သည်။ (Idea go booming through the world louder than cannon.) ဟူ၍ ဆိုခဲ့သည်။ အဟောင်းများကို ထိုးဖောက် ဝင်ရောက် နိုင်စွမ်းရှိသည့် အယူအဆသစ်တို့၏ စွမ်းအားနှင့် ပတ်သက်၍လည်း (Thoughts are mightier than armies. (အတွေးအမြင် အယူအဆတို့သည် စစ်တပ်များထက်ပင် အင်အား ကြီးမားသည်။) ဟု ဆိုသည်။ သည် သဘောအတိုင်းပင် ပြင်သစ် စာရေးဆရာကြီး ဗစ်တာဟျူးဂိုး (Victor Hugo 1802-85) ကလည်း၊ စစ်တပ်များဖြင့် ကျူးကျော်ဝင်ရောက်လာသည်ကို ခုခံတားဆီးနိုင်၏။ အယူအဆများ ဝင်ရောက်လာခြင်းကိမူ ခုခံတားဆီးခြင်းမပြုနိုင်။ (One can resist the invasion of armies; one cannot resist the invasion of ideas.) ဟု ဆိုခဲ့သည်။
* * အယူအဆသစ်ဖော်ထုတ်တင်ပြသူ အများစုပင် အစကနဦး၌ အရူးတွေ၊ အတွေးခေါင်သူတွေ၊ လူကြောင်တွေ၊ တစ်ယူသန် တဇောက်ကန်း တွေဟု အထင်ခံရ တတ်သည်။ သာမန် လူအများစု အယူအဆသစ်ဆိုလျှင် ထိတ်လန့်ချင်ကြသည်။ အချို့လူများကျတော့လည်း အယူအဆဟောင်းဆိုလျှင် တစ်ဖက်စောင်းနင်းအစွဲအလမ်း (prejudice) တွေ၊ အသစ်တွေကျတော့လည်း စိတ်ရူးပေါက်ပြီး လျှောက်ပြောနေတာ (caprice) တွေဟု ထင်တတ်ကြသည်။ ဒါကြောင့်လည်း အယူအဆသစ် အတော်များများတွင် လူအများကြား အတော်ပြန့်သွားပြီးသည့် အခါသာ နေသားတကျ ဖြစ်သွားကြသော်လည်း ရုတ်တရက် အစမှာမူ မကြားဝံ့မနာသာတွေ၊ မကြံသင့် မကြံစည်ရာတွေ၊ ဘယ်လိုမှ မဖြစ်တန်ရာတွေ ဖြစ်နေတတ်ကြသည်။ ဥပမာ ... ဒါဝင်၏ အီဗော်လူးရှင်း သိအိုရီဆိုလျှင် အစပိုင်း၌ အငြင်းအခုံတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး၊ နောက်ပိုင်းကျမှသာ အများ လက်ခံသွားကြခြင်း ဖြစ်သည်။ သည်မှာပင်လျှင် ဒါဝင်အနေနှင့် သည်အယူအဆကို စတင်တွေ့သိစမှာပင် ထုတ်ဖော်တင်ပြခဲ့သည် မဟုတ်။ ဘာသာရေးအသိုင်းအ၀ိုင်းက ထွက်ပေါ်လာမည့် ကြီးမားသော ဂယက်ကို ကြောက်သဖြင့် ဆယ်စုနှစ်နှင့်ချီကာ သူအယူအဆကို သိမ်းဆည်း သိုဝှက်ထားခဲ့ရသေးသည်။ သည် သဘောကို ရုရှားစာရေးဆရာကြီး ဒေါ့စတိုယက်(ဗ)စတီး (Fyodor Dostoevsky 1821-81) က The Brothers Karamazov ဝတ္ထုတွင်၊ သူတို့အရင် ရှေ့ဘက် ၁၀နှစ်လောက်အဖို့မှာ ဘယ်လိုမှ စဉ်းစားဝံ့စရာ မရှိခဲ့တဲ့ အတွေးအခေါ် အယူအဆတွေလူ့သမိုင်း တစ်လျှောက် ဘယ်လောက် အမြောက်အမြား ပေါ်ပေါက်ခဲပြီလဲ၊ (How many ideas have there been in the history of man which are unthinkable ten years before they appeared?) ဟူ၍ ဇာတ်ကောင်တစ်ဦး၏ နှုတ်မှ တစ်ဆင့် ပြောကြားခဲ့ဖူးသည်။ စင်စစ် အစပိုင်း၌ အယူအဆသစ်တစ်ခုကို လက်မခံနိုင်၊ အကျိုးသင့် အကြောင်းသင့် စဉ်းစား ဆင်ခြင်မှုမပြုနိုင်ခြင်းသည် ယခင်လက်ခံထားခဲ့သော သို့မဟုတ် အမှတ်မထင် ခေါင်းထဲဝင်ရောက်စွဲကပ် နေသော အယူအဆများကြောင့် ဖြစ်သည်။ ဂျိုနသန် အက်ဒဝပ်(စ) (Jonathan Edwards 1703-58) က the ideas and images in men's minds are the invisible powers that constantly govern them; and to these they all pay universally a ready submission. (လူတို့ခေါင်းထဲတွင် ရောက်ရှိနေသည့် အယူအဆများ အာရုံပုံရိပ်များသည် မမြင်ရသော တန်ခိုးစွမ်းအားရှင်များအဖြစ် လူကို မပြတ်စိုးမိုးချုပ်ကိုင် လျက်ရှိ၏။ ထိုတန်ခိုးရှင်များ ရှေ့မှောက်၌ အခါခပ်သိမ်းပင် မဆိုင်းမတွ ရိုသေဝပ်တွားကြ၏။ ဟုဆိုခဲ့သည်။ ခေါင်းထဲမှာ စွဲကပ်နေသော အယူအဆတစ်ခုကို မတူသော အခြားအယူအဆတစ်ခုဖြင့် အလွယ် တကူတိုက်ထုတ်ပစ်၍ မရ။ မိမိ၏မူလ အယူအဆကို ဆန့်ကျင်ချေဖျက်နေသော သို့မဟုတ် မှားယွင်းကြောင်း သက်သေပြနေသော အရှိပကတိ အနေအထားတွေ မကြာခဏ တွေ့ရမြင်ရ ဖန်များတော့မှသာ ၄င်းအယူအဆသည် ယိုင်နဲ့၍လာ၏။ အဲသည် အချိန်တွင် အရှိပကတိနှင့် ညီညွတ်သော အယူအဆသစ်နှင့် တွေ့သောအခါ အသစ်ကို လက်ခံမိတတ်ကြသည်။ သို့သော်ချက်ချင်း မဟုတ်။ အစပထမတွင် ခုခံ တတ်သေးသည်။ အကြောင်းက မိမိကိုင်စွဲခဲ့သော အယူအဆတစ်ခု မှားယွင်းကြောင်း အသိအမှတ်ပြုရတာ မလွယ်ကူသောကြောင့် ဖြစ်သည်။ သည်အချက်ကို ဂျာမန် စာရေးဆရာကြီး တောမတ်(စ)မန်း (Thomas Mann 1875-1955) က We are most likely to get angry and excited in our opposition to some idea when we ourselves are not quite certain of our own position, and are inwardly tempted to take the other side. (အယူအဆ တစ်စုံတစ်ရာကို မိမိဆန့်ကျင်နေသည့် တစ်ပြိုင်တည်းမှာ မိမိရပ်တည်ချက် ကလည်း မသေချာ၊ အတွင်းစိတ်ကလည်း တစ်ဖက်သို့ ခပ်ပါပ် ဖြစ်လာသည့် အခါ ကျွန်တော်တို့ အထူးသဖြင့် စိတ်မသက်မသာ ဖြစ်တတ်၊ ဒေါသထွက်ချင်တတ်ကြသည်) ဟူ၍ ဖော်ပြခဲ့သည်။
* * အယူအဆသစ် တစ်ခုအမြစ်တွယ်သွား ပြန့်ပွားသွားပြီဆိုလျှင်ကား အလွယ်တကူ တားဆီး၍မရတော့။ သည်တွင် အဓိက်အချက်တစ်ရပ်က အယူအဆက လူတွေ၏ ဦးနှောက်ကို လွှမ်းမိုးချုပ်ကိုင် သွားတတ်ခြင်း ဖြစ်သည်။ လူတစ်ယောက် ခေါင်းထဲတွင် အခိုင်အမာ နေရာရသွားသော အယူအဆသည် ၄င်းလူ၏ ယုံကြည်ချက် ဖြစ်လာသည်။ ထိုအခါ အများပြောလေ့ရှိကြသည့် ယုံကြည်ချက်အတွက် ဆိုလျှင် အသက်ပေးရန်ပင် ဝန်မလေးဟူသော သဘောရှိလာသည်။ သည်ဖြစ်စဉ်သဘောကို ဂျာမန်ကဗျာစာဆို ဟိုင်းနရစ်(ချ) ဟိုင်းန် (Herinrich Heine 1797-1856) က ရှုထောင့်တစ်မျိုးမှ ယခုလို ပြောဆိုသည်။ You tak of having an idea; we do not have an idea. The idea has us, and drives us into the arena to fight and die for it, whether we want to or not. (လူတွေစကားပြောလျှင် ကျွန်တော်တို့မှာ ဘာအယူအဆရှိသည်ဆိုတာမျိုး ပြောလေ့ ရှိကြသည်။ သို့သော် တကယ်မှာ အယူအဆကို ကျွန်တော်တို့ ရထားသည်မဟုတ်။ အယူအဆက ကျွန်တော်တို့ကို ရရှိထားခြင်းသာ ဖြစ်သည်။ ပြီး .... ကျွန်တော်တို့ လိုလားသည် ဖြစ်စေမလိုလားသည် ဖြစ်စေ အဲသည်အယူအဆက ကျွန်တော်တို့ကို အာဇာနည်တွေဖြစ်အောင် ဖန်တီးသည်။ ကျွန်တော်တို့အား ကြီးစွာသော ဒုက္ခတွေ ပေးသည်။ ကျွန်တော်တို့ကို သတ်ကွင်းထဲ မောင်းထည့်ပြီး သူ့အတွက် တိုက်ပွဲဝင်ခိုင်း အသေခံခိုင်းသည်၊) ဟူ၍/ အယူအဆနှင့် ပတ်သက်လျှင် လူမျာ သတ္တိတွေ ဝင်လာတတ်ပုံနှင့် စပ်လျဉ်း၍လည်း အိုင်းရစ်(ရှ)ပြဇာတ်ရေးဆရာကြီး ဘာနာ့ဒ်ရှော (George Benard Shaw 1856-1950) က အဲဒီလူ ဆိုတဲ့ သတ္တ၀ါကလည်း သူ့အတ္တအကျိုးစီးပွား ကိစ္စမှာတောင် တုတ်တုတ်မှမလှုပ်ရဲအောင် သူရဲဘောကြောင်တဲ့ လူမျိုးဖြစ်နေစေဦးတော့ အယူအဆနဲ့ ပတ်သက်လာရင် သူရဲကောင်းတစ်ယောက်လို တိုက်ခိုက်တတ် တယ်ဗျ၊ (This creature Man, who in his own selfish affairs in is a cowared to the backbone, will fight for an idea like a hero) ဟူ၍ တအံ့တသြ လေသံနှင့် ဆိုဖူးသည်။ အယူအဆ တစ်ခုကို အမြစ်ဖြုတ်ရန် ခက်သည့်နောက်အကြောင်း တစ်ရပ်က အယူအဆဖြန့်ချိ သူတွေ၊ ဖြန့်ချိရာမှာ အသုံးပြုသည့် စာအုပ်စာတမ်းတွေကို ဖျက်ဆီးချေမှုန်းနိုင်သော်လည်း အယူအဆ ကိုယ်တိုင်ကိုကား ကြိုးပေးကွပ်မျက်ခြင်း၊ လူသတ်ကုန်းသို့ ထုတ်၍သုတ်သင်ခြင်း၊ ကားစင်တင်၍ မီးရှို့စီရင် ခြင်းများ မပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ယေးလ်တက္ကသိုလ် အဓိပတိအဖြစ်ဆောင်ရွက်ခဲ့သူ ဂရစ္စဝိုးလ်(ဒ) (Alferd Whitney Griswold 1906-63) က အယူအဆများကို ထောင်ချထား၍ မရ။ သမိုင်းထဲမှာကြည့်လျှင် ရေရှည်၌ ပိတ်ပင်ထားဆီး ရေးသမားနှင့် အယူအဆကို ခုံရုံးတင် စီရင်သူများသာ ရှုံးစမြဲဖြစ်သည်။ (Ideas won't go to jail. In the long run of history, the censor and the inquisitor have always lost.) ဟူ၍ ဆိုသည်။ သို့သော် သူက မိမိ မကြိုက်မနှစ်သက်သော အယူအဆ သို့မဟုတ် မကောင်းဘူးဟု ထင်မြင်သော အယူအဆကို ချေဖျက်နိုင်မည့် နည်းလမ်းကိုတော့လည်း ပေးခဲ့ပါသေးသည်။ အဲ့ဒါက မကောင်းသော အယူအဆများကို သေချာပေါက် တိုက်ဖျက်နိုင်မည့် တစ်ခုတည်းသော လက်နက်ကား ပိုကောင်းသော အယူအဆများသာ ဖြစ်ပါသည်။ (The only sure weapon against bad ideas is better ideas.) ဟူသတည်း။


ဖေမြင့်