Friday, July 24, 2009

က)ပါရီ တောင်သမာန် အင်းနှင့် ရာဇဓမ္မ သင်္ဂဟ ကျမ်း Nov

က)
၁၈၅၃ ခုနှစ်……။

ပဒေသရာဇ်ပုဂံမင်းအား ပုန်ကန်ရန် မင်းတုန်းနှင့် ညီတော်ကနောင်တို့ တောခိုသည်။ မောင်ဘိုးလှိုင်သည်လည်း ရှင်လူထွက်ပြီး မင်းတုန်းတို့နောက်သို့ လိုက်တော့သည်။ သူလည်း ပုဂံမင်းအား တော်လှန်မည်။

မောင်ဘိုးလှိုင်သည် သူပုန်ခေါင်းဆောင် မင်းတုန်း၊ ကနောင်တို့နှင့် ၀ါးရင်းတုတ်ရွာတွင် ဆုံမိသည်။ မည်သည့်ဒေသတွင် အခြေစိုက်၍ ပုဂံမင်းအား သူပုန်ထမည်နည်း။ ကနောင်မင်းသားက ရှမ်းပြည်နယ်သို့ သွားလို၏။ ငမြာရွာသူကြီး မောင်တုတ်က ကသည်းပြည်သို့ သွားလို၏။ မောင်ဘိုးလှိုင်က ရွှေဘိုမြို့ဝန်အား လုပ်ကြံပြီး ရွှေဘိုမှအခြေပြု၍ ပုဂံမင်းအား ပုန်ကန်ရန် အဆိုပြုသည်။ ပခန်းမင်းကြီးက ထောက်ခံ၏။ သူပုန်ခေါင်းဆောင် မင်းတုန်းကလည်း မောင်ဘိုးလှိုင်၏ အဆိုပြုချက်ကို သဘောတူသဖြင့် ရွှေဘိုတွင် အခြေစိုက်ရန် ဆုံးဖြတ်ခဲ့တော့၏။ ကနောင်မင်းဦးဆောင်သည့် အမရပူရချီစစ်ကြောင်းတွင် မောင်ဘိုးလှိုင်လည်း လိုက်ပါခဲ့၏။

မြို့သိမ်းတိုက်ပွဲက မပြင်းထန်ခဲ့….။ နန်းတော်က ကျဆုံးသွားခဲ့တော့သည်။ တော်လှန်ရေးကား ၅ လသာ ကြာမြင့်ခဲ့၏။ မင်းတုန်းမင်းသည်လည်း ကုန်းဘောင်သမိုင်းစဉ်အတွင်း ပဒေသရာဇ်ဘုရင်တပါးအဖြစ် နေရာယူခဲ့တော့၏။ ကနောင်မင်းသားက အိမ်ရှေ့စံမင်းသားအဖြစ် အပ်နှံခြင်းခံရသည်။ မောင်ဘိုးလှိုင်က ဘုရင်နှင့် မိဖုရားခေါင်းကြီးတို့၏ မွေးစားသားအဖြစ် မင်းသားအဆောင်အယောင်နှင့် ယောမြို့အား စားရ၏။ ၂ နှစ်ခန့်အထိ မင်းတုန်းဘုရင်က နေပြည်တော်သို့မပြန်…..။ ရွှေဘိုမှာပင် နေ၏။ ဤကာလအတွင်း နေပြည်တော်အား ကနောင်မင်းသားနှင့် ယောမင်းကြီး ဦးဘိုးလှိုင်တို့က အုပ်ချုပ်ခဲ့ကြရ၏။

မင်းတုန်းမင်းခေတ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတတ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များထဲ၌ ကနောင်မင်းသားကြီးနှင့် ယောမင်းကြီး ဦးဘိုးလှိုင်တို့မှာ အဓိကခေါင်းကိုင် ပုဂ္ဂိုလ်များဖြစ်ကြ၏။ နိုင်ငံခြား ပညာတော်သင်များ စေလွှတ်ခဲ့ကြသည်။ စက်ရုံ၊ အလုပ်ရုံများစွာ တည်ဆောက်ခဲ့ကြသည်။ ဂျပန်နိုင်ငံ မီဂျီခေတ်ကဲ့သို့…..။ ဦးဘိုးလှိုင်က မင်းတုန်မင်း၏ တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့သည်။ တိုင်းပြည်တိုးတတ်ရေးအတွက် တည်ဆောက်ရေးတွင်လည်း ပါဝင်ခဲ့သည်။ သို့သော် …. သူကား မင်းအလိုလိုက် အလိုတော်ရိမဟုတ် …..။ သို့ဖြင့် မကြာခဏ တာဝန်မှ ရပ်စဲခြင်းခံရသည်။ မင်းတုန်းမင်းလက်ထက်တွင်ပင် ၉ ကြိမ်တိုင်တိုင် ရာထူးမှ ဖြုတ်ချခြင်းခံရသည်။



(ခ)
ယောမင်းကြီး ဦးဘိုးလှိုင်သည် `ရာဇဓမ္မသင်္ဂဟကျမ်း` အား လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်၌ ရေးခဲ့၏။ ကုန်းဘောင် ခေတ်နှောင်းကာလဖြစ်သည်။ မြန်မာပညာရှိ ဦးဘိုးလှိုင်၏ နိုင်ငံရေးဘောဂဗေဒအမြင်များ ဖြစ်သည်။ မှန်နန်းရိပ်မှ လွတ်လပ်သော အတွေးအခေါ်များ …..။ ပါရီနှင့် ခေတ်ပြိုင်အတွေးအခေါ်များဟု ဆိုရမည်။ တောင်သမန်းအင်းနှင့် ပါရီ ကူးလူးလွန်းထိုး၍ ကြည့်ခွင့်ရသည်။ ပါရီတွင်ကား ….. ဒေါက်တာအဒမ်စမစ်၊ သောမတ်မေ(လ်)သပ်(စ်)၊ ဒေးဗစ်ရီကာဒို ……။ တောင်သမန်းအင်းတွင်က ….. ယောအတွင်းဝန်မင်းကြီး ဦးဘိုးလှိုင်……။ ခေတ်ပြိုင်များဟု ဆိုရမည်။

သမိုင်းဆရာများက `ပါရီ`သည် ထိုခေတ်က ခေတ်ကို စိန်ခေါ်သည့်နေရာဟု ၀ိဂြိုဟ်ပြုကြ၏။ ဤသို့ဆိုလျှင် အမရပူရသည်… တောင်သမန်းအင်းသည်လည်း……။



(ဂ)
``ကုန်သည်လယ်လုပ်တို့ကို လုပ်အောင်၊ ကူးသန်းအားရှိအောင် အပိတ်အပင်မရှိ ဖွင့်၍ အခွင့်ပေးခြင်း ဤကဲ့သို့ နှောင့်ယှက်ဖျက်ဆီးရှိလျှင် ကုန်သည်တို့လည်း ကောင်းစွာ ကူးသန်းရောင်းဝယ်ခြင်းကို မပြုနိုင်ရာ၊ လယ်ယာလုပ်ဆောင်သည့် တောင်သူတို့သည်လည်း လယ်ယာကိုကောင်းမွန်စွာ မလုပ်ဆောင်နိုင်ရာ ``

(ရာဇဓမ္မ သင်္ဂဟကျမ်း)

ယောမင်းကြီးဦးဘိုးလှိုင်

ကူးသန်းရောင်းဝယ်မှုကို အပိတ်အပင်၊ အဟန့်အတား၊ အနှောင့်အယှက်မရှိ ဖွင့်ပေးရမည်။ အချုပ်အချယ်မရှိ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ရှိရမည်ဟု ယောမင်းကြီး ဦးဘိုးလှိုင်က ဆိုခြင်းဖြစ်သည်။ တနည်းအားဖြင့် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှု (Free Trade) သဘောတရားပင်ဖြစ်သည်။

အချုပ်အချယ်မရှိ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေးဟူသည့် ဦးဘိုးလှိုင်၏ အယူအဆသည် ကုန်းဘောင်ခေတ် မြေရှင်ပဒေသရာဇ်စနစ်၏ မှန်နန်းဆောင်အရိပ်အတွင်း မည်မျှကျယ်လောင်၍ မြည်းဟီးနိုင်လိမ့်မည်နည်း……။

``အကူးအသန်းအရောင်းအ၀ယ် အလုပ်အဆောင် မပျက်မစီး ကောင်းမွန်စွာ ကူးသန်းလုပ်ဆောင်ရအောင် အကြီးအအုပ်နှင့်တကွ အစောင့်အရှောက် အထိန်းအသိမ်း ထားသင့်သည်။ အကြီးအအုပ်နှင့်တကွ အစောင့်အရှောက် အထိန်းအသိမ်း ထားပြီးမှ ကောင်းမွန်စွာ ကူးသန်းလုပ်ဆောင်နိုင်ရာသည်``

(ရာဇဓမ္မ သင်္ဂဟကျမ်း)

ယောမင်းကြီး ဦးဘိုးလှိုင်

သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်အတွင်းဖြစ်သည်။ ထိုစဉ်က မြေရှင်ပဒေသရာဇ်ကြီးတို့သည် မင်းဧကရာဇ်၏ နန်းရိပ်၊ နန်းဝါအတွင်းမှ ကူးသန်းရောင်းဝယ်မှု မှန်သမျှတို့အား လက်ဝါးကြီးအုပ်ထားကြမည်။ အခွန်အတုတ်အမျိုးမျိုးဖြင့် ကြီးပွား၍နေကြသည်။ လက်ဆောင်ပဏ္ဍာ ဆက်မှုအမျိုးမျိုးအား ခံယူ၍ ကျေနပ်နေကြလိမ့်မည်။ မှန်နန်းတော်အတွင်း မင်းစည်းစိမ်အပြည့်နှင့် နှစ်သက်နေကြလိမ့်မည်။ ဤအခြေအနေ၊ ဤ၀န်းကျင်၊ သို့သော် နိုင်ငံအရိပ်အတွင်း၌ ယောအတွင်းဝန်သည် မင်းလုပ်အုပ်စိုးသော အစိုးရသည် စီးပွားရေးတွင် ၀င်မစွက်သင့်၊ မပါဝင်၊ မချယ်လှယ်ရ….။ အစိုးရသည် နိုင်ငံ၏ စီးပွားရေးစနစ်ကြီး ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက်သာ စောင့်ထိန်းရမည်။ ဒရ၀မ်အဖြစ်သာ တာဝန်ယူသင့်သည်။ ဤသို့…..ဦးဘိုးလှိုင်က ယူဆသည်။

`ပါရီ`ကျမ်းရိုးဘောဂဗေဒ၀ါဒီတို့၏ စီးပွားရေးလွတ်လပ်မှုဝါဒ (Laisser-faire) အယူအဆနှင့် ယောမင်းကြီး ဘောဂဗေဒအမြင်များက တူညီ၍နေ၏။ မှန်နန်းဆောင်အတွင်းမှ ဦးဘိုးလှိုင်၏ (Laisser–Faire) အယူအဆမှာ ခေတ်ရှေ့လွန်၍နေသည်။ တိုးတတ်သော ဘောဂဗေဒအမြင်များဟု ဆိုရမည်။ သို့သော် ….သံလျက်အောက်မှ (Laisser-Faire) က တောင်သမန်းအင်းအတွင်း မြုပ်ချီပေါ်ချီနှင့်…..။



(ဃ)
``ကုန်သည်တို့ အားရှိအောင်လည်း ပေါင်းစုစည်းရုံး၍ ကူးသန်းစေသည်။ ကိုယ့်နိုင်ငံအတွင်းသာ ကူးသန်းရောင်းဝယ်သည်ထက် အခြားနိုင်ငံနှင့်ဆက်၍ ကူးသန်းရောင်းဝယ်ခြင်းသည် သာ၍ အကျိုးကြီးမားသောကြောင့် အခြားနိုင်ငံ၌ ကုန်သည်ကို ကူးသန်းရောင်းဝယ်ခြင်း၌ အပိတ်အပင် အဆီးအတား မရှိရအောင် မိတ်ဖွဲ့၍ပေးပြီးလျှင် ကူးသန်းသွားစေသည်``

(ရာဇဓမ္မသင်္ဂဟကျမ်း)

ယောမင်းကြီးဦးဘိုးလှိုင်

ယောမင်းကြီးသည် လွန်ခဲ့သော နှစ် ၁၅၀ ခန့်ကပင် ကမ္ဘာလုံးစီးပွားရေး (Global Economy) အား တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ကျမ်းရိုးဘောဂဗေဒပညာရှင် ဒေးဗစ်ရီကာဒိုအား ကမ္ဘာလုံးစီးပွားရေး (Global Economy) ၏ ခေါင်းကိုင်ပညာရှင်ဟု သတ်မှတ်ပါက ဦးဘိုးလှိုင်ကိုလည်း ရီကာဒိုနှင့်တန်းတူ နေရာပေးရမည်သာ …..။ ဇာတိဂုဏ်ပင် တတ်မိသေး၏။



(င)
ကုန်းဘောင် ခေတ်နှောင်းကာလများ၌ ဥရောပဘောဂဗေဒ အတွေးအခေါ်များတွင် မြေယာဘောဂဗေဒ ဂိုဏ်းဟူ၍ ဂိုဏ်းတဂိုဏ်း ရှိခဲ့သည်။ ထိုဂိုဏ်း၏ အယူအဆများမှာ လယ်လုပ်သူများသာ ကုန်ထုတ်နိုင်စွမ်းရှိ၏။ နိုင်ငံ၏ ဓနကို ဖန်တီးနိုင်၏။ ထို့ကြောင့် လယ်လုပ်သူများကိုသာ အဓိကထားရမည်ဟူ၍ ဖြစ်သည်။

ရာဇသင်္ဂဟကျမ်းတွင် ဦးဘိုးလှိုင်သည် သင်္ဂဟတရားလေးပါးအား ဤသို့ အနက်ဖွင့်၏။ ``အခွန်အတုတ်အားကြီးကိုလည်း ကုန်သည်တောင်သူတို့ကို အကူးအသန်း အလုပ်အဆောင် အားကြီးအောင် `မ`စကြည့်ရှု၍ ထိုသူတို့ အလုပ်အဆောင် အကူးအသန်း အားကြီးရာတွင် အခွန်အတုတ် အကောက်အခံရမှုများစွာသည် ဖြစ်သောကြောင့် နိုင်ငံကို အုပ်စိုးစောင့်ရှောက်ကုန်သော မင်းမှူးမတ်တို့သည် ထိုကုန်သည် လယ်လုပ်တို့ကိုချည်း မပြတ်ကြည်ရှု၍ အားပေးရလိမ့်မည်။ ဤသို့အားပေးခြင်းသည်ပင် တိုင်းပြည်နိုင်ငံကို တိုးတတ်အောင် ပြုလုပ်ခြင်းမည်သည်။ ဤသို့ ကုန်သည်လယ်လုပ်တို့ကို အားရှိအောင် စောင့်မကြည့်ရှုခြင်းသည်ပင် `သမ္မာပါသ`တရားဖြစ်သည်``

ဦးဘိုးလှိုင်၏ အယူအဆသည် နိုင်ငံ၏ ဓနအား ဖန်တီးနိုင်သော အင်အားမှာ လယ်လုပ်သူများသာလျှင် မဟုတ်၊ ကုန်သည်တို့လည်း ပါသည်။ ဥရောပမှ မြေယာ ဘောဂဗေဒသမားများကဲ့သို့ တခုတည်း၌ ကျန်မနေခဲ့။ သူက ပို၍ပင် အမြင်ကျယ်နေ၏။

``ကုန်သည်လယ်လုပ်၊ ကြိုးကုတ်များစွာ လူတကာတို့ ခိုင်မာရင့်ကြည် ပြည့်ဝမ်းမည်၏`` ဟူ၍ မင်းစဉ်အလင်္ကာအား ရေးခဲ့သည်။ ဤတွင် ကုန်သည်လူတန်းစားအား ပြည့်ဝမ်းအဖြစ် သဘောထားသည်။ မြေယာဘောဂဗေဒ သမားများကဲ့သို့ `အမြုံ`အဖြစ် မမှတ်ယူ…..။ ဤနေရာ၌ ယောအတွင်းဝန်၏ အယူအဆများသည် ကျမ်းရိုးဘောဂဗေဒ၏ ခေါင်းကိုင်ဖခင်ကြီးဖြစ်သည့် ဒေါက်တာအဒမ်စမစ်နှင့် တထပ်တည်း တူညီ၍နေသည်။ အဒမ်စမစ်က လယ်လုပ်သူတို့သည် ကုန်ထုတ်အစွမ်းရှိသည်ကို မငြင်းပယ်….။ သို့သော် ကုန်သည်တို့သည် ကုန်ထုတ်အစွမ်းမရှိ။ `အမြုံ`ဖြစ်၍ နိုင်ငံ၏ ဓနကို မဖန်တီးနိုင်ဟူသည်ကိုမူ လုံးဝလက်မခံ၊ သဘောမတူ ကန့်ကွက်၏။ ဦးဘိုးလှိုင်ကဲ့သို့ပင် ``လက်မှုပညာသည်များ၊ ကုန်ထုတ်လုပ်သူများနှင့် ကုန်သည်များကို ကျွန်ုပ်တို့သည် ကုန်ထုတ်နိုင်စွမ်းရှိသော အတန်းအစားတွင် စာရင်းသွင်းလိုပါသည်``

(နိုင်ငံတို့၏ဓနအင်အားများ)

ဒေါက်တာအဒမ်စမစ်

``မီးသင်္ဘော၊ မီးရထား၊ ရက်ကန်းစက်မှစ၍ စက်အမျိုးမျိုး ဖန်(လ်)၊ မှန်၊ ပန်းကန်၊ ပိုးထည်၊ ချည်ထည် အမျိုးမျိုးတို့သည် ဥာဏ်ပညာမှ ထွက်သည်ချည်းဖြစ်သည်။ စကားပြောကြေးနန်း၊ အရိပ်လူပုံကို ယူနိုင်သောအတတ် (ဓာတ်ပုံ) အစရှိသည်တို့သည်လည်း ဥာဏ်ပညာမှ ဖြစ်သည်ချည်းဟူ၍ မှတ်ရမည်``

(ရာဇဓမ္မသင်္ဂဟကျမ်း)

ယောမင်းကြီး ဦးဘိုးလှိုင်

ဥာဏ်၊ ၀ိရီယနှင့်ပြီးစီးစေသည့် လုပ်ငန်းမှန်သမျှတို့သည် ကုန်ထုတ်နိုင်စွမ်းရှိသည်။ နိုင်ငံ၏ ဓနအား ဖန်တီးနိုင်စွမ်းရှိ၏။ ဤသို့….ယောမင်းကြီးက ယူဆခဲ့သည်။ ဒေါက်တာ အဒမ်စမစ်နှင့် မကွဲလွဲ…..။ ထိုစဉ်က ဦးဘိုးလှိုင်သာ ပါရီရောက်ခဲ့လျှင် ရာဇဓမ္မသင်္ဂဟကျမ်းသည်လည်း….. အမျိုးဂုဏ်က တက်ချင်၍ လာပြန်၏။



(စ)
၁၉၉၄ ခုနှစ်ထုတ် The Economic စာစောင်တွင် ဆောင်းပါးရှင်တဦးက ``ဘာသာတရား၊ ပေါ်လစီ၊ မဟာဗျူဟာတို့အား ပေါင်းရုန်း၍ အိုင်ဒီယာ(Ideas)ပိုင်းဟူ၍ သတ်မှတ်ပြီး လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်မှုအပိုင်းကို လွယ်လွယ်ပင် လက်တွေ့အပိုင်းဟုခေါ်သည်။ ဤသို့ နှစ်ပိုင်းခွဲခြားပြီး အိုင်ဒီယာအပိုင်းတွင် ပါဝင်လှုပ်ရှားကြသည့် ပုဂိုလ်များက အုပ်စုတစု….။ လက်တွေ့ပိုင်းတွင် ကျင်လည်ကြသည့် ပုဂ္ဂိုလ်များအား အုပ်စုတစု ခွဲခြားသည်။ အိုင်ဒီယာပိုင်း အုပ်စုဝင်များတွင် အသိပညာရှင်များပါဝင်ပြီး လက်တွေ့ပိုင်း အုပ်စုဝင်များတွင် အာဏာပိုင်အုပ်စိုးသူများ ပါဝင်ကြသည်။ အသိပညာရှင်သည် သိမ်မွေ့နက်နဲသော အိုင်ဒီယာများအတွင်း၌သာ စူးစိုက်၍ ရှာဖွေနေမည်၊ ဖော်ထုတ်နေမည်။ တွေ့ရှိချက်များအား တင်ပြသွားမည်။ ကိုယ်တိုင်ကမူ လက်တွေ့ထ၍ လုပ်မည်မဟုတ်။ နိုင်ငံရေးအာဏာလောကသို့ မ၀င်လို …. အဝေးကပင် နေလိုကြသည်။

ဤနည်းကဲ့သို့ပင် နိုင်ငံရေးအာဏာပိုင်တို့သည်လည်း နက်နဲသိမ်မွေ့သော အတွေးအခေါ်တို့အား တွေးခေါ်မနေလိုကြ။ အပင်ပန်းမခံချင် ရှောင်၍နေလိုကြသည်။ သို့သော် …. သူတို့နှစ်ဦး တကယ်တမ်း ပူးပေါင်းကြမိလျှင်ကား နိုင်ငံ၏ နိုင်ငံရေးမျက်နှာပြင်သည် အကြီးအကျယ် ပြောင်းလဲ၍ သွားတတ်သည်။ ပမာအားဖြင့် ၁၉၃၀ ၀န်းကျင်ကာလများအတွင်း ဘောဂဗေဒပညာရှင် လော့မေနပ်ကိန်း၏ အိုင်ဒီယာအား အမေရိကန်နှင့် ဥရောပရှိ အာဏာရ နိုင်ငံရေးသမားတို့က လက်တွေ့ကျင့်သုံးခဲ့ကြရာ အမေရိကန်နှင့် ဥရောပနိုင်ငံရေး မျက်နှာပြင်သည် အကြီးအကျယ်အပြောင်းအလဲများဖြစ်ခဲ့ရသည်`` ။ ဤသို့ရေးထားသည်။

အကယ်၍ …. ယောအတွင်းဝန် ဦးဘိုးလှိုင်၏ အိုင်ဒီယာသည် ကုန်းဘောင်ခေတ် မှန်နန်းဆောင်အတွင်း လက်တွေ့ကျင့်သုံးနိုင်ခဲ့လျှင် ….. ယောအတွင်းဝန် ဦးဘိုးလှိုင်၏ အိုင်ဒီယာနှင့် ဘ၀ရှင်မင်းတရားကြီးတို့ နှစ်ဦး တကယ်တမ်း ပူးပေါင်းခဲ့လျှင် ….။ ကုန်းဘောင်ခေတ်နှောင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးမျက်နှာပြင်သည် ဘယ်သို့များ ဖြစ်လေမည်နည်း။ ကုန်းဘောင်အလွန် မြန်မာနိုင်ငံသမိုင်းသည်လည်း ဘယ်သို့များ ရေးထိုးခဲ့ရလေမည်နည်း။ စဉ်းစားရင်း နှလုံးသွေးများက ဆူပွက်၍လာသည်။

သို့သော် ….. ``ရှင်ဘုရင်လုပ်ရတာ ငလှိုင်ပေးသရွှေ့နှင့် စားရမှာလား။ ဒီလိုဖြင့် ရှင်ဘုရင်တောင် မလုပ်ချင်တော့ဘူး`` မှန်နန်းဆောင်အတွင်းမှ အသံများက ပျံ့လွင့်၍လာသည်။


အညွှန်း


မောင်စူးစမ်း၏ ဘောဂဗေဒလက်ရွေးစင်
မောင်ထင်၏ ယောမင်းကြီး ဦးဘိုးလှိုင်
ကျော်ဝင်း၏ နိုင်ငံများ၏ဓန
မင်းဆွေသစ်
Prev: လက်နှက်ကိုင်တော်လှန်ရေး ကန့်သတ်စစ်ပွဲနှင့် နိင်ငံရေးချိန်ခွင်လျှာ
Next: ဂျီနို ဆိုက်ဒ်