သမ္မတစနစ်
သမ္မတ စနစ်မှာ တိုင်းပြည်တော်တော်များများတွင်ကျင့်သုံးနေပြီး ဒီမိုကရေစီ စနစ်သာမက အာဏာရှင်စနစ်၊တစ်ပါတီစနစ် (အီဂျစ်၊ဆီးရီးယား၊မြောက်ကိုရီးယား၊တရုတ်၊ဗီယက်နမ်)အစရှိသည့် နိုင်ငံများတွင်ပါကျင့်သုံးကြပါသည်။သို့သော် ယခုဖော်ပြမည့် စနစ်မှာ ဒီမိုကရေစီ စနစ်ပေါ်တွင်အခြေခံသည့် သမ္မတစနစ်သာဖြစ်သည်။
Contents
1 နောက်ခံသမိုင်းကြောင်း
2 ဖွဲ့စည်းပုံ
3 သမ္မတဖြစ်ရန်လိုအပ်သည့်အချက်များနှင့်ရာထူးသက်တမ်း
4 သမ္မတ၏အခွင့်အာဏာ
5 သမ္မတအားပြန်လည်ဖြုတ်ချခြင်း
6 ထင်ရှားသည့်သမ္မတစနစ်နိုင်ငံများ
] နောက်ခံသမိုင်းကြောင်း
သမိုင်းမှတ်တမ်းများအရ ခေတ်သစ်ကမ္ဘာတွင် သမ္မတစနစ်ကျင့်သုံးရာတွင် အမေရိကန်ပြည်ထောင်စုမှာ အဦးဆုံးဖြစ်သည်။ဗြိတိန်တို့၏ ကိုလိုနီပြုထားသည်ကိုတွန်းလှန်ပြီး ပြည်နယ် ၁၃ ခုဖြင့်ပြည်ထောင်စုဖွဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ သမ္မတစနစ်ဖြင့်အုပ်ချုပ်ရန်သဘောတူကြသည်။ဂျော့ခ်ျ ၀ါရှင်တန် မှာ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတဖြစ်သည်။
[] ဖွဲ့စည်းပုံ
အခြေခံအားဖြင့် သမ္မတ စနစ်၏ အုပ်ချုပ်ရေးအာဏာ အပိုင်းတွင်တွင် ဖွဲ့စည်းပုံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သမ္မတ မှနိုင်ငံ၏ တာဝန်ကို အလုံးစုံတာဝန်ယူကာ ပြည်တွင်းပြည်ပ အရေးနှစ်ရပ်လုံးကို စီမံခန့်ခွဲသည်။(ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်)
ဒုတိယတစ်မျိုးမှာ သမ္မတ ကပြည်ပရေးရာ၊ကာကွယ်ရေး နှင့်အရေးပါသည့် ၀န်ကြီးဌာနများကိုကိုင်တွယ်ပြီး ပြည်တွင်းရေးရာ (လုံခြုံရေး၊ပညာရေးနှင့် စီးပွားရေး အစရှိသည်)တို့တွင် ၀န်ကြီးချုပ်တစ်ဦးကို ခန့်အပ်ပြီး ဦးဆောင်စေသည့်ပုံစံဖြစ်သည်။သို့သော် ထိုဝန်ကြီးချုပ်မှာ ပါလီမန် ဒီမိုကရေစီ စနစ် ၏ ၀န်ကြီးချုပ်များကဲ့သို့မဟုတ်ပဲ အချိန်မရွေး သမ္မတက ပြန်လည်ထုတ်ပယ်နိုင်သည်။ (ဥပမာအားဖြင့် ရုရှား၊ပြင်သစ်၊ထိုင်ဝမ်၊)ထို့အပြင်နိုင်ငံရေးအရ မိမိနှင့် မဟာမိတ်ပါတီမှ ခေါင်းဆောင်ကို အာဏာခွဲဝေပေးရန်အတွက်လည်း ၀န်ကြီးချုပ်ရာထူး ခန့်လေ့ရှိပြန်သည်။(ဥပမာအားဖြင့်ယူကရိန်း) ထိုသို့ဝန်ကြီးချုပ်များခန့်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ထည့်သွင်းရေးဆွဲပြဌာန်းသည့်အတိုင်းဖြစ်သည်။
သမ္မတကို ရွေးကောက်တင်မြောက်ရာတွင် ပြည်သူတို့က တိုက်ရိုက်ရွေးကောက်သည့်စနစ်ကိုသာအများဆုံး ကျင့်သုံးကြပြီး၊ ရံဖန်ရံခါ လွှတ်တော်မှတစ်ဆင့် ရွေးကောက်တင်မြောက်သည်လည်းရှိသည်။ပြည်သူတို့က တိုက်ရိုက်ရွေးကောက်တင်မြောက် ပုံမှာ လွယ်ကူရှင်းလင်းသည်။လွှတ်တော်မှတစ်ဆင့် ရွေးကောက်ခြင်းသည် ပြည်တွင်းတည်ငြိမ်မှုရစေရန်အတွက်၊ ပြည်သူတို့ နိုင်ငံရေးတွင်မရင့်ကျက်သည့်အတွက် ဟူ၍အကြောင်းပြချက်များဖြင့် ပြည်သူတို့ကို နိုင်ငံရေးနယ်ပယ်မှဝေးကွာစေရန် ရည်ရွယ်ချက်ဖြင့်လည်းပြုလုပ်ကြသည်။(ဥပမာအားဖြင့်အနာဂတ် မြန်မာနိုင်ငံ)
သမ္မတစနစ်တွင် အများအားဖြင့် အုပ်ချုပ်ရေးအာဏာကိုရယူသည့် သမ္မတ သည်ကျန် ဥပဒေပြုရေးအာဏာ၊တရားစီရင်ရေး အာဏာ များနှင့် သက်ဆိုင်ခြင်းမရှိပေ။အမေရိကန်ပြည်ထောင်စု သမ္မတများသည် ဥပဒေပြုရေးအာဏာဖြစ်သည့် လွှတ်တော်သို့ ဖိတ်ခေါ်ခြင်းမရှိလျှင် သွားရောက်ခွင့်မရှိပေ။ထို့ပြင် သမ္မတများသည် နိုင်ငံတော်တရားသူကြီးချုပ်ကို ခန့်ထားပိုင်ခွင့်သာရှိပြီး ရာထူးမှ ပြန်လည်ရုတ်သိမ်းပိုင်ခွင့်မရှိသည့်အတွက် တရားစီရင်ရေးအာဏာကို လွှမ်းမိုးနိုင်ခြင်း မရှိတော့ချေ။သို့သော် အချို့နိုင်ငံများတွင် သမ္မတတွင် တရားသူကြီးချုပ်များကို အကျိုးအကြောင်းပြကာ ပြန်လည်ဖြုတ်ချ ခွင့်ရှိကြသည်။
[] သမ္မတဖြစ်ရန်လိုအပ်သည့်အချက်များနှင့်ရာထူးသက်တမ်း
သမ္မတ တစ်ဦးဖြစ်ရန်အတွက် နိုင်ငံအလိုက်သတ်မှတ်ထားသည့် စံနှုံးများကွာခြားတတ်ပါသည်။သို့သော် နိုင်ငံသားဖြစ်ရမည်၊ ပါတီဝင်ဖြစ်ရမည် ဟူသည့်အချက်များမှာ ပြဌာန်းမထားသည့်တိုင် အများက နားလည်ပြီးဖြစ်သည်။ ယေဘူယျအားဖြင့် အမျိုးသားရေးဝါဒ ကို အသားပေးသည့်နိုင်ငံများတွင် သမ္မတ တစ်ဦးအတွက် သတ်မှတ်ချက် များ လေ့ရှိပြီး ပွင့်လင်း လွတ်လပ်မှုကို အသားပေးသည့်နိုင်ငံများတွင်မူ သတ်မှတ်ချက်များ နည်းပါးတတ်ပါသည်။
သမ္မတရာထူးသက်တမ်းမှာ နိုင်ငံအလိုက်ကွဲပြားတတ်သည်။ အများအားဖြင့် တစ်ကြိမ်လျှင် ၄ နှစ်နှုံးဖြင့် နှစ်ကြိမ်ထိ ထမ်းဆောင် နိုင်သည်။သို့သော် အာဏာရှင်စနစ်ကိုကြောက်ရွံပြီးတစ်ဦးတစ်ယောက်မှ အာဏာကိုရေရှည်ကိုင်တွယ်ကာ သြဇာထူထောင် မည့်အဖြစ်ကိုရှောင်လွှဲရန်အတွက် ၄ နှစ်ထက်ပိုသောသက်တမ်း တစ်ကြိမ်ကိုသာထမ်းဆောင်ရန်သတ်မှတ်သည် လည်းရှိတတ်သည်။ (ဥပမာအားဖြင့် တောင်ကိုးရီးယား သမ္မတများသည် ၅နှစ်သက်တမ်းတစ်ကြိမ်သာထမ်းဆောင်နိုင်သည်။)
[] သမ္မတ၏အခွင့်အာဏာ
သမ္မတ တစ်ဦးအနေဖြင့် လွှတ်တော်မှ အတည်ပြုပြဌာန်းလိုက်သည့် ဥပဒေ ကို လက်မှတ်ထိုးကာအတည်ပြုပေးရသည်။ သို့သော် အချိန်အကန့်အသက် တစ်ခုအတွင်း အတည်မပြုပေးသည့်တိုင် ထိုဥပဒေမှာ လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဌာန်းနိုင်သည်။သမ္မတသည် အုပ်ချုပ်ရေးအာဏာဖြင့် လိုအပ်သည့်အမိန့်ဒီဂရီများကို ပြဌာန်းနိုင်သည်။သို့သော် ထိုသို့ပြဌာန်းသည့် ဥပဒေ သည် လွှတ်တော်၏ အတည်ပြုခြင်းကို ရယူရန်လိုအပ်ပြီး လွှတ်တော်မှ အတည်မပြုလျှင် ပျက်ပြယ်သည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သမ္မတသည် လွှတ်တော် နှင့် သဘောထားမတိုက်ဆိုင်လျှင် ထိုလွှတ်တော်ကို ဖျက်သိမ်းကာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပ ပြီး လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းနိုင်သည်။
[] သမ္မတအားပြန်လည်ဖြုတ်ချခြင်း
သမ္မတ တစ်ဦးအားပြန်လည်ဖြုတ်ချရန်မှာမူ ဖြစ်ခဲလှပါသည်။အကြောင်းမှာ ပါလီမန် ဒီမိုကရေစီ စနစ်ကဲ့သို့မဟုတ်ပဲ အုပ်ချုပ်ရေးအကြီးအကဲ(သမ္မတ)သည် လွှတ်တော်နှင့် ပိုင်းခြားထားသည့်အတွက်သော်လည်းကောင်း၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရာထူးသက်တမ်းပြည့်သည်ထိ တာဝန်ထမ်းဆောင်ရန် အာမခံပြဌာန်းပေးထားသည်ကြောင့်လည်းကောင်း ဖြစ်လေ့ ရှိကြသည်။သို့သော် အကျင့်ပျက်ယွင်းသည့်အတွက် သက်သေစုံလင်လျှင် လွှတ်တော်အတွင်း တရားစွဲဆိုမှုပြုနိုင်ရန် မဲခွဲဆုံးဖြတ်ပြီး တရားစွဲဆိုနိုင်သည်။ တရားစွဲဆိုခြင်းခံရပြီး အပြစ်ရှိကြောင်းထင်ရှားလျှင် တရားရုံး၏ အဆုံးအဖြတ်အတိုင်း ရာထူးမှ နုတ်ထွက်ရသည်။
[ပြင်ဆင်ရန်] ထင်ရှားသည့်သမ္မတစနစ်နိုင်ငံများ
အမေရိကန်ပြည်ထောင်စု(သမ္မတ အာဏာပိုင်စနစ်)
ပြင်သစ်(သမ္မတအာဏာပိုင်၊၀န်ကြီးချုပ်ခန့်အပ် စနစ်)
ထိုင်ဝမ်(သမ္မတအာဏာပိုင်၊၀န်ကြီးချုပ်ခန့်အပ် စနစ်)
ရုရှား(သမ္မတအာဏာပိုင်၊၀န်ကြီးချုပ်ခန့်အပ် စနစ်)
အင်ဒိုနီးရှား(သမ္မတ အာဏာပိုင်စနစ်)
ဖိလစ်ပိုင်(သမ္မတ အာဏာပိုင်စနစ်)
တောင်ကိုရီးယား(သမ္မတ အာဏာပိုင်စနစ်)
တောင်အာဖရိက(သမ္မတ အာဏာပိုင်စနစ်)
ယူကရိန်း(သမ္မတ၊၀န်ကြီးချုပ် အာဏာခွဲဝေစနစ်)
တို့ဖြစ်ကြသည်။
အထူးသတိပြုရန် အချက်တစ်ချက်မှာ အချို့နိုင်ငံများ၏တရားဝင်အမည်များတွင် "သမ္မတ"ဟူသည့်စကားလုံးကိုသုံးစွဲသည့်တိုင် သမ္မတစနစ်ဖြင့် အုပ်ချုပ်သည်မဟုတ်ချေ။ဥပမာအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးသည့် စင်္ကာပူ(စင်္ကာပူသမ္မတနိုင်ငံ)၊ အိန္ဒိယ(အိန္ဒိယသမ္မတနိုင်ငံ)တို့ရှိတတ်သည်။ထို့ပြင် အာဏာရှင် နှင့် တစ်ပါတီစနစ် ကျင့်သုံးသည့် အချို့နိုင်ငံများတွင်လည်း ထိုကဲ့သို့ သမ္မတ ဆိုသည့်အသုံးအနှုံးမျိုးကို သုံးစွဲတတ်ပါသည်။