ပြည်သူ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဥပဒေ ချိုးဖောက်သည်ဟုဆိုကာ စစ်အစိုးရက ထပ်မံ တရားစွဲဆိုလိုက်ပြန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နေခွင့်ရသည့် သူ၏ရဲဘော် အမျိုးသမီးနှစ်ဦးလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် အတူ အင်းစိန်ထောင်ကြီးချုပ်သို့ ရောက်ရှိသွားကြပါသည်။ စစ်အစိုးရက ချမှတ်ထားတဲ့ တည်ဆဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးရန် ရက်ပိုင်းသာရှိပါတော့သည်။ ဒါကို မလွှတ်ချင်လို့ ယခုလို အကွက်ဆင် ဖန်တည်းလိုက်သည်မှာ ရှင်းလှပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်အကျဉ်းသားတဦးပါ။ သူ့ကို အိမ်တွင်းအကျဉ်းချထားရာ၌ စစ်အစိုးရ၏ ခွင့်ပြုချက် ရသူမှအပ အခြားမည်သူ့ကိုမျှ အိမ်ကို အဝင်မခံပါ။ အစဉ်အမြဲ လူဝင်လူထွက်ကို စစ်အစိုးရ၏ လုံခြုံရေးများက ဂရုတစိုက်ကြပ် မတ် ကွပ်ကဲလျှက် ရှိနေပါသည်။ စစ်အစိုးရ၏ တာဝန်ပေးခြင်းခံရသည့် လုံခြုံရေးဝန်ထမ်းအဆင့်ဆင့်တို့သည် ဒေါ်အောင်ဆန်း စုကြည်ကို လုံခြုံမှုရှိစေရန်လည်းကောင်း၊ ထွက်မပြေးစေရန်လည်းကောင်း၊ ခွင့်ပြုချက် မရှိသူများနှင့်မတွေ့စေရန်လည်းကောင်း တာဝန်ယူ စောင့်ကြပ်နေကြရသည် မဟုတ်ပါလား။
စစ်အစိုးရ၏ မြင်ရသည့်တမျိုး၊ မမြင်ရသည့်တမျိုး လုံခြုံရေးအထပ်ထပ်စောင့်ကြပ် နေ သည့်ကြားက အမေရိကန်ရေကူး သူရဲ ကောင်း သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ထဲသို့ ရောက်ရှိလာခြင်း အတွက် မည်သူ့မှာတာဝန်ရှိသလဲလို့ မေးစရာတောင် မလိုသည့် ကိစ္စပါလား။ ကလေးကို မဆိုထားဘိ ခွေးတောင်သိနိုင်တဲ့ ကိစ္စကို န.အ.ဖ ဗိုလ်ချုပ်တွေ မသိကြိုးကျွံပြုပြီး ဒေါ်အောင် ဆန်းစုကြည်မှာ တာဝန်ရှိသလို တရားစွဲတဲ့ အဖြစ်ကတော့ လူလောကအမြင်နဲ့တော့ အံ့သြလောက်ပါပေတယ်။ ဟေ့... လူ့လောာ က မဟုတ်တဲ့ တိရိစ္ဆာန်လောကပဲဆိုဆို ဒို့မှာအာဏာရှိရင် လုပ်ချင်ရာလုပ်လို့ရတယ်ကွဆိုပြီး သူခိုးက လူလူ ဟစ်တဲ့ ပွဲကတော့ ရာဇဝင်မှာ စာတင်လောက်အောင် ရိုင်းခဲ့ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ထဲကို ခွင့်ပြုချက်မရှိသူ တဦးဝင်လာသည်ဆိုကတည်းက န.အ.ဖ သည် သူတို့လုံခြုံရေးစည်း ကမ်း ကို သူတို့ဖောက်ဖျက်လိုက်တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အကြောင်း ပြလျှက် တာဝန်ယူချုပ်နှောင်ထားသူမှာ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပင်မဟုတ်ပါလား။ ဒါကြောင့် ယခု ဒေါ်စုအိမ် အတွင်း လူမျိုးခြားတဦး ဝင်ရောက် သည့်ကိစ္စ အတွက် တာဝန်အရှိဆုံး သည် အနှီဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် ဖြစ်နေပါပကော။ ဤသို့ဆိုလျှင် ဒေါ်စု၏ လုံခြုံရေးကို မည်သူတာဝန်ယူ မည်နည်းဟု မေးခွန်းထုတ်ရပါတော့မည်။ ဟော... ယခုလည်း ကမ္ဘာကျော် အင်းစိန်အချုပ်ထောင်ကြီးထဲကို ထည့်ထားပြန်ပါပြီ။ အဲဒီ အင်းစိန် အချုပ်ထောင်ကြီးထဲကို လူတဦးတယောက်က ဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်သွားတွေ့ သည်ဆိုကြပါစို့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့.. ဒါ ဒို့မသိဘူး ဒေါ်အောင်ဆန်းစုကြည် မှာသာ တာဝန်ရှိတယ်ဆိုပြီး နောက် ထပ်ပြစ်ဒဏ်တွေ ထပ်ပြီးပေးနိုင်တဲ့ န.အ.ဖ လမ်းစဉ်ကြီးပါလား။ နောက်ဆုံးတော့ လွှတ်ချင် မှ လွှတ်မယ်ဆိုတဲ့ သဘောပါလား။
ဘာကြောင့် ဒီလောက်တောင် ဥပဒေမဲ့တရားလက်လွှတ်လုပ်ချင်တိုင်း လုပ်ရဲနေရတာတုံး၊ သုံးသပ်ကြပါစို့။
သုံးသပ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားဖို့လေးတခုကို တင်ပြလိုပါတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့အတွက် လူထုကြီး တရပ်လုံးပါဝင်ဖို့ကတော့ အဓိက လိုအပ်ချက်ပါ။ လူထုကြီးတရပ်လုံးပါဝင်ဆင်နွှဲမှုရှိခြင်းနဲ့ အောင်ပွဲကို အဆုံးသတ်ရနိုင် ပါမည် လား။ ဒါကို စဉ်းစားကြဖို့လိုပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးသည် တနိုင်ငံလုံးလူထုကြီးပါဝင်ဆင်နွှဲခဲ့ကြတာပါ။ သို့သော် ဒီမိုကရေစီအောင်ပွဲ မရမယ့်အပြင် ပိုဆိုးတဲ့ စစ်အာဏာရှင်ရဲ့ လက်အောက်ကိုပဲ ရောက်ခဲ့ကြရပြန်ပါတယ်။ ဒါကြောင့် လူထုတ ရပ်လုံး ပါဝင်ဆင်နွှဲတဲ့တိုက်ပွဲကြီးနဲ့အတူ လူထုရဲ့ နောက်မှာ ရပ်တည်ပေး မယ့် ဒီမိုကရေစီ မိတ်ဆွေနိုင်ငံကြီးတွေရဲ့ အာဏာရ အစိုးရတွေ၏ အကူအညီအထောက်အပံ့နဲ့ ရပ်တည်ပေးမှုတွေ မုချလိုအပ်လှပါတယ်။ ယနေ့မြန်မာ့ဒီမိုကရေစီရေးကို စဉ်းစားကြ ရာမှာ အဓိကကွဲလွဲနေတဲ့အချက်က အဲဒီအချက်ပါ။ အယူအဆနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်အား ကိုယ်ကိုးမှုသာ အဓိကပါ။ ပြည်ပအကူအညီမလိုပါဘူးဆိုတဲ့ အယူအဆသည် လုံးဝမှားယွင်းကြောင်း ရှစ်လေးလုံး အရေးတော်ပုံက သက်သေပြခဲ့ပြီးပါပြီ။ ကိုယ့်အားကိုယ်မကိုးဘဲ ပြည်ပကိုသာ အားကိုးရေးဟူသော အယူအဆသည်သာ၍ဆိုးသော အယူအဆဖြစ်ပါသည်။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးပြီး ပြည်ပက အကူအညီသည်လည်း မုချလိုအပ်လှပါသည်။ ဒီနှစ်ခုပေါင်းစပ်နိုင်ပါမှ စစ်မှန်တဲ့ ဒီမိုကရေစီ အောင်ပွဲကို ရရှိပါလိမ့်မည်။
အထက်ပါအောင်ပွဲရ အယူအဆနှင့် ဆန့်ကျင်ဘက်မှာရှိတဲ့ စစ်အုပ်စုက အမြဲပြောလေ့ရှိသည် မှာ ပြည်ပအားကိုး ပုဆိန်ရိုးတဲ့ လူ ထုကြီးရဲ့ နောက်မှာ ရပ်ပေးမယ့် မည်သည့်နိုင်ငံကိုမဆို စစ်အုပ်စုက အလိုမရှိပါ။ ထိုနည်းတူ ပြည်တွင်းရေးသက်သက်ပဲ ဖြစ် တယ်။ လူထုနဲ့ အစိုးရ သာရှင်းရမယ့် ကိစ္စ ဖြစ်တယ်။ မည်သူကမှ ဝင်ရောက်မစွက်ဖက်ပါနဲ့လို့ အစဉ်တစိုက် ပြောနေ သူကတော့ တရုတ်ကြီးပါပဲ။ ကလေးနဲ့လူကြီးသတ်ပုတ်နေရတာကို ကြည့်ပြီး လူကြီးနဲ့ ပုလင်းတူဗူးဆို့ဖြစ်တဲ့ တရုတ်က….. ဟေ့ ဘယ်သူမှ ဝင်ပြီးမရှင်းကြနဲ့ သူတို့ပြဿနာ သူတို့ရှင်းလိမ့်မယ်လို့ ပြောနေသလိုပါပဲ။ ကြာရင်ဒီကလေး သေပါလိမ့်မယ်။ အခုလည်း ဒေါ် အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ဖမ်းလို့ ပြဿနာကြီး လာခဲ့ ရင် ဘယ် သူ မှ ဝင်ပြီးမပါဖို့ လေသံပစ်လိုက်ပြန်ပါပြီ။ ယခု မေလ ၁၉ ရက်နေ့ကပါ..။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် မာကျောက်ဆူးက ပြောတာပါ။ မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ် သည်။ မြန်မာ့အရေးကိစ္စကို မြန်မာပြည်သူတွေကသာ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒီစကားသည် တရုတ်တို့ ပြောနေကျပါ။ အဓိက ကတော့ အမေရိကန်ကဝင်ရောက် ကူညီမှာကိုကြောက်ပြီး ပစ်လွှတ်နေတဲ့ သင်္ကြန်အမြှောက်သံပါပဲ။ ကြားရလွန်းလို့ ရိုးနေပါပြီ။ နောက်ဆက်ပြီး မာကျောက်ဆူးက.. အိမ်နီးချင်းနိုင်ငံတခု အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန် လည် သင့်မြတ်ရေး၊တည်ငြိမ်ရေး နဲ့ တိုးတက်ဖွံ့မှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအား လုံးတွေ့ဆုံညှိနှိုင်း အဖြေရှာပြီး တည် ဆောက်နိုင်ကြောင်း…. သတင်း ထောက်များကို ပြောကြား လိုက်ပါတယ်။ ဒီစကားသည်လည်း လူကြားကောင်းအောင် ပြောလိုက် တဲ့ ဖော်မြူလာစကားတွေပါပဲ။ စစ်အစိုးရသည် အတိုက်အခံ ဆိုသူတွေနဲ့ မည်သည့်အခါမျှ စေ့စပ်ဆွေးနွေးညှိနှိုင်းမှု မလုပ်တာကို တကမ္ဘာလုံး သိကြပါတယ်။ အင်အယ်ဒီက စေ့စပ်ဆွေးနွေးရေးလုပ်ဖို့ ဖိတ်ခေါ်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ပင် ရှိပါပကော။
ကွန်မြူနစ်တရုတ်ရဲ့ တပည့်ဖြစ်တဲ့ မြန်မာစစ်အာဏာရှင် တစုက တုတ်တုတ်မျှ မလှုပ်တဲ့ အပြင် ဆွေးနွေးရေး လက်ကမ်းသူများ ကို ထပ်မံဖမ်းဆီးချုပ်နှောင်နေကြပါလား။ လက်စွမ်းပြနေတဲ့တပည့်အတွက် ကြိတ်ပြီးပီတိဖြစ်နေမည့် တရုတ်ကြီးမဟုတ်ပါလား။
အရေးအကြီးဆုံးက အတိုက်အခံခေါင်းဆောင်တွေ အဖွဲ့အစည်းတွေအနေနဲ့ ယနေ့ အရေးတော်ပုံဖြစ်လာလျှင် ရှစ်လေးလုံးလို အဖြစ်ခံမလား၊ ဒါမှမဟုတ် မှန်ကန်တဲ့ အယူအဆတွေနဲ့ အောင်ပွဲကို အရယူပြမလားဆိုတာ ပြတ်သားစွာ စဉ်းစားဆုံးဖြတ်ကြ ရန်သာ ဖြစ်ပါကြောင်း။ ။
ဦးဖိုးသာအောင် (နော်ဝေ)