Sunday, September 27, 2009

ခေါင်းဆောင်၏ အရည်အသွေး ငါးရပ်


၁။ပညာဉာဏ်

အကြားအမြင် ဗဟုသုတ တွင် ဘာသာ စကား သုံးရပ်နှင့် နည်းပညာ လေးရပ် ပါဝင်သည်။
ချိန်ဆ ဆုံးဖြတ်ခြင်း ဆိုသည်မှာ ပြဿနာ၏ အခြေအမြစ်ကို အသေးစိတ် စိစစ်ခြင်း ဖြစ်သည်



အကြားအမြင်ဗဟုသုတ

ပညာဉာဏ် ဆိုသည်မှာ အဘယ်နည်း၊ ပညာဉာဏ် ဆိုသည်မှာ အခြေခံအားဖြင့် အတွေ့ အကြုံ ဗဟုသုတ ပြည့်စုံ ကုံလုံရေးပင် ဖြစ်သည်။

ပြောင်းလဲနေသော ကမ္ဘာကြီးတွင် ကော်ပိုရေးရှင်း များ၏ အလုပ် အမှုဆောင် လူကြီးများအတွင်း အရေးအပါဆုံး ပုဂ္ဂိုလ် ဖြစ်ရန်မှာ မိမိ ဘာသာ စကားအပြင် အခြား ဘာသာ စကား သုံးမျိုးကို ကျွမ်းကျင်၍ အဓိက နည်းပညာ လေးရပ်ကိုလည်း တတ်သိ နားလည် ရမည်။

တရုတ် လူမျိုးများ အတွက် ဘာသာ စကား သုံးရပ်မှာ အင်္ဂလိပ်၊ ဂျပန်နှင့် ကွန်ပျူတာ ဘာသာ စကားများ ဖြစ်သည်။ ဘာသာ စကား သုံးရပ်ကို တတ်သိ ကျွမ်းကျင်မှုသည် တရုတ် လူ့အဖွဲ့ အစည်း အတွင်း မရှိမဖြစ် လိုအပ်သည်။ အထူးသဖြင့် ကော်ပိုရေးရှင်းကြီးများ၏ အလုပ်အမှုဆောင် လူကြီးများအတွက် ပို၍ လိုအပ်သည်။

နည်းပညာ လေးရပ်မှာ တည်ဆောက်ရေး နည်းပညာ၊ ကူးယူရေး နည်းပညာ၊ အုပ်ချုပ်ရေး နည်းပညာ နှင့် ဖလှယ်ရေး နည်းပညာတို့ ဖြစ်သည်။ ယင်းတို့မှာ စီးပွားရေး လုပ်ငန်းများအတွက် အလွန်ပင် လိုအပ်သည်။ ထိုနည်းပညာ လေးရပ်သည် အီလက်ထရောနစ် စက်ရုံကြီးအတွင်း လိုအပ်သည်သာ မက စာအုပ်ထုတ်ဝေရေးနှင့် မီဒီယာလုပ်ငန်းများတွင်လည်း လိုအပ်လှသည်။ သတင်း ဆောင်းပါးများ စီစဉ်ခြင်း၊ သတင်း စုဆောင်းခြင်း တို့သည် တည်ဆောက်ရေး နည်းပညာ ဖြစ်သည်။ရေးသားခြင်းနှင့် စာတည်းဖြတ်ခြင်း တို့သည် စီမံခန့်ခွဲရေး နည်းပညာ၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။ အကြံဉာဏ်များ ဖလှယ်ခြင်း၊ သတင်းများ ပေးပို့ခြင်းတို့သည် ဖလှယ်ရေး နည်းပညာ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။


စီးပွားရေး လုပ်ငန်းများ အခြေအနေ အလိုက် ကျွမ်းကျင်မှု လိုအပ်ချက်မှာ မတူညီကြချေ။ မိမိတို့၏ လိုအပ်ချက်ကို နားလည်ထားပြီး လိုအပ်သော နည်းပညာများ ရရှိပြည့်စုံအောင် လုပ်ထားရမည်။ နိုင်ငံရေး အဖွဲ့အစည်းနှင့် အမြတ်အစွန်းအတွက် မဟုတ်သော အဖွဲ့အစည်းများတွင် လိုအပ်သည်များမှာ စီးပွားရေး လုပ်ငန်း၌ ရရှိမည့် လိုအပ်ချက်များနှင့် မတူညီနိုင်ပေ။ ခေါင်းဆောင်များသည် လက်ရှိ အခြေအနေကို ကောင်းစွာ နားလည်ထားပြီး လိုအပ်မည့် နည်းပညာများကို တိုးတက်အောင် လုပ်ထားရမည်။

ခေါင်းဆောင် ဖြစ်လိုသည်ဆိုလျှင် မိမိနှင့် သက်ဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်ပြီး အကုန်အစင် သိထားရမည့် အပြင် နားလည် တတ်သိနိုင်သည့် စွမ်းရည်လည်း ရှိရမည်။
ချိန်ဆဆုံးဖြတ်နိုင်မှု

ပညာဉာဏ်တွင် ကောင်းသော ချိန်ဆ ဆုံးဖြတ်မှု ပါဝင်သည်။ယင်းမှာ ပြဿနာ၏ ဇာစ်မြစ်ကို အသေးစိတ် စိစစ်နိုင်သည့် အရည်အချင်း ရှိရမည်။ အရေးကြီးသည်မှာ ပထမ အနေဖြင့် အကြားအမြင် ဗဟုသုတ ကုံလုံ၍ ဒုတိယ အနေဖြင့် ကောင်းစွာ ချိန်ဆ ဆုံးဖြတ်နိုင်မှု ရှိရမည်။

အချို့သော လုပ်ငန်း အကြီးအကဲများသည် အကြားအမြင် ဗဟုသုတနှင့် ကုံလုံ ကြွယ်ဝသော်လည်း ချိန်ဆဆုံဖြတ်နိုင်မှုတွင် အားနည်းတတ်ကြသည်။ အခြေအနေ တစ်ရပ်၏ ဇာစ်မြစ်ကို နက်ရှိုင်းစွာ မသိတတ်လျှင် သုံးသပ် ဆုံးဖြတ်မှု မှားယွင်းတတ်သည်။ ချိန်ဆ ဆုံးဖြတ်ခြင်းသည် စွမ်းအားနှင့်လည်း မဆိုင်၊ ဉာဏ်နှင့်လည်း မဆိုင် ၊ တိကျ ပြည့်စုံစွာ လေ့လာ စိစစ်ခြင်းနှင့်သာ ဆိုင်သည်။
၂။ယုံကြည်ကိုးစားထိုက်မှု

ခေါင်းဆောင်တစ်ဦး တွင်ရှိရမည့် ဒုတိယ အရည်အချင်း တစ်ရပ်မှာ ယုံကြည် ကိုးစားထိုက်မှု ဖြစ်သည်။မိမိ ပေးထားသမျှ ကတိကို များစွာ အလေးထားရပေမည်။

ကျွန်ုပ်တွင် ပါမောက္ခ `ပိုင်´ ဆိုသော မိတ်ဆွေ တစ်ယောက် ရှိသည်။ ကျွန်ုပ်ထက် အသက် နှစ်ဆယ် ကြီးသည်။ သူက ကျွန်ုပ် တို့အား ထမင်းစား ဖိတ်သည့်အခါ မလာဘဲ ပျက်ကွက်သူကို ထိုသူ မည်မျှပင် အရေးကြီးကိစ္စ ရှိနေသည် ဖြစ်စေ သူက ထိုသူကို အလွန် စိတ်ဆိုးသည်။ ပျက်ကွက်သူမှာ အနီးကပ်၍ ကိစ္စပေါ်သည်လည်း ဖြစ်နိုင်သည်။ အခြား အရေးကြီးသော ကိစ္စ ဆောင်ရွက်စရာ ရှိသည်လည်း ဖြစ်နိုင်သည်။ပျက်ကွက်သူ အနေဖြင့် ယင်းမှာ မိတ်ဆုံစားပွဲ သက်သက် ဖြစ်ရာ အိမ်ရှင်ကို လှမ်း၍ အကြောင်းကြားရန် မလိုဟု ထင်ကောင်းလည်း ထင်မည်။

အခြား အိမ်ရှင်များ အတွက်မူ ဘာမျှ သဘောမထားဘဲ နေနိုင်သော်လည်း ပါမောက္ခ `ပိုင်´ အနေဖြင့်မူ ယင်းကို လက်မခံနိုင်။ ထိုအခါမျိုးတွင် သူက မနားတမ်း မြည်တွန်တောက်တီး နေတတ်သည်။

ထိုသို့ ဖြစ်သည့်အခါ သူ့အသက် အရွယ်နှင့် သူ့ရာထူးအရ ဤမျှ စိတ်မတိုသင့်ဟု ကျွန်ုပ်တို့က ယူဆသည်။ ထိုမျှလောက် အသေးအမွှား ကိစ္စလေးနှင့် အဘယ်ကြောင့် စိတ်ဆိုးရသနည်း။ သို့သော် နောက်ပိုင်းတွင် ကျွန်ုပ်တို့ နားလည် ခဲ့ရသည်။ သူက မည်သည့် ကိစ္စမျှ သေးမွှားသည်၊ အရေးကြီးသည်ဟု မခွဲခြားသင့်ကြောင်း ကျွန်ုပ်တို့ လူငယ်များအား သိစေလို၍ ဖြစ်သည်။ အကယ်၍ မိမိ ကတိအတိုင်း မဆောင်ရွက်နိုင်ပါလျှင် သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံ အသိပေးသင့်သည်။ ဤသည်မှာ ခေါင်းဆောင် တစ်ဦးတွင် ရှိအပ်သည့် ယုံကြည်ထိုက်မှု ဖြစ်သည်။ ပေးထားသည့် ကတိတိုင်းကို အလေးထားရမည်။
တစ်ဖက်လူ ယုံကြည်ကာ ပူးပေါင်းဆောင်ရွက်လာရေး

ယုံကြည် ကိုးစားထိုက်ရန် နောက်တစ်ဆင့်မှာ တစ်ဖက်သား၏ နေရာတွင် ၀င်၍ ကြည့်ကာ တစ်ဖက်သား အပေါ် စာနာ နားလည်နိုင်မှု ဖြစ်သည်။

ခေါင်းဆောင်နေရာတွင် ရောက်သူသည် သြဇာ အာဏာ ပိုရှိပြီး မိမိ ပတ်ဝန်းကျင်မှ လူများ၏ လေးစားမှုကို ပို၍ ခံရသည်။ သို့ဖြင့် လက်အောက် ငယ်သားများ တွန်းထိုး ခိုင်းစေနေစရာ မလိုဘဲ လုပ်ကိုင် ပေးတတ်လာကြသည်။ နားမလည်နိုင်သည့် အလုပ်ရှင်များလည်း ရှိသေးသည်။ လက်အောက် ငယ်သားများမှာ အလုပ်ရှင်များကဲ့သို့ တာဝန်ကို ထမ်းဆောင်နိုင်သည့် အနေအထားမျိုး မရှိသည်ကို သူတို့ စဉ်းစားမိကြပါ၏လော။

ခေါင်းဆောင် တစ်ယောက်သည် လက်အောက် ငယ်သားများ နေရာမှ ၀င်၍ ကြည့်ကာ သူတို့အပေါ် စာနာနားလည်မှု မရှိဘဲ သူတို့ကိုသာ အမြဲတမ်း အပြစ်ပြောနေမည် ဆိုလျှင် လက်အောက်ငယ်သားများ၏ ယုံကြည်ကိုးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရရှိမည် မဟုတ်ပေ။ ယုံကြည် ကိုးစားထိုက်မှု ဆိုသည်မှာ မိမိအပေါ် ယုံကြည်စိတ် ရှိလာစေရုံသာ မကဘဲ မိမိ အမိန့်ကို နာခံလာချင်အောင်လည်း စွမ်းဆောင်နိုင်ရမည် ဖြစ်သည်။
၃။စိတ်ကောင်းစေတနာရှိမှု

လောကတွင် လူတစ်မျိုးတည်းသာ ရှိသည်။ ဂရုစိုက် အလေးထားမှု လိုအပ်နေသူများ ဖြစ်သည်။
ဂရုစိုက် အလေးထားခြင်း

ကျွန်ုပ်တို့ စက်ရုံမှာ ယခင်က ဟွာချန်းလမ်းတွင် ရှိပြီး လုပ်သား ငါးရာ နီးပါး ရှိသည်။ထိုစဉ်က အလုပ်သမားများ ထွက်နှုန်းမှာ မြင့်မားနေသည်။လစဉ် အလုပ်သမား တစ်ရာ့ငါးဆယ်မှ နှစ်ရာခန့် ထွက်နေကြ၏။ အလုပ်ကြပ်များက လုပ်ခနည်း၍ ထွက်ခြင်း ဖြစ်သည်ဟု အစီရင်ခံသည်။ကျွန်ုပ်တို့ စက်ရုံမှာ သေးငယ်သဖြင့် ပတ်ဝန်းကျင် စက်ရုံများကို မယှဉ်ပြိုင် နိုင်ပေ။

တစ်နေ့တွင် အထွေထွေ မန်နေဂျာ ဖြစ်သော ကျွန်ုပ်က ထိုအခြေအနေကို ပြန်လည် သုံးသပ်ပြီး `ဒါ ဘယ်လိုကြောင့် ဖြစ်ရတာလဲ၊ ဒီလို ဖြစ်ရတာ အခြေအမြစ်တော့ မရှိဘူး။ နောက်ပြီး လစဉ် အလုပ်သမား သုံးဆယ် ရာခိုင်နှုန်းလောက် ထွက်နေတယ် ဆိုရင် စက်ရုံ လည်ပတ်ဖို့ မလွယ်ဘူး။ ဒီပြဿနာရဲ့ ဇာစ်မြစ်ကို ရှာကြည့်ကြရအောင်´

ထိုနေ့တွင် ကျွန်ုပ်သည် ထွက်စာတင်ထားသည့် အလုပ်သမားများကို ခေါ်၍ တစ်ယောက်လျှင် ငါးမိနစ်ခန့်စီ အလုပ်ကြပ်က တွေ့ဆုံမေးမြန်းသည်များကို လေ့လာသည်။ ပထမဆုံး တစ်ယောက် ၀င်လာတော့ `မင်းက ဘယ်အလုပ်သမား အုပ်စုကလဲ၊ ဘယ်လုပ်ငန်းစုကလဲ၊ မင်းနာမည် ဘယ်သူလဲ၊ ဒီကုမ္ပဏီကို ရောက်တာ ဘယ်လောက် ကြာပြီလဲ၊ ဘာဖြစ်လို့ အလုပ်ထွက်ချင်တာလဲ´

ထိုသို့ မေးမြန်းပြီးတော့ အလုပ်ကြပ်က အလုပ်သမားကို ပြန်လွှတ်လိုက်သည်။ ဒုတိယ တစ်ယောက်နှင့် တတိယတစ်ယောက် ကိုလည်း ထိုအတိုင်း မေးပြန်သည်။ ထိုမေးမြန်း ခဲ့သည်များကို အလုပ်ကြပ်က ရေးမှတ်သည်။ ထို့နောက် ကျွန်ုပ်က `ဆက်မေးစရာ မလိုတော့ဘူး။ ပြဿနာက ရှင်းနေပြီ။ စက်ရုံ အလုပ်ကြပ် တစ်ယောက်အနေနဲ့ အလုပ်သမားရဲ့ နာမည်၊ ဘယ်အလုပ်သမား အုပ်စုက၊ ဘယ်လုပ်ငန်းစု မှာ လုပ်နေတယ် ဆိုတာလောက်မှ မသိရင် ငါတို့ အလုပ်သမားကောင်း ဘယ်ရနိုင်တော့မှာလဲ´ ဟု ပြောလိုက်သည်။

လောကတွင် လူတစ်မျိုးတည်းသာ ရှိသည်။ယင်းမှာ အသားအရောင် မည်မျှပင် ကွဲပြားစေကာမူ အားလုံး ဂရုစိုက် အလေးထားခံချင်သူများ သာဖြစ်သည်။ ခေါင်းဆောင် တစ်ယောက်သည် လက်အောက်ငယ်သားများ အပေါ် အကြင်နာတရားနှင့် စိတ်ကောင်း စေတနာ ရှိမရှိ လက်အောက်ငယ်သားများအပေါ် သူ၏ ဆက်ဆံပုံကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ခေါင်းဆောင် တစ်ယောက်တွင် စိတ်ကောင်း စေတနာ ထားရှိရမည် ဆိုသည်မှာ လက်အောက် ငယ်သားများ၏ မွေးနေ့တိုင်း မွေးနေ့လက်ဆောင် ပေးရမည် ဟု မဆိုလိုပေ။ တကယ့် စိတ်ကောင်းစေတနာ ဆိုသည်မှာ လက်အောက် ငယ်သားများနှင့် တစ်သားတည်း ဖြစ်နေပြီး အမြဲတမ်း ရင်းနှီး ကျွမ်းဝင်မှု ရှိနေခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အပြန်အလှန် နားလည်မှု ရှိရေးပင် ဖြစ်သည်။

သူတစ်ပါး အမှားကို မေတ္တာဖြင့် တုံ့ပြန်သည့် သာဓက အမြောက် အမြား ရှိခဲ့သည်။ ယင်းကို လူအတော် များများက ကွန်ဖြူးရှပ်၏ အယူ အဆဟု ထင်ခဲ့သည်။ တကယ်တော့ ထိုသို့ မဟုတ်ပါ။ တပည့် တစ်ယောက်က ကွန်ဖြူးရှပ် အား အမှား လုပ်မိသည်ကို မေတ္တာဖြင့်တုံ့ပြန်ပါ သလားဟု မေးခဲ့သည်။ ကွန်ဖြူးရှပ်က `အမှားကိုမေတ္တာနှင့် တုံ့ပြန်လျှင် မေတ္တာကို ဘာနှင့်တုံ့ပြန်မည်လဲ´ ဟု ဖြေကြား သည်။ ကွန်ဖြူးရှပ်က `အမှားကို တရား မျှတမှု ဖြင့် တုံ့ပြန်ရ မည်။ မေတ္တာကို သီလဖြင့် တုံ့ပြန်ရမည်´ ဟု ပြောကြားခဲ့သည်။ ထို အယူအဆ ကို သူ့အသက် သုံးဆယ် အရွယ်တွင် ယူဆခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူ၏ စကားများ သည် အမှန် တရားများ ဖြစ်သည်ဟု လက်ခံ ထားကြရာ ထို အယူ အဆသည် တရုတ် လူမျိုးတို့အကြား စံတစ်ခု ဖြစ်လာ ခဲ့သည်။ သို့သော် နောက်ပိုင်း တွင် ကွန်ဖြူးရှပ်၏ အယူအဆ ပြောင်းလဲ သွားပုံ ရသည်။


သမိုင်းမှတ်တမ်း များတွင် အသက် သုံးဆယ်အရွယ် ကွန်ဖြူးရှပ်နှင့် အသက် ခုနစ်ဆယ် အရွယ် လောင်ဇူးတို့ တွေ့ဆုံပုံ အကြောင်း အပြည့်အစုံကို ဖော်ပြထားသည်။ ထိုအချိန်တွင် ကွန်ဖြူးရှပ်မှာ ပညာရှိ တစ်ယောက် အဖြစ် ကျော်ကြားနေပြီး တပည့်များက လောင်ဇူးအား မည်သည့် အယူအဆမျိုး တင်ပြမည်နည်းဟု ကွန်ဖြူးရှပ်ကို မေးသည်။သူတို့၏ အမြင်တွင် ငယ်ရွယ်သူ ကွန်ဖြူးရှပ်က လောင်ဇူးအား တစ်စုံတစ်ရာ သင်ကြားပေးလိမ့်မည်ဟု ထင်မြင်ကြသည်။ ထိုသို့တွေ့ဆုံပြီး ပြန်လာသောအခါ ကွန်ဖြူးရှပ်မှာ ဘာမှမပြောဘဲ သက်ပြင်းကိုသာ ချနေသည်။

ရက်အနည်းငယ် ကြာသောအခါ တပည့်များက သူ့ကိုမေးပြန်သည်။ သူက`လောကမှာ သိနိုင်လောက်တဲ့ အရာမှန်သမျှကို ငါသိတယ်။ ငှက်တွေ ပျံတယ်။ငါးတွေက ရေကူးတယ်။ တိရစ္ဆာန်တွေက ခြေလေးဘက်နဲ့ ပြေးတယ်။ခြေလေးဘက်နဲ့ ပြေးတဲ့ သတ္တ၀ါတွေကို ပိုက်ကွန်နဲ့ ဖမ်းလို့ရတယ်။ ရေကူးတဲ့ ငါးတွေကို ငါးမျှားတံနဲ့ မျှားရတယ်။ ပျံသန်းတဲ့ ငှက်တွေက လေးနဲ့ ပစ်ချရတယ်။ ဒါပေမဲ့ နဂါးကို ကျတော့ရော…။ သူဟာ တိမ်ကြားမှာ လေဟုန်စီးပြီး ဘယ်လို ပျံတက်သွားတယ် ဆိုတာ ငါ မသိဘူး။ ငါ လောင်ဇူးကို တွေ့ခဲ့တယ်။သူဟာ နဂါးလား´။ ဘ၀၏ လျှို့ဝှက် နက်နဲသည့် အရာများနှင့် ပတ်သက်လျှင် လောင်ဇူးမှာ နဂါးတစ်ကောင်ကဲ့သို့ ဖမ်းဆီး၍ မရနိုင်အောင် ဖြစ်ရသည်ဟု မြင်ကာ ကွန်ဖြူးရှပ်မှာ အတော်ပင် တုန်လှုပ်ခဲ့သည်။

သူတို့ တွေ့စဉ် လောင်ဇူးက အကြောင်းအရာ နှစ်ရပ်ကို ဆွေးနွေးခဲ့သည်။ ထိုအရာ များသည် လူငယ် ကွန်ဖြူးရှပ်ကို များစွာ လွှမ်းမိုးခဲ့သည်။ ပထမ အကြောင်းအရာမှာ ကွန်ဖြူးရှပ်သည် ရှေးဟောင်းကျမ်းစာ များကို ဖတ်ရှုတတ်သိနေပြီး ထိုမှရသည့် အသိပညာကို လက်တွေ့ဘ၀တွင် အသုံးချသင့်ကြောင်းနှင့် ဒုတိယ အချက်မှာ ကျယ်ပြန့်စွာ တတ်သိထားသည့် ဗဟုသုတနှင့် စေတနာတို့ အတွက် မာန်မာန မထောင်လွှားသင့် ကြောင်းတို့ ဖြစ်သည်။
၎။သတ္တိ

စွန့်စားရန် အရေးကြီးသည်၊ စွန့်စားမှု မရှိလျှင် လုပ်ငန်းရှင်များ၏ ကျဆုံးခန်းပင်။

တာဝန်သိစိတ် ရှိမှုဆိုသည်မှာ မိမိ၏ နောက်လိုက်များ၏ ရှေ့မှရပ်ပြီး တာဝန်ကို ထမ်းဆောင်ရန် အသင့်ရှိနေမှု ဖြစ်သည်။

ခေါင်းဆောင် တစ်ယောက်၏ စတုတ္ထ အရည်အချင်းမှာ သတ္တိဖြစ်သည်။ သတ္တိ ဘာမှ မရှိဘဲ လုပ်ငန်းရှင် တစ်ယောက် မဖြစ်နိုင်။ မိသားစု တစ်ခု၏ ဓနဥစ္စာမှာ မျိုးဆက် သုံးခုထက် ပို၍ မတည်မြဲနိုင်ဟု တရုတ်လူမျိုးတို့ ပြောတတ်ကြသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

စွန့်စားမှုပြုခြင်း

ဂျူးလူမျိုးတို့သည် ကမ္ဘာ့စီးပွားရေးတွင် နှစ်ပေါင်း နှစ်ထောင်ကျော် ရှေ့တန်း၌ ရှိနေခဲ့ကြသည်။ တရုတ် လူမျိုးတို့တွင် ဥစ္စာကို မျိုးဆက် သုံးဆက်ထက် ပို၍ မထိန်းသိမ်းနိုင်ဘဲ နှစ်ပေါင်း တစ်ရာမျှသာ ခံနိုင်သည်။ အကြောင်းရင်းမှာ ဂျူးလူမျိုးတို့သည် စွန့်စားမှုကို မပစ်ပယ်သော ကြောင့် ဖြစ်သည်။

အဘယ်ကြောင့် လူပေါင်း တစ်ရာတွင် တစ်ယောက် နှစ်ယောက်သာ ချမ်းသာသော လုပ်ငန်းရှင် ဖြစ်ရသနည်း။ အကြောင်းမှာ စွန့်စားမှု နည်းရသောကြောင့် ဖြစ်သည်။ ပထမ မျိုးဆက်တွင် လုပ်ငန်းရှင်သည် စီးပွားချမ်းသာသော လုပ်ငန်း တစ်ခု ဖြစ်အောင် အကြီးအကျယ် စွန့်စားခဲ့သည်။ တရုတ် လူ့အဖွဲ့အစည်းတွင် သားဖြစ်သူသည် မိသားစု ကြီးပွား တိုးတက်အောင် ဖခင်က မည်မျှ ကြိုးစား အားထုတ်ခဲ့သည်ကို သိမြင်သဖြင့် ထိုဓနဥစ္စာကို မပျောက်ပျက်အောင် ထိန်းသိမ်းသည်။ မြေးအဆင့်သို့ ရောက်သောအခါ မပူမပင် နေရသော်လည်း ထိုသို့ ကြွယ်ဝ ချမ်းသာအောင် မည်မျှ စွန့်စား လုပ်ကိုင်ရသည်ကို မသိမြင်ဘဲ လွယ်လွယ်ကူကူ ချမ်းသာ လာခဲ့သည်ဟု ထင်မြင်တတ်ကြသည်။ သူသည် ရင်းနှီးမြှုပ်နှံမှု အမှားဆုံး၊ ဆုံးဖြတ်ချက် အမှားများကို များစွာ လုပ်မိတတ်ကြသည်။ ပိုဆိုးသည်က သူသည် ငွေကြေးကို သုံးရုံသာ သုံးတတ်ခြင်း ဖြစ်သည်။

ဂျူးလူမျိုးများကတော့ ကလေးများကို ငယ်စဉ်ကပင် လုပ်ငန်းရှင် ဖြစ်အောင် သွန်သင် တတ်ကြသည်။ သူတို့သည် မိမိတို့၏ ဓနဥစ္စာကို သားသမီးများအား ပေးကမ်းခြင်း မရှိဘဲ ဘုရားကျောင်းများ၊ ပညာရေး အဖွဲ့အစည်းများနှင့် အခြား လိုအပ်သည့် အဖွဲ့အစည်းများကို လှူဒါန်း ပစ်တတ်ကြသည်။ ဤသည်မှာ သူတို့၏ အစဉ်အလာ ဖြစ်သည်။ဥပမာ အားဖြင့် အဲလ်ဘတ်အိန်းစတိန်း အပါအ၀င် နှစ်ဆယ်ရာစု သိပ္ပံပညာရှင်များ ကျင်လည်ရာ စတန်းဖို့ဒ် တက္ကသိုလ် ဆိုလျှင်လည်း ဂျူးတို့ လှူဒါန်းငွေ များစွာ ရရှိခဲ့သည်။

ယခုခေတ် ထင်ရှားကျော်ကြားလှသည့် ငွေကြေးလုပ်ငန်းရှင် ဂျော့ဆောရို့စ်ကို ဥပမာ ကြည့်ပါ။ သူ ကမ္ဘာ့ငွေကြေးများကို ကစားပြီး ငွေကြေး အမြောက်အမြား မည်သို့ လှူဒါန်းသည်ကို လူတွေ သိပ်မသိကြ။

ငွေကြေးဓနကို အမြောက်အမြား ရှာဖွေနိုင်သည့် အရည်အသွေး ရှိပြီး အမြောက်အမြား ပေးကမ်း စွန့်ကြဲတတ်ကြ သည်မှာ ဂျူးတို့၏ အစဉ်အလာ ဖြစ်သည်။ ထို့ကြောင့်လည်း ဆောရို့စ်သည် ငွေကြေး လုပ်ငန်းရှင် တစ်ဦး အပြင် စေတနာရှင်လည်း ဖြစ်နေသေးသည်။ ထိုအစဉ်အလာကြောင့် ဂျူးတို့သည် လုပ်ငန်းကို သုညမှ စကြရသည်ချည်း ဖြစ်သည်။စီးပွားရေး နည်းဗေဒများကိုလည်း သူတို့ တတ်ကျွမ်းသည်။ သူတို့သည် မိဘထံမှ မမွေ မရကြသော်လည်း ငွေရှာနည်းကို သိကာသူတို့ လုပ်ငန်းကို သူတို့ဘာသာ တည်ထောင်ကြသည်။ ထို့ကြောင့်လည်း ဂျူးတို့သည် သားသမီးများကို အမွေပေးကာ လုပ်ငန်းရှင် ဖြစ်စေပြီး လုပ်ငန်းသဘောကို သင်မပေးသည့် တရုတ်တို့နှင့် မတူဘဲ ဓနဥစ္စာကို မျိုးဆက်ပေါင်း များစွာ ထိန်းသိမ်း နိုင်ခဲ့ကြခြင်း ဖြစ်သည်။

တရုတ်တို့သည် သားသမီးများကို အခြေခံမှစ၍ လုပ်ငန်းကို စီမံခန့်ခွဲတတ်အောင် သင်ကြားပေးသော်လည်း ထိုမျှလောက်နှင့် မလုံလောက်ပေ။ ထိုသို့ လေ့ကျင့်ပေးရာတွင် လုပ်ငန်း အခက်အခဲများ အန္တရာယ်များနှင့် သူတို့ မကြုံတွေ့ရပေ။ စွန့်စားမှုများ၊ အန္တရာယ်များနှင့် မကြုံတွေ့ရဘဲ ကြီးကျယ်သော လုပ်ငန်းရှင် တစ်ယောက် ဖြစ်မလာနိုင်ပေ။
တာဝန်သိစိတ်

နောက်လိုက်များ၏ ရှေ့တွင် ရပ်တည်ကာ တာဝန်ကို ထမ်းဆောင်ရန် အသင့်ရှိပါ။

စစ်ပွဲတွင် ခေါင်းဆောင်၏ စိတ်ဆန္ဒများနှင့် လုပ်ဆောင်ချက် များသည် နောက်လိုက်များ အတွက် စံပြ ဖြစ်စေရမည်။ထိုအခါ တိုက်ပွဲတွင် အရေးကြီးသည့် အခြေအနေ ရောက်လာသောအခါ ခေါင်းဆောင်မှာ လေးစားဖွယ်ရာ ကောင်းသော တွန်းအား တစ်ခု ဖြစ်လာသည်။ နောက်လိုက်များကို ရှေ့မဆောင်လျှင် နောက်လိုက်များကလည်း မည်သို့လျှင် စိတ်ပါ လက်ပါ နောက်က လိုက်ကြမည်နည်း။ ခေါင်းဆောင် တစ်ယောက်သည် ခေါင်းဆောင် ဖြစ်နေသည် ဟူသော အနေအထား သက်သက်သာ မဟုတ်ဘဲ အောင်မြင်မှု၊ မအောင်မြင်မှု များအတွက်လည်း တာဝန်ယူရမည်။

`တိုက်တန်းနစ်´ ရုပ်ရှင်သည် အတော်ပင် နာမည်ကြီးသော ဇာတ်ကား တစ်ကား ဖြစ်သည်။ ထိုဇာတ်လမ်းထဲမှ အချစ်ဇာတ်လမ်းသည် အလွန်ပင် စိတ်လှုပ်ရှားဖို့ ကောင်းသည်။ ဇာတ်သိမ်းခါနီးတွင် တီးခတ်နေကြသော တေးဂီတ မှာလည်း စိတ်လှုပ်ရှား ဖွယ်ရာဖြစ်သည်။ သေအံ့ဆဲဆဲ အချိန်မှာပင် ဂီတ သမားတို့သည် ချောက်ချားနေသော ခရီးသည် များအား အကြောက်ပြေစေရန် ချွေးသိပ်သည့် အနေဖြင့် သာယာနာပျော်ဖွယ် ဂီတသံကို တီးခတ်ပေးသည်။ရုပ်ရှင်ထဲမှ အချစ်ဇာတ်လမ်းမှာ စိတ်ကူးယဉ် သက်သက် ဖြစ်သော်လည်း နောက်ဆုံး ဇာတ်ကွက်တွင် တင်ဆက်သည့် ဂီတသံမှာ တကယ့်မူရင်း အစစ်အမှန် ဖြစ်သည်။


သတ္တိ၏ ဒုတိယ အဓိပ္ပာယ်မှာ တာဝန်ယူတတ်ခြင်းနှင့် တာဝန်သိစိတ် ဖြစ်သည်။ `တိုက်တန်းနစ်´ဇာတ်ကားထဲမှ ဇာတ်သိမ်းပိုင်း ဂီတသံနှင့် မာလိန်မှူးက သင်္ဘောမှ ထွက်ခွာမသွားဘဲ တင်းခံနေမှုသည် ကောင်းသော ဥပမာများ ဖြစ်သည်။ မာလိန်မှူးမှာ ကောင်းသော အသိစိတ် ရှိသူ ဖြစ်သည်။သင်္ဘော တစ်စင်းလုံး၏ လုံခြုံရေးမှာ သူ့တာဝန် ဖြစ်သည်။ တေးဂီတ သမားများကလည်း တာဝန်သိစိတ်ရှိကြသည်။ သူတို့မှာ ကျွန်ုပ်တို့ အတွက် ဥပမာကောင်းများ ဖြစ်ပေသည်။

ခေါင်းဆောင်ကောင်းတို့သည် စွန့်စားရဲရမည်။ တာဝန်ယူရဲရမည်။ ပြဿနာ ပေါ်လာမှ သူများကို ထိုးချသည်မျိုး မလုပ်ရပေ။
၅။တိကျပြတ်သားမှု

ဝန်ထမ်းများကို တိကျ ပြတ်သားသော ဆုပေး ဒဏ်ပေး စနစ်မျိုးဖြင့် အုပ်ချုပ်ရမည်။

စည်းမျဉ်း စနစ်များကို အကောင်အထည် ဖော်ရာတွင် ပြီးပြည့်စုံ၍ တိကျ ပြတ်သားမှု ရှိရမည်။
ဝန်ထမ်းများ

ဘုရင်လျူပန်းသည် ပထမဆုံးအကြိမ် တရုတ်နိုင်ငံကြီးကို စုစည်း၍ မင်မင်းဆက် ထူထောင်ပြီးသော အခါ ကောင်းစွာ အမှုတော် ထမ်းဆောင်သူများကို ဆုတော် လာဘ်တော်များ ပေးသနားသည်။ သို့ရာတွင် ကောင်းစွာ အမှုတော် ထမ်းဆောင်သူများမှာ အမြောက်အမြား ရှိနေ၏။ ထို့ကြောင့် တရားမျှတစွာ ဆုလာဘ် ပေးသနားရန်မှာ အခက်အခဲ ရှိနေသည်။ ထို့ပြင် ဘုရင်သည် အင်ပါယာ ထူထောင်ပြီးနောက် အာဏာ အားလုံး ချုပ်ကိုင် လိုက်မည်ကို စိုးရိမ်မကင်း ဖြစ်နေကြသူများ ရှိနေသည်။ သို့ဖြင့် နန်းတွင်း၌ စိတ်မသက်မသာ ဖြစ်နေကြသည်။

အမှုတော်ထမ်း နှစ်ဆယ်အား ဆုတော်လာဘ်တော်များ နယ်ပယ်များနှင့် ရာထူး၊ ဂုဏ်ထူးများ ပေးပြီးသောအခါ အမှုထမ်းများသည် ဘယ်သူက အမှုတော်ကို ပို၍ ထမ်းရွက်သည်၊ ဘယ်သူက လျှော့၍ ထမ်းရွက်သည် စသည်ဖြင့် အငြင်းအခုံများ ဖြစ်နေကြသည်။ တစ်နေ့တွင် စစ်သည် အမြောက်အမြား စု၍ အကြီးအကျယ် ဆွေးနွေးနေကြသည်ကို ဘုရင်လျူပန်း တွေ့သောအခါ မင်းတိုင်ပင် အမတ် ဇန်လျန်းအား ဤသို့ မေးသည်။

`သူတို့ဘာတွေ ဆွေးနွေးနေကြတာလဲ´ ထိုအခါ ဇန်လျန်းက …

`အရှင် မင်းမြတ် မသိဘူးလား ဘုရား၊ သူတို့က ပုန်ကန်ဖို့ တိုင်ပင်နေကြတာပါ´ ဟု လျှောက်တင်သည်။

`အခုလို ငြိမ်းအေးနေတဲ့ ကာလကျမှ သူတို့က ဘာကြောင့် သူပုန်ထချင်ရတာလဲ´

`အရှင်မင်းမြတ်ဟာ သာမန်လူ့ဘ၀ကနေ သူတို့ရဲ့ အကူအညီနဲ့ ဘုရင် ဖြစ်လာခဲ့တယ်၊ ခုဆိုရင် ဘုရင်မင်းမြတ်ဟာ တိုင်းပြည်မှာ အကြီးမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်နေပြီ၊ ဘုရင်မင်းမြတ်ဟာ ကိုယ်နဲ့ ခင်မင်ရာ ခင်မင်ကြောင်းရှိတဲ့ လူတွေကို ဆုတော် လာဘ်တော်များ ပေးပြီး အငြိုးအတေး ရှိတဲ့လူတွေကို ကွပ်မျက် သုတ်သင်ပါတယ်။စစ်တပ်ထဲမှာနဲ့ အရပ်ဘက် ရုံးတွေမှာ အမှုထမ်းကောင်းလို့ ဆုပေးသင့်တဲ့လူတွေ မဆံ့အောင် ရှိနေပါတယ်။ဒီလူတွေဟာ ဆုတော် လာဘ်တော်တွေ မရရုံသာမက သာမန် အပြစ်လေးနဲ့ အပြစ်ပေး ကွပ်မျက် ခံရမှာကို ကြောက်နေကြရတယ်။ ဒါကြောင့် သူတို့ဟာ စုဝေးပြီး သူပုန်ထဖို့ တိုင်ပင်နေကြတာပါ´ ဟု လျှောက်တင်ရာ လျူပန်းက

`ဒါဆို တို့ ဘာလုပ်ကြမလဲ´

`အရှင်မင်းကြီး သဘောမကျဆုံး ဖြစ်ပြီး အရှင်မင်းကြီး အမျက်သိုနေတဲ့လူ ဘယ်သူရှိသလဲ၊ အဲဒီအကြောင်းကို လူတိုင်းက သိနေရမယ်´

`ယောင်ချိနဲ့ ငါဟာ သိခဲ့တာ ကြာပြီ။ ဒါပေမဲ့ သူဟာ ငါ့ကို မကြာခဏ ဆိုသလို အရှက်ရအောင် လုပ်တယ်။ စော်ကားတယ်။ ငါ သူ့ကို သတ်ပစ်ချင်တယ်။ ဒါပေမဲ့ သူ့ရဲ့ စွမ်းစွမ်းတမံ အမှုတော် ထမ်းဆောင်မှုကြောင့် ငါ သူ့ကို မသတ်ခဲ့ဘူး´

`ဒါဆို အရှင်မင်းကြီး ခွဲခြားမှု မရှိကြောင်း ပြတဲ့ အနေနဲ့ သူ့ကို ဘွဲ့တံဆိပ်တော်နဲ့နယ်ပယ် အပိုင်စား ပေးသနားလိုက်ပါ၊ အဲဒီအခါ လူအများလည်း စိတ်ချ လက်ချ ဖြစ်သွားပါလိမ့်မယ်´

သို့ဖြင့် လျူပန်းသည် ယောင်ချိကို အခမ်းအနားဖြင့် ရှန်ဖန်းနယ်စားဘွဲ့ကို ချီးမြှင့်လိုက်သည်။ ထိုသို့ ချီးမြှင့်လိုက်သဖြင့် ဘုရင်ပေါ်ထားသော မသင်္ကာစိတ်များ ပျောက်ကွယ် ခဲ့ရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆုလာဘ်ပေးခြင်းမှာ အမှုတော်ကို ပိုမို ထမ်းဆောင်စေရုံမျှမက အဖွဲ့အစည်း အတွင်းတွင် သံသယစိတ်များ ကင်းကာ တည်ငြိမ်လာစေနိုင်သည်။ လက်အောက် ငယ်သားများအား အပြစ်ပေးရာတွင်လည်း အလွန်ပင် အရေးကြီးသည်။

ခေါင်းဆောင် တစ်ယောက်၏ ပဉ္စမမြောက် အရည်အသွေးမှာ တိကျခြင်း ဖြစ်သည်။ ခေါင်းဆောင်သည် နောက်လိုက်များအား တိတိကျကျ ဆောင်ရွက်အောင် သင်ကြားရမည်။ တိတိကျကျ ဆိုရာ၌ နောက်လိုက်များကို တစ်နေ့လုံး မြည်တွန်တောက်တီး၍ အပြစ်ရှာနေရန် မဟုတ်ပေ။ နောက်လိုက် တစ်ဦးချင်း၏ အနေအထားပေါ် မူတည်၍ ဗျူဟာကို တစ်ယောက်တစ်မျိုး သုံးရမည်။ သို့မှသာ သူတို့ ကျေနပ်ကြမည် ဖြစ်သည်။
ဇင်သန့်
http://www.perfectmagazineonline.com