သုံးသပ်ချက်များ by nayminthu @ Sunday, Mar. 16, 2008 – 01:37:48 pm
ဤ Opinion သည် ကျနော်၏ အီးမေးလ်သို့ တဆင့်ရောက်ရှိလာသည့် ko kyaw win (စာရေးဆရာ ကျော်ဝင်း ဟုတ်မဟုတ် မသေချာပါ) ဆိုသူ၏ သုံးသပ်ချက်များသာဖြစ်ပြီး ဘလော့ဂ်၏ သဘောထား အာဘော် မဟုတ်ပါ။ လက်တွေ့ ဖြစ်နိုင်မဖြစ်နိုင်ကို စာဖတ်သူများ စဉ်းစားနိုင်ရန် တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်။
လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
အပိုင်း (၁)
အတိတ်က အမှားများ (၁၉၈၈-၉၀ အလွန်နှစ်များ)
လက်ရှိအခြေအနေကို အတိတ်က မှားခဲ့တဲ့ အမှားတွေရဲ့ အကျိုးဆက်လို့ မြင်တယ်။
ဒါကြောင့် အတိတ်က အမှားတွေကို ကျကျနန မစိစစ်နိုင်ရင် လက်ရှိအခြေအနေကို ထိထိမိမိ ဆုပ်ကိုင်နိုင်စရာ ရှိမယ်မထင်ပါ။
ရှစ်လေးလုံးကနေ အခုအထိ ကိုယ့်ဘက်က အမှားတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်။ အများစုက လက်ဝဲသွေဖီရေး အမှားတွေ၊ လက်ဝဲသွေဖီရေးက လင်္ကျာသွေဖီရေးထက် အန္တရာယ်ပိုများပါတယ်။ လကျာင်္သွေဖီရေး (အခြေအနေက တောင်းဆိုနေတာထက် နောက်ကျကျန်ရစ်နေတာ) က အရှိန်မြှင့်ပြီး ကျော်လွှားသွားလို့ ရသေးတယ်၊ လက်ဝဲသွေဖီရေး( အခြေအနေက ခွင့်ပြုတာထက် ပိုပြီးတိုက်ပွဲဆင်တာ) က ဟပ်ထိုးကို လဲကျစေတော့တာပါပဲ။ တခါလဲပြီဆိုတာနဲ့ လာဖိမယ့် စစ်ဖိနပ်က အဆင်သင့်မို့ တော်တော်နဲ့ ပြန်ထဖို့ လွယ်မှာမဟုတ်ဘူး။ ဒီလိုနဲ့ အခြေအနေဟာ ရှေ့တိုးမလာဘဲ နောက်ပြန်ဆုတ်ကုန်တာက များတယ်။
အခု ဒီအတိုင်းဖြစ်ခဲ့တာ။ ဒီလိုလက်ဝဲသွေဖီရေးမျိုး အကြိမ်ကြိမ် ဖြစ်ခဲ့တာမို့ အမှားရဲ့ဒဏ်တွေကို အချိန်တိုအတွင်း ပြင်ဆင်နိုင်ဖို့ လွယ်လိမ့်မယ်တော့ မဟုတ်ပါဘူး။ ဒီအခြေခံ Concept နဲ့ ဒီစာတမ်းကို ရေးပါတယ်။
ပထမ လက်ဝဲသွေဖီရေး
ဒေါက်တာမောင်မောင်လက်ထက် ဒုတိယမိန့်ခွန်းအပြီးမှာ အစိုးရနဲ့ Compromise မလုပ်နိုင်ခဲ့တာ မှားတယ်။ အဲဒီတုန်းက သပိတ်ရဲ့ တောင်းဆိုချက်က ကြားဖြတ်အစိုးရ (Interim Government)။ စကားလုံးအရ ကြားဖြတ် ဆိုထားပေမယ့် လက်တွေ့ တကယ်တောင်းနေတာက ယာယီအစိုးရ (Temporary Government) ဖြစ်နေတယ်၊ အစိုးရဘက်က ဘယ်သူမှမပါဘဲ ကိုယ့်စိတ်တိုင်းကျ အစိုးရဖွဲ့မယ်ဆိုတဲ့သဘော။ ဘယ်လိုမှ ရနိုင်စရာ မရှိပါ။ ကိုယ့်ဘက်သူ့ဘက် နှစ်ဘက်စလုံးပါတဲ့ ကြားဖြတ်အစိုးရဆိုရင် ရနိုင်စရာရှိပါတယ်။ (ဥပမာ - ဗိုလ်ချုပ်တို့ လက်ထက်က ဖဆပလ ကိုယ်စားလှယ်တွေ ဘုရင်ခံအတိုင်ပင်ခံကောင်စီမှာ ပါခဲ့တာမျိုး)
အဲဒီကာလ ခေါင်းဆောင်တွေရော၊ လူထုပါ ကြားဖြတ်နဲ့ ယာယီ ကွဲကွဲပြားပြား နားလည်ဟန် ရှိခဲ့ကြပုံမရဘူး။ လက်တွေ့မှာ ဒေါက်တာမောင်မောင် ကမ်းလာတဲ့လက်ကို ကိုယ့်ဘက်က ပုတ်ချခဲ့တယ်။ ဒါရဲ့အနီးဆုံး အကျိုးဆက်က န၀တ အာဏာသိမ်းတာပါပဲ၊ ရေရှည်အကျိုးဆက်က Rule of the Game ချမှတ်နိုင်ရေးမှာ ကိုယ့်ဘက်က လက်လွှတ်လိုက်ရတယ်။
ဒုတိယ လက်ဝဲသွေဖီရေး
တရားဝင် နိုင်ငံရေးပါတီ ဖွဲ့ခွင့်ရတော့ အဲဒီပါတီတွေထဲမှာ UG တွေ ပါလာတာ မှားတယ်။
ဒီအတွက် အဓိက တာဝန်ရှိသူက BCP ။ NLD အပါအ၀င် အများစုလည်း ဒီအမှားနဲ့ မကင်းဘူး၊ ပါတီတည်ဆောက်ရေး (Institutionalization)ကို ဘယ်ပါတီကမှ မလုပ်နိုင်ခဲ့ဘူး။ တူညီဝတ်စုံဝတ် ဟန်ရေးပြနေကြတာနဲ့၊ UG/OG တွဲသုံးတဲ့ လုပ်နည်းလုပ်ဟန်ကိုသာ အားပြုလုပ်နေကြတာ တွေ့ရတယ်။ ပြောရရင် တူတူတန်တန် ပါတီမျိုး တခုမှ မရှိခဲ့ပါ။ အားလုံး သပိတ်ကော်မတီ အကြီးစားတွေသာ ဖြစ်နေကြတယ်။
UG/OG တွဲလုပ်တဲ့ အမှားမျိုးဟာ စစ်ကြိုခေတ်ကတည်းက ရှိခဲ့တာပါ။ ဥပမာ သခင်ဗဟိန်း (BCP UG)နဲ့ ဒို့ဗမာအစည်းအရုံး (OG) တွဲလုပ်ခဲ့ကြတာမျိုး။ ခုအထိလည်း လုပ်နေကြတုန်းပါပဲ။ ဒါကိုနင်းပြီး တဖက်က ဆိုင်တာရော မဆိုင်တာရော သိမ်းကျုံးပြီး General Suppression လုပ်လာနိုင်ပါတယ်။ မလိုအပ်ဘဲ မြန်မြန်ဆန်ဆန် အဖြိုခွဲ ခံခဲ့ကြရပါတယ်။ ဒါကြောင့် လက်ဝဲသွေဖီရေးလို့ ပြောရတာဖြစ်ပါတယ်။
ဒီလက်ဝဲသွေဖီရေး အကျိုးဆက်ကြောင့် မြန်မာ့နိုင်ငံရေး တပ်ပေါင်းစု (မနတ) ယူဂျီပေါက်ရာကနေ တခြားမဆိုင်တဲ့ ပါတီတွေပါ ထိခိုက်ကုန်ပါတယ်။ General suppression နဲ့ အချိန်မတိုင်မီ စောစောစီးစီး ကြုံခဲ့ကြရတယ်။)
တတိယ လက်ဝဲသွေဖီရေး
၁၉၆၂ ခုနှစ်၊ ပုံနှိပ်အက်ဥပဒေကို အကန့်အသတ်မရှိ အာဏာဖီဆန်ရာကနေ အထွေထွေ အာဏာဖီဆန်ရေးအထိ ကျွံသွားတာမှားတယ်။
အမှန်က ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေဟာ နိုင်ငံရေးပါတီတွေနဲ့ မဆိုင်ပါဘူး။ နိုင်ငံရေးပါတီတွေမှာ တရားဝင် ကင်းလွတ်ခွင့် ပါရှိပြီးသား ဖြစ်ပါတယ်။ ဒါကို န၀တ သတင်းထုတ်ပြန်ရေးအဖွဲ့က မသိလို့ ဒီဥပဒေနဲ့ နိုင်ငံရေးပါတီတွေကို ကိုင်ဖို့ ကြိုးစားတာပါ။ ဒါကြောင့် ၆၂ခုနှစ် ပုံနှိပ်အက်ဥပဒေ ကင်းလွတ်ခွင့်ကို ကိုင်ပြီး ဆန့်ကျင်တာ မှန်တယ်။ နောက်ပိုင်းမှာ ဒါကိုသိတော့မှ နိုင်ငံရေးပါတီတွေက ထုတ်ဝေတဲ့စာတွေ စာပေစိစစ်ရေးကို စာမူတင်၊ ခွင့်ပြုချက်ရမှထုတ် ဆိုတဲ့အမိန့်ကြေငြာချက် ထုတ်ပြန်လာပါတယ်။ ဒါဟာ လက်တွေ့မဖြစ်နိုင်တာမို့ အာဏာဖီဆန်တာ မှန်တယ်။
ဒီတော့မှ န၀တဘက်က လျှော့လာတယ်။ စာပေစိစစ်ရေးကို စာမူတင်စရာမလို၊ ဒါပေမယ့် တနှစ်တခါ မှတ်ပုံတင်ပါ၊ ပြီးရင် လွတ်လွတ်လပ်လပ်ထုတ် ဆိုတာဖြစ်လာခဲ့တယ်၊ ဒါ ကိုယ့်ဘက်က အနိုင်ပဲ၊ ဒီနေရာမှာတင် ကန့်သတ်သင့်ခဲ့ပါတယ်။
ဒါပေမယ့် လက်တွေ့မှာ ဘရိတ်အုပ်လို့ မရတော့ဘူး။ မတရားတဲ့ ဥပဒေမှန်သမျှ တာဝန်အရ ဆန့်ကျင်ကြဆိုပြီး အထွေထွေ အာဏာဖီဆန်ရေး လုပ်ခဲ့ကြပါတယ်။ လက်ဝဲသွေဖီရေးပဲ ဖြစ်ပါတယ်။ ဒါရဲ့အကျိုးဆက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစဉ်အလာနဲ့ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေအားလုံး ရွေးကောက်ပွဲမတိုင်ခင် အစောကြီးကတည်းက အဖမ်းခံလိုက်ရပါတော့တယ်။ အစဉ်အလာနဲ့ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေ အပြင်မှာမရှိဘဲ ရွေးကောက်ပွဲကို ရင်ဆိုင်ခဲ့ကြရတယ်။
၁၉၈၉ ရွေးကောက်ပွဲဥပဒေ (လက်ယာသွေဖီရေး)
၉၀ ရွေးကောက်ပွဲမတိုင်ခင် Rule of the game မှာ ကိုယ့်ဘက်က သဘောထားတင်ပြဖို့ အခွင့်အရေးတခု ပွင့်လာဖူးတယ်။ အဲဒါက ၁၉၈၉ ရွေးကောက်ပွဲဥပဒေပါ။ လက်တွေ့မှာ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်။ ဒီဥပဒေမှာ လာမယ့်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲလို့ တရားဝင်ခေါ်ထားတယ်၊ ဒါဆိုရင် အစိုးရဖွဲ့ခွင့် အာဏာရှိရမယ်။ တကယ်လို့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်အာဏာ ရှိရပါမယ်။ ဒါပေမယ့် ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေမှာ ဘာ mandate မှ ပါမလာဘူး။ ဒါကြောင့် …
၁။ အခုလုပ်မယ့် ရွေးကောက်ပွဲဟာ ဘာလဲ (ပြည်သူ့လွှတ်တော်လား၊ တိုင်းပြုပြည်ပြုလွှတ်တော်လား)
၂။ ဘာ mandate ရှိသလဲ (အစိုးရဖွဲ့ခွင့်လား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်လား)
၃။ ပထမအကြိမ် လွှတ်တော် ဘယ်တော့ခေါ်မှာလဲ
ဒီမေးခွန်းသုံးခုနဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေရမှ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ဆုံးဖြတ်ကြပါဆိုပြီး ပါတီငယ်လေးတခုက ပါတီကြီးတွေကို အဆိုပြုခဲ့ဖူးပါတယ်။ ဒီ/ငြိမ်းက လက်ခံပေမယ့် NLD က လက်မခံ ပယ်ချခဲ့ပါတယ်။ ဒါရဲ့အကျိုးဆက်ကြောင့် ရွေးကောက်ပွဲအပြီးမှာ ပြဿနာတွေ အများကြီး ကြုံခဲ့ရတာ ဖြစ်ပါတယ်။
စတုတ္တ လက်ဝဲသွေဖီရေး
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတာကနေ ထွက်ပေါ်လာတဲ့ သွေဖီရေးဖြစ်ပါတယ်။
ရွေးကောက်ပွဲရလာဒ်ဟာ popular vote ရဲ့ အကျိုးဆက်သာ ဖြစ်တယ်။ popular revolution ရဲ့ အကျိုးဆက် မဟုတ်။ ဒါကြောင့် ကိုယ့်ဘက်က လိုချင်တာ အကုန်မရနိုင်ဘူး။ လက်ရှိအစိုးရ (စစ်တပ်)နဲ့ တစုံတရာ အပေးအယူ လုပ်နိုင်မှာသာ အဖြေတခု ထွက်နိုင်မယ်။ ၁၉၉၀ ခုနှစ်အောင်ပွဲကို ဒီအခြေခံပေါ်ကနေ စဉ်းစားပြီး ဗျုဟာခင်းသင့်တယ်လို့ မြင်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရခဲ့တ NLD အနေနဲ့ ရွေးစရာ သုံးလမ်း ရှိခဲ့ပါတယ်။
၁။ Constitution အသစ်ရေးမလား
(အန္တရာယ်အကြီးဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ ဒါကိုရွေးလိုက်ရင် … (၁) အချိန်ကြာမယ် (၂) စစ်အစိုးရအောက်မှာ ရေးရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရှိနေနှင့်ပြီးသား နှစ်ခုထက် ပိုကောင်းဖို့ မဖြစ်နိုင်ဘူး၊ ပိုဆိုးဖို့သာ ရှိတယ်။)
၂။ ၁၉၄၇ Constitution နဲ့ အာဏာကူးပြောင်းရေး ဆွေးနွေးမလား
(တဘက်က ခုခံမှုအား ကြီးပါလိမ့်မယ်၊ အဖြေတခုခုရဖို့ မလွယ်ပါ၊ ကိုယ့်ဘက်က စဉ်းစားရင်လည်း ၄၇ မှာ အားနည်းချက်ရှိတယ်၊ ၀န်ကြီးချုပ် သို့မဟုတ် သမ္မတရဲ့ တဦးချင်းဆုံးဖြတ်ချက်နဲ့ အရေးပေါ် အခြေအနေ ကြေငြာလို့ရတဲ့ အားနည်းချက်ရှိတယ် (၁၉၅၈ အိမ်စောင့်အစိုးရဟာ ဒီအားနည်းချက်ရဲ့ အကျိုးဆက်) နောင်ဖြစ်လာမယ့် ၀န်ကြီးချုပ် သို့မဟုတ် သမ္မတကို တနည်းနည်းနဲ့ ဖိအားပေးပြီး တပ်က အာဏာသိမ်းနိုင်တယ်။)
၃။ ၁၉၇၄ Constitution နဲ့ အာဏာကူးပြောင်းရေး ဆွေးနွေးမလား
(တဖက်က ခုခံမှု အားနည်းနိုင်တယ်၊ အဲဒီအချိန်မှာ ဦးနေ၀င်း သြဇာရှိနေသေးတယ်၊ ကိုယ့်ဘက်က စဉ်းစားရင်လည်း အားကောင်းချက် ရှိတယ်၊ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့သာ အရေးပေါ် အခြေအနေ ကြေညာနိုင်တဲ့ အားကောင်းချက်ရှိတယ်၊ လွှတ်တော်ဟာ ကိုယ့်လွှတ်တော်ဖြစ်နေရင် ဒါဟာ ပြဿနာ မရှိတော့ဘူး။ ဒါကြောင့် ၁၉၇၄ constitution အခြေခံနဲ့ power sharing လုပ်ဖို့ NLD အနေနဲ့ အစိုးရကို စတင် ကမ်းလှမ်းသင့်တယ်လို့ မြင်ပါတယ်။
ဒါပေမယ့် NLD ဟာ အန္တရာယ် အကြီးဆုံးလမ်းကြောင်း (ပထမ ရွေးချယ်မှု)ကို ရွေးခဲ့ပါတယ်။ ဂန္ဒီ လမ်းကြောင်းပါ။ ဒီတော့ စစ်တပ်က ၁/၉၀ နဲ့ တုန့်ပြန်ပါတယ်။ အကျိုးဆက်က အမျိုးသားညီလာခံ။
ပစ္စုပ္ပန်အခြေအနေ (၁၉၉၀ လွန်နှစ်များ- ၂၀၀၀ လွန်နှစ်များ)
နောက်ထပ်အမှား (အထူးသဖြင့် လက်ဝဲသွေဖီရေး)တွေလည်း အကြိမ်ကြိမ် ကျူးလွန်ခဲ့ပါတယ်။ အမျိုးသား ညီလာခံအတွက် အကြိုညှိနှိုင်းကြတုန်းက rule of the game ကို သူ့ဘက်က တဖက်သတ်ယူတာကို လုံးဝမခုခံဘဲ သဘောတူခဲ့တာ (လင်္ကျာသွေဖီရေး)၊ နောက် ကိုယ်ဘက်က Alternative အစီအစဉ်မရှိဘဲ ညီလာခံကထွက်တာ (လက်ဝဲသွေဖီရေး)၊ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ်လွတ်ပြီး ကျင်းပနေခဲ့တဲ့ အိမ်ရှေ့တရားပွဲတွေ (Dialogue အတွက် လက်တွေ့မကြိုးစားဘဲ အပေါစား အများကြိုက်နိုင်ငံရေး Debate တွေလုပ်နေတာ (ဒါလည်း လက်ဝဲသွေဖီရေးပါ)၊ ပါတီတည်ဆောက်ရေးကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင်မလုပ်ဘဲ နယ်လှည့် အင်အားပြနေခဲ့တာ (ဒါလည်း လက်ဝဲသွေဖီရေး) တွေဟာ သွေဖီရေးတွေ ဖြစ်ပါတယ်။ အသေးစိတ်မပြောလိုတော့ပါ။
လက်ဝဲသွေဖီရေး တကြိမ်ကျူးလွန်တာနဲ့ ကိုယ့်ဘက်က အင်အားနည်းပြီး သူ့ဘက်က အင်အားကြီးလာ တာချည်းပါပဲ။ အဲဒီလို အမှားတွေ အကြိမ်ကြိမ် ကျူးလွန်ရင်းနဲ့ လက်ရှိအခြေအနေကို ရောက်လာတာ ဖြစ်ပါတယ်။ ဒေါက်တာမောင်မောင်လက်ထက်က သူ့ဘက် ကိုယ့်ဘက် Balance of power ကို ၅၀း၅၀ သတ်မှတ်ရင် လက်ရှိအခြေအနေမှာ ၉၀း၁၀ ပဲ ရှိတော့မယ်။ ကိုယ့်ဘက်မှာ ၁၀ လောက် ကျန်နေတာကိုက မြန်မာပြည်လူထု နိုင်ငံရေးအသိ နိုးကြားလွန်းလို့ပါ။ ဒါကြောင့် မြန်မာပြည်ပြဿနာ လူထုဘက်မှာ တာဝန်မရှိတော့ပါ။ Leadership ရဲ့ အားနည်းချက်လို့ ပြောချင်ပါတယ်။
လက်ရှိအခြေအနေနဲ့ Road Map
သူ့ဘက်
Rule of the game တစ်ခုလုံးကို စိတ်တိုင်းကျရေးနိုင်တဲ့ အနေအထားရှိနေပြီ၊ သူ့စိတ်ကြိုက် ဗျူဟာခင်းနိုင်ပြီ။
ဒါပေမယ့် ပြည်သူလူထု ထောက်ခံမှုရအောင်တော့ မစည်းရုံးနိုင်ဘူး၊ ဒါကြောင့် လူထုရဲ့ အညွတ်အနူး ထောက်ခံမှုမပါဘဲ သူခင်းတဲ့ဗျူဟာကို ဇွတ်အကောင်အထည် ဖော်ရမယ့်ပုံ ရှိနေပါတယ်။ ဇွတ်အကောင်အထည်ဖော်နိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။
နိုင်ငံတကာ ဖိအားကိုလည်း တစုံတရာ ထည့်တွက်နေရတယ်၊ ဒါပေမယ့် တခုလုံး အပြောင်းအလဲ ဖြစ်သည်အထိတော့ နိုင်ငံတကာ ဖိအားသက်သက်နဲ့ စွမ်းဆောင်နိုင်စရာ မရှိပါဘူး။
ကိုယ့်ဘက်
အဆိုးရွားဆုံး အနေအထားကို ရောက်နေ
NLD - ဒေါ်အောင်ဆန်းစုကြည်မရှိရင် ဘာမှမလုပ်နိုင်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အခြေအနေကို ငုံမိဟန်မတူ။
88 Generation - အကုန်နီးပါးလောက် အထဲရောက်နေကြပြီ၊ နောက်ထပ် ကြီးကြီးမားမား လှုပ်ရှားမှု လုပ်နိုင်ဖွယ်ရာ မရှိ၊
ပြင်ပအင်အားစုများ - အဝေးကနေ အော်ရုံသာ တတ်နိုင်ကြတော့တယ်။ သူဖြူရင် ငါမည်းမယ်ဆိုတဲ့ logic နဲ့ သွားနေကြတယ်။ Strategy မရှိ၊
လူထု - မကျေနပ်ချက်နဲ့ အကြောက်တရား မျှခြေမှာ ရှိနေတယ်၊ သို့သော် ဤမျှခြေမှာ မငြိမ်၊ အချိန်မရွေး ပေါက်ကွဲနိုင်တယ်။ (စက်တင်ဘာဟာ ဒီလိုပေါက်ကွဲမှုမျိုး ဖြစ်တယ်)
ခြုံလိုက်ရင် သူ့ဘက်က လုံးဝအပေါ်စီးရနေပြီလို့ ဆိုနိုင်တယ်၊ Road Map ဟာ ဒီအခြေအနေပေါ်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
Road Map
သူ့ဘက်က ရည်မှန်းချက်
အမြင့်ဆုံး ရည်မှန်းချက် - လုံးဝအာဏာမလွှဲရန်၊ ဒီအတွက် Road map ကို တတ်နိုင်သလောက် အချိန်ဆွဲဆန့်ပြီး တဖြည်းဖြည်း မှိန်ပျောက်သွားအောင် ကြိုးစားနေခဲ့တယ်။
အနိမ့်ဆုံး ရည်မှန်းချက် - Road Map ကို မြန်မြန် အကောင်အထည်ဖော်ပြီး စိတ်ကြိုက် Constitution နဲ့ ခရီးဆက်ရန်
ကိုယ့်ဘက်ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဒီနှစ်ခုကြားမှာပဲ ဗျူဟာခင်းသင့်ပါတယ်။ ကိုယ့်အတွက် အမြင့်ဆုံး ရည်မှန်းချက်ဟာ သူ့ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ပဲ ဖြစ်နိုင်ပါတယ်။ ဒီထက် ပိုရနိုင်စရာ မရှိပါဘူး၊
စက်တင်ဘာအရေးအခင်း
ဘယ်နိုင်ငံရေးအင်အားစုကမှ ဖော်ထုတ်လိုက်တာ မဟုတ်ပါဘူး။ spontaneous movement သာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးအဖွဲ့အစည်း အသီးအသီးက အသုံးချတာတော့ မှန်ပါတယ်။ သို့သော် positive outcome မထွက်လာဘူး၊ negative outcome သာ ထွက်လာပါတယ်။
၈၈ မျိုးဆက်ရဲ့ အားပေးတွန်းဆော်မှုကို အသိအမှတ်ပြုရပါမယ်။ သို့သော် ၃ ရက်အတွင်း အဖြိုခွဲ ခံလိုက်ရပါတယ်၊ ဒါ ဘာကိုပြနေတာလဲဆိုရင် နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုဆိုရင် အကြီးထွားမခံဘဲ ချေမှုန်းပစ်မှာပဲဆိုတဲ့သဘော ဖြစ်ပါတယ်။
သူ့ဘက်က ပခုက္ကူအမှားကြောင့် သံဃာ့လှုပ်ရှားမှု ပေါ်လာတာဖြစ်ပြီး ၈၈ တွေရဲ့လှုပ်ရှားမှုလိုမျိုး ချက်ခြင်း မချေမှုန်းရဲခဲ့ပါ။ တစုံတရာ Shock ရသွားတယ်လို့ ဆိုနိုင်တယ်။ ဒါကို သိမ်သိမ်မွေ့မွေ့နဲ့ ထိန်းကြောင်းနိုင်ရင် အမြတ်တချို့ ရနိုင်တယ်။ တရားဝင် သို့မဟုတ် တရားဝင်တပိုင်း သံဃာ့အဖွဲ့အစည်းတောင် ပေါ်ထွက်လာနိုင်တယ်၊ အနိမ့်ဆုံး သံဃာနာယကအဖွဲ့ထဲမှာ ဒီမိုကရက်တစ်သံ(