ူလူသည် အပေါင်းအသင်း အသိုက်အ၀န်းနှင့် နေထိုင်သူဖြစ်သည်၊ ငယ်ရာမှကြီးပြင်း အိုမင်းလာသော ဘ၀တလျှောက်တွင် ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင် ဆက်ဆံပေါင်းသင်းနိုင်မှ စိတ်ချမ်းသာစွာ နေနိုင်ပေမည်။
မိမိနှင့်သဘောချင်း မတိုက်ဆိုင်တိုင်း စိတ်အနှောက်အယှက် ဖြစ်နေလျှင် လူ့ဘ၀သည် စိတ်ပျက်ဖွယ်ရာ ဖြစ်နေတော့မည်၊ ကိစ္စအမျိုးမျိုးကို ဆောင်ရွက်ရာ၌ မိမိအမြင်နှင့် သူတပါးအမြင်သည် တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မည်၊ မည်သူက မှန်သည်ဟု အတိအကျဆုံးဖြတ်ရန် ခက်ခဲသောကိစ္စများလည်း ရှိတတ်သည်၊ ဦးတည်သော အချက်ကိုမူတည်၍ အယူအဆ ထင်မြင်ချက် အမျိုးမျိုးရှိနိုင်ရာ အားလုံးသဘာဝကျနေသည်ကိုလည်း တွေ့နိုင်ပေသည်၊
ဥပမာအနေဖြင့် ကြံချောင်းစုပ်သော လူသုံးဦးကို ဖော်ပြလိုပါသည်။
ကြံချောင်းများကို အခွံနွှာ၍ ပန်းကန်ပြားတွင်ထည့်ကာ လူသုံးဦးအား ကျွေးသည်၊
ကြံသည် အဖျားတွင် အချိုပေါ့၍ အရင်းဘက်က အချိုအရသာပိုသည်ကို သူတို့သိကြ၏။
ပထမလူသည် ကြံကို သေသေချာချာ စိစစ်ပြီး အဖျားဘက်မှစ၍ စုပ်သည်၊
ဒုတိယလူသည် ကြံကို အရင်းအဖျားသေချာအောင် ကြည့်ပြီး အရင်းဘက်မှစ၍ စုပ်သည်။
တတိယလူသည် ဘာမျှရွေးချယ် ကြည့်ရှုမနေဘဲ သာမန်ကိုင်တွယ်ယူပြီး စုပ်သည်။
သူတို့သုံးဦး ပြုမူပုံကို အနားမှကြည့်နေသော လူတယောက်က မေးမြန်းရာ ပထမလူက နီတိကျမ်းအလိုအရ အရသာကို တဖြည်းဖြည်း တိုးတက်ခံစားရမည် ဆိုသည်-ဟုဖြေသည်။
ဒုတိယလူက သင်္ခါရတရားသည် မမြဲ၊ အနိစ္စသဘောအရ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ သေခြင်းတရား ကပ်ရောက်နိုင်၍ အချိုဆုံးဘက်ကို ဦးစွာစုပ်သည်-ဟု ဖြေ၏။
တတိယလူက အစာအာဟာရကို မှီဝဲရာ၌ အရသာခံစားလို၍ မဟုတ်၊ နုပျိုလှပစေရန် မဟုတ်၊ ဣရိယာပုထ် မျှတ၍ ကျန်းမာစွာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ရန် အလို့ငှါ ဖြစ်သည်။
အာဟာရ ၀မ်းထဲရောက်ရန်သာ လိုရင်းဖြစ်၍ အချိန်ယူ၍ ရွေးချယ်ခြင်းမပြုဘဲ စုပ်သည်ဟု ဖြေဆိုလေသည်။
အယူအဆများသည် မတူကြ၊ အဖြေများသည် ကွဲလွဲခြားနားကြသည်၊ သူ့အမြင်နှင့်သူ မှန်ကန်ကြသည် မဟုတ်ပါလော၊ ထို့ကြောင့် လူ့ဘ၀ လူမှုရေးကိစ္စအရပ်ရပ် ဆောင်ရွက်ရာ၌ ငါ့အယူအဆသာ မှန်သည်ဟူသော ခံယူချက်ကိုပယ်၍ အဘက်ဘက်မှ မျှတစွာ နှလုံးသွင်းတတ်ရန် လိုအပ်ပါသည်ဟု တင်ပြလိုက်ရပါသည်။
Posted by: mingala at 5:25 PM 0 မှတ်ချက်ရေးပါ
Labels: လောက-ဗဟုသုတ
Tuesday, March 10, 2009