မျိုးဆက်သစ် တွေကို အသိပညာ လက်ဆင့် ကမ်းပေးချင်တာက လုပ်တိုင်း တွေးဆချက်တိုင်း မှန်-မမှန် ကိစ္စပါ။
မြန်မာနိုင်ငံမှာ ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့ မှာ လွတ်လပ်ရေးရခဲ့တာ လူတိုင်းအသိနော်။လွတ်လပ်ရေး အရသာ ချိုမြိန်ပါရဲ့လားဆိုတဲ့ ခေါင်းစဉ်နဲ့ ဗွီအိုအေက ခေါင်းစဉ်ပေးပြီး ဆွေးနွေး သွားခဲ့ဖူးပါတယ်။
လွတ်လပ်ရေး ရပြီးနောက်မှာ မြန်မာတွေရတဲ့ လွတ်လပ်ရေးက မစစ်မှန်ဖူး။ နောက်ကွယ်က နှောင်ကြိုးတွေ ရှိနေသေးတယ်။ အင်္ဂလိပ်က လွတ်လပ်ရေး အတုကြီးပေးတာဟ ဆိုပြီး ဗမာပြည် ကွန်မြူနစ်ပါတီက စ တောခိုတယ်။ နောက် တိုင်းရင်းသားတွေ သူပုန်ထတယ်။ ဘာသာရေး အကြောင်းပြ၊ ပြည်နယ် တန်းတူညီမျှရေး အကြောင်းပြပြီး ရောင်စုံသူပုန် ထခဲ့ကြတယ်။
နောက် ဘာဖြစ်သလဲ။ အဲဒါတွေကို အကြောင်းပြပြီး ရောင်စုံသူပုန်ဆိုတာတွေ နှိမ်နင်းဖို့ စစ်တပ်က အာဏာ သိမ်းလိုက်တာ ဒီနေ့ အထိ ဆိုပါတော့။
ပွဲအစမှာ ဗမာပြည် ကွန်မြူနစ်တွေ အားကောင်းတော့ မာန အလံထူပြီး အပြုတ်ချရေး အော်ဟစ်ခဲ့ကြတယ်။ တရုတ်နဲ့  ရုရှား(ယခင်က ဆိုဗီယက် ပြည်ထောင်စု) ကူညီတယ်။ ၁၉၈၂ နောက်ပိုင်း ရောက်တော့ ကူညီမှုတွေ ရပ်ခဲ့တယ်။ ကူညီမှုတွေ ရပ်တော့ ဗကပတွေ ဘာဖြစ်သလဲ။ ကျောပိုးအိပ်ပါတီ ဘ၀နဲ့ ၀မ်းလျှောနေတဲ့ ဆင်ပိန်ကြီးလို ဖြစ်တော့တာပေါ့။ အခုတိုင်းရင်းသား လက်နက်ကိုင်တွေရော ဘာထူးလဲ။ ကချင်ကို တရုတ်က ကူညီခဲ့တယ်။ ကရင်ကိုလည်း အနောက်နိုင်ငံတွေက ကူတယ်လို့ နအဖ ဘက်က အထောက်အထား ခိုင်ခိုင်လုံလုံနဲ့  ထောက်ပြတယ်။ စစ်အစိုးရ စွပ်စွဲချက်တွေ မခံချင်လို့ ဒါတွေ ဖယ်ရှားပြီ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်လိုက်ကြတာ တိုင်းရင်းသား လက်နက်ကိုင် ၇၀ ရာခိုင်နှုံးလောက် နအဖနဲ့ ငြိမ်းချမ်းရေး လုပ်လိုက်ကြရပါပြီ။
ပြောချင်တာက တချိန်က အတိုက်အခံဆိုသူတွေ ကျောထောက်နောက်ခံ ပြုခဲ့ကြတဲ့ တရုတ်နဲ့  ရုရှားကိုရောအိမ်နီးချင်း နိုင်ငံတွေကို နအဖစစ်အစိုးရက သူ့ဘက်ပါအောင်လုပ်နိုင်ခဲ့ကြပြီ။
ပြည်သူတွေမှာတော့ နိုင်ငံရေးသမားဆိုသူတွေနဲ့  စစ်အာဏာရှင်တွေ ကြားမှာ မြေဇာပင်စစ်စစ်။
ဒါတောင် လေလှိုင်းထဲမှာ တခါခါ ပြည်သူတွေ ညံ့လို့ သူတို့ နဲ့ တန်တဲ့ အစိုးရ ရတာလို့  အော်ဟစ်နေကြသေးရဲ့ ။
သမိုင်းထဲက မြန်မာ့ နိုင်ငံရေးသမားခေါင်းဆောင် ဆိုတာက ဒီနေ့  စစ်အစိုးရကို ဆန့် ကျင်နေရင် ရန်သူ ။ မနက်ဖန် စစ်အစိုးရနဲ့ ပေါင်းရင် လုပ်ပိုင်ခွင့်ရ နယ်စား ကြီးတွေ ဖြစ်ကုန်ရော။ (မှတ်ချက်။ လွတ်လပ်ရေး ကြိုးပမ်းခဲ့သူများမပါ၊ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ကိုဆိုလိုပါသည်။)
ဒါကြောင့် မျိုးဆက်သစ်တွေ တိုင်းပြည်အတွက် တကယ်ချစ်တဲ့ စေတနာ မှန်တဲ့ နိုင်ငံရေး ခေါင်းဆောင်စစ်စစ် ခေတ်ရေစီးကြောင်းကို နားလည်ပြီး ၊ ဒီမိုကရေစီ ဘယ်လိုရအောင် လုပ်နိုင်မယ်။ တိုင်းပြည်အခြေအနေ ရှေ့ ကို တိုးအောင်တွန်းနိုင်မယ့် ခေါင်းဆောင်တွေကို ရွေးတတ်ဖို့ လိုပါမယ်။
ဒီတော့ ပြည်သူတွေခမျာမှာ အီစွပ်ပုံပြင်များထဲက တခုဖြစ်တဲ့ ပုံပြင်ထဲက မြင်းပိန် မကြီးလို ဖြစ်နေပါရပါပြီ။
တခါက မြင်းပိန် မကြီး တစ်ကောင် ကွင်းထဲမှာ မျက်စားနေတာကို တခြား မြင်းငယ်လေးတွေ၊ မြင်းပျိုလေးတွေ ကြည့်ပြီး ၀ိုင်း ပြောကြတယ်။
ခင်ဗျားခုလို ပိန်နေတာ ခင်ဗျားကိုယ်မှာ ကပ်ပါး မှက်ကောင်တွေ သွေးစုပ်နေလို့ ဖယ်ချပါလား။ကြည့်စမ်းပါဦး သွေးစုပ် မှက် ကောင်ကြီးတွေက ၀ဖီးလို့ ။ ခင်ဗျားကတော့ ပိန်လှီလို့ ၊ဒီလောက်တောင် မတွေးတတ်ဖူးလားလို့ ၀ိုင်းဝန်း အပြစ်တင်ကြသတဲ့။
ဒီတော့ မြင်းပိန်မကြီးက … မင်းတို့ ပြောတာ ဟုတ်ပါရဲ့ ကွယ်။ ဒါပေမယ့် သွေးစုပ် မှက်ကောင် အဟောင်းတွေကိုယ် ဖယ်ချ လိုက်တိုင်း နောက်ထပ် သွေးမစုပ် ရသေးတဲ့ မှက်ကောင်တွေ ရောက်လာလေ့ရှိသကွဲ့ ၊ သွေးစုပ်မှက်ကောင် အဟောင်းတွေ ရှိ နေရင်တော့ နောက်အသစ်မလာဖူးလေ။ အခု ရှိနေတဲ့ သွေးစုပ်မှက်ကောင်တွေ က သွေးဝနေကြပြီ။ ငါ့ကို သိပ်သွေးမစုပ် ကြ တော့ဘူး။ ဒါတွေ ဖယ်ချလို့ နောက်အသစ် ရောက်လာရင် ပိုပြီးသွေး အစုပ် ခံရနိုင်တာမို့ ဖယ်မချပဲ ထားတာပါကွယ်တဲ့။
မြန်မာ မှာလည်း ခေါင်း အခေါက်ခံရတဲ့ ဘုန်းကြီးကျောင်းက မျောက် ပုံပြင်ဆိုတာရှိပါတယ်။
ရောင်စုံသူပုန်ခေတ်မှာ နီးရာ ဓါးကြောက်လို့ အဆင်ပြေအောင်နေရတာကို ရောက်လာတဲ့ သေနတ် ကိုင်တွေက သတင်းပေး သစ္စာဖောက်ဆိုပြီး သတ်လို့ သေကြရတာ မနည်းပါရောလား။
ပြည်သူ၊ ကျောင်းသား ၊ရဟန်းတော်တွေမှာ ရှစ်လေးလုံးမှာ ။ ၁၉၉၆ မှာ၊ ကုန်ဈေးနှုန်း ကျဆင်းရေး၊ေ၇ွှဝါရောင် တော်လှန်ရေး ဆိုတာတွေမှာ ထချလို့ သေ လိုက် ကြ၊ ထောင်ထမင်းစားလိုက်ကြရနဲ့ ဘယ်မှာ နလန်ထူနိုင်လို့တုန်း။ ဒီတော့ စစ်တပ်ဆိုတာလဲ နိုင်ငံရေးသမား တမျိုးပါပဲ။ အာဏာမဲ့နေပြီး လက်ရှိ အစိုးရကို ဆန့် ကျင်နေတဲ့ သူမှ နိုင်ငံရေး သမားတွေ မဟုတ်ပါဘူး။
အပြောကောင်းတဲ့ လူလည် နိုင်ငံရေးသမားတွေ ရန် ဖြစ်လိုက်ကြ။ ပြန်တည့်လိုက်ကြ။ တိုင်းပြည် ဓန ပစ္စည်းတွေ ဝေ စားလိုက် ကြလုပ်နေတဲ့ စားဖား နိုင်ငံရေးသမား ခေါင်းဆောင်တွေကို ဆရာ မတင်မိဖို့ ပြီးတော့ ခေတ်ရေစီးကြောင်းနဲ့ အညီ မဟာဗျူဟာ၊ နည်းဗျူဟာတွေ လေ့လာ သုံးစွဲပြီး အမိ မြန်မာပြည်ကြီးကို ကယ်တင် နိုင်ကြပါစေလို့။
ဖိုးသောကြာ ၁၃ ။၎။ ၀၉
နှစ်သစ် မှာ လူသစ်စိတ်သစ်နဲ့ တိုင်းပြည်အကျိုး ထမ်းပိုးနိုင်ကြပါစေ။