တပြိုင်တည်း အကြောင်းအရာစုံစုံ မဆွေးနွေးရဘူးလို့များ ကန့်သတ်ချက်ရှိလေသလားလို့တောင် ထင်မိလာပါတယ်။
ဖွဲ့စည်းပုံအကြောင်းပြောချင်ရင်လဲ ဆိုင်ရာဆောင်းပါးမှာ ပြောလို့ရပါတယ်။ Geopolitics တို့၊ National Interest တို့ပြောချင်ရင်လဲ (ပြောလက်စနဲ့မို့) ဒီမှာပြောနေကြတာပါ။ အာရုံလွှဲတာမဟုတ်သလို အရေးမပါဘူးပြောပြီး မျက်နှာလွှဲစရာလည်း မဟုတ်ပါဘူး။ သူ့ခေါင်းစဉ်နဲ့သူ ဆွေးနွေးနေကြတာဖြစ်ပါတယ်။
ပြီးတော့ National Interest ဆိုတာလည်း ပေါ်ပင်ကိစ္စတရပ်တော့ မဟုတ်ဘူးထင်ပါတယ်။ အမြဲတမ်းအရေးပါနေတာလို့ ယူဆထားတဲ့အတွက် ဘက်ပေါင်းစုံက အမြင်တွေသိနိုင်ဖို့ အကူအညီတောင်းမိပါတယ်။ ဒီမှာတင် ကိုရွှေဘက
http://www.ncgub.net/mediagallery/download.php?mid=2007052914211173 လင့်ကို ပေးပြီး ဖတ်ဖို့ပြောလာပါတယ်။ ဖတ်ဖူးသူနည်းပါးလှတဲ့ စာအုပ်ကြီးကို ဖတ်ပြီး ထင်မြင်ချက်တချို့ ရေးပေးလိုက်ပါတယ်။
စာအုပ်က Political Vision of CRPP ပါ။ May 2007 ထုတ် Electronics Version ဖြစ်ပါတယ်။ အမည် အပြည့်အစုံပြောရရင် Political Vision of CRPP: On the Reconstruction of Burma ပါ ။ May 2007 တွင် ဘန်ကောက်မှာ ပုံနှိပ်တယ်လို့ ဆိုပါတယ်။ ပုံနှိပ်တာရော၊ အွန်လိုင်းတင်တာရောကို NCGUB ကလုပ်တာ ဖြစ်တဲ့အတွက် မူရင်းစာအုပ်လို့ပဲ မှတ်ယူပါတယ်။
စာအုပ်ထဲမှာ ရေးသားထားတဲ့ အကြောင်းအရာတွေထဲက ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုနိုင်သော အဓိကအချက်တွေကိုပဲ ခြုံ ငုံပြီး ပြောချင်ပါတယ်။
Agricultural Affairs, Town Act and Village Act, Labour Affairs, Educational Affairs, Health and Social Affairs, Finance, Economics and Commerce တွေပဲဖြစ်ပါတယ်။ အဆိုပါအချက်များကို သက်ဆိုင်ရာ အကြောင်းအရာအလိုက် ဖြစ်စဉ်သမိုင်း၊ ဥပဒေပြုခဲ့မှု၊ အားသာချက်၊ ပြန်လည်ပြင်ဆင်သင့်သည့်အချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာသုံးသပ်ချက်များ၊ စာတမ်းပြုစုသူများ၏ Proposal များကို ပုံစံမျိုးစုံဖြင့် ရေးသားထားပါတယ်။ အချို့အကြောင်းအရာများမှာ သုံးသပ်ချက်အချို့ရဲ့ မျှတမှုဟာ မေးခွန်းထုတ်စရာရှိပါတယ်။ (နောင် အခွင့်သင့်ရင် ပြောပါဦးမယ်။)
CRPP စတင်ဖွဲ့စည်းခဲ့တဲ့ ၁ စက်တင်ဘာ ၁၉၉၈ ကစပြီး ၄င်းသုံးသပ်အဆိုပြုချက်များဟာ စာသားအဖြစ်သာ အကောင်အထည်ဖော်ထားနိုင်သော်လည်း ပြည်သူအကျိုးကို ရှေ့တန်းတင်ပြီး ဆောင်ရွက်မယ်ဆိုရင် ၂၀၁၀ တွင် ပေါ်ပေါက်လာနိုင်တဲ့ ပြည်ထောင်စုလွှတ်တော်ထဲမှာ ညှိနှိုင်းဆွေးနွေးလို့ မရနိုင်တဲ့ အကြောင်းအရာများမဟုတ်ဘူးဆိုတာကို အပြုသဘောဖြင့် ရှုမြင်မိပါတယ်။ အမျိုးသားရေးရှေးရှုပြီးဆောင်ရွက်မယ်ဆိုရင် အလွယ်တကူ ဖြေရှင်းနိင်မှာကိုလည်း သတိထားမိပါတယ်။ (စာအုပ်လည်းပေးထားတဲ့အတွက် ကိုယ်တိုင်လည်း ဖတ်ရှု သုံးသပ်နိုင်ပါတယ်။)
သုံးသပ်အကြံပြုချက်တွေမှာ မြန်မာပြည်မှာ အကဲဆတ်တဲ့ အရေးကိစ္စတခုဖြစ်တဲ့ သာသနာရေး (ကိုးကွယ်ယုံကြည်မှု) ဆိုင်ရာ သုံးသပ်ချက်မပါဝင်သေးတာတွေ့ရပါတယ်။ အထူးသဖြင့် သာသနာ့ဝန်ထမ်းများနှင့် နိုင်ငံရေးလှုပ်ရှားခွင့်အပေါ် သဘောထားကို ဖွင့်ချမပြသေးပါဘူး။ နည်းပညာဆိုင်ရာ နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုကို အဓိက တွန်းတင်ပေးနိုင်မယ့် Small & Medium Enterprise များနှင့် သက်ဆိုင်သော မူဝါဒအမြင်များကို သီးသန့်သုံးသပ်ထားတာ မတွေ့ရပါဘူး။
အဓိက အားနည်းချက်က စာတမ်းများဟာ Up to date မဖြစ်တာတွေ့ရပါတယ်။ တော်တော်များများ အချက်အလက်တွေဟာ ၁၉၈၀ ကျော်၊ ၁၉၉၀ ကျော်နှစ်များကိုပဲ အခြေပြုထားပြီး လက်ရှိအခြေအနေကို မထင်ဟပ်နိုင်တဲ့ အပိုင်းတွေလဲပါပါတယ်။ ဝေဖန်သုံးသပ်သူရဲ့ ဆန္ဒစွဲ အမှားတွေလဲ တွေ့ရပါတယ်။
ဘယ်သူမှ ပြန်ငြင်းချင်မှာ မဟုတ်တဲ့ ဆန္ဒစွဲ အမှားတခုကို ပြပါမယ်။ Finance, Economics, Commerce သုံးသပ်ချက်အောက်က စာမျက်နှာ ၂၂၁ ရှိ "Expenditure" ဆိုတဲ့ ခေါင်း စဉ်ခွဲအောက်မှာ အစိုးရအသုံးစရိတ်များကို ဝေဖန်ရင်းကနေ ဥပမာပေးတော့ ဒီလိုရေးသွားပါတယ်။
" xxxx, Vietnam being a true democratic government, reduced expenditure and xxxxx "
၊ ဗီယက်နမ်အစိုးရကို အဲသလိုကြီး ပြောတော့ နားလည်ရခက်သွားပါတယ်။ (ဖြန့်ဝေတဲ့ စာအုပ်မှာ ဒီလိုရေးသေးရင်၊ မြန်မာက ဗီယက်နမ်ကို အတုယူပါလို့ စာရေးသူတယောက် ကွန်မန့်ရေးတာလဲ မဆန်းဘူးပဲလို့ မှတ်ချက်ချမိပါတယ်။)
အကြောင်းအရာပိုင်းပြီးတော့ စာအုပ်ကို (e-book) ကို အဖတ်နည်းကြတဲ့ အကြောင်းပြောပါမယ်။ ဖတ်တဲ့လူရှိရင် အမှားတွေ ပြင်ပြီးတာကြာပြီထင်လို့ပါ။ ထုတ်ထားတာလည်း တနှစ်ပြည့်တော့မယ်လေ။ အဓိကပြဿနာက မာတိကာမပါတာက စတာပဲ။ ဘယ်လိုပုံ အခန်းဖွဲ့ထားတယ် ပြောလို့မရတဲ့ အပြင် အခန်းကြီး ၁ က အခန်းငယ် ၃ ဆိုရင် ဘယ်မှာ ရှာရမှန်းမသိဘူး။ အဖွဲ့ဝင်တွေ Biography ထဲက POCL = Patriotic Old Comrades League ကို POOL လို့ရေးထားတယ်။ တခြား စာလုံးပေါင်း၊ စာလုံးကျတွေ အပြင် အဆိုးဆုံးက CRPP ကို CRP ဆိုပြီး နေရာတော်တော်များများမှာ ရေးထားတာပါပဲ။ CRP ဆိုပြီးတဖွဲ့ရှိရင်တော့လည်း မသိပါဘူး။
ဒီလို အသေးအဖွဲ ကိစ္စတွေက ပြင်ဖို့ ပြောတဲ့သူရှိရင် အမှန်ဖြစ်သွားမှာမို့ သိအောင်ပဲ ပြောပေးလိုက်ပါတယ်။ အခြားရည်ရွယ်ချက်မရှိပါဘူး။
အဓိက နိဂုံးချုပ်က တော့ CRPP ရဲ့ သုံးသပ်ချက်တွေထဲက Agricultural Affairs, Town Act and Village Act, Labour Affairs, Educational Affairs, Health and Social Affairs, Finance, Economics and Commerce ကိစ္စရပ်တွေမှာ ပြည်သူ့အကျိုးရှေးရှုပြီး လက်တွေ့အကောင်အထည်ဖော် ချင်ရင် ၂၀၁၀ မှာ ဖြစ်ပေါ်လာနိုင်တဲ့ လွှတ်တော်မှာ ညှိနှိုင်းဖြေရှင်းလို့ ရနိုင်ပါတယ်ဆိုတဲ့ အပြုသဘောအမြင်ကို တင်ပြချင်တာဖြစ်ပါတယ်။
စာသားအဆင့်အဖြစ်နဲ့သာ ၁၀ နှစ်လောက်ကြာနေပြီဖြစ်တဲ့ အဆိုပါ စီမံသုံးသပ်အဆိုပြုချက်တွေကနေ တကယ့်လက်တွေ့ လုပ်ဆောင်ချက်များကို ပြောင်းမပြောင်းဆိုတာကတော့ CRPP လူကြီးများရဲ့ အမြင်နဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာပေါ်မှာသာ မူတည်မှာ ဖြစ်ပါကြောင်း ခင်ဗျာ ။
ပြည်သူအားလုံး ပျော်ရွှင်နိုင်ကြပါစေ၊
ဖိုးမောင်