Friday, July 17, 2009

ဒီမိုကရေစီရေးလှုပ်ရှားသူတစ်ဦးရဲ့အမြင်

ဒီမိုကရေစီရေးလှုပ်ရှားသူတစ်ဦးရဲ့အမြင်

(Stanley A. Weiss ဟာ ၀ါရှင်တန်မှာ အခြေစိုက်တဲ့ Business Executives for National Security ရဲ့ ဥက္ကဌပါ။ သူက International Herald Tribune မှာ ဆောင်းပါးများရေးလေ့ရှိပါတယ်။ မကြာခင်က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှု တွေနဲ့ပတ်သက်ပြီး ရေးသားရင်းနဲ့ မြန်မာနိုင်ငံက စာရေးဆရာမ မသိင်္ဂိကို တွေ့ဆုံမေးမြန်းခန်းလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံ မေးမြန်းမှုထဲက အရေးကြီးတာတွေကို ဆီလျှော် အောင်ကောက်နှုတ်ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။)

မသိင်္ဂီ ဟာအသက် ၆၁ နှစ်ရှိပြီး အရင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူပါ။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူဖို့တောင်းဆိုတာတွေကို ဆန့်ကျင်ခဲ့တဲ့သူပါ။ အခု စာရေးဆရာ လည်းဖြစ်၊ ပန်းချီဆရာလည်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ ဟင်းလျာများအကြောင်း ရေးသားနေသူ မသိင်္ဂိ က ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံရေး၊ ထောင်ထဲကဘ၀၊ သူမကို သစ္စာဖောက်အဖြစ်စွပ်စွဲနေမှု၊ မကြာခင်က ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုများအကြောင်းနဲ့ အစိုးရနဲ့ အတိုက်အခံများအကြား တွေ့ဆုံရေး စတာတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဖြေသွားခဲ့ပါတယ်။

မေး။ ၁၉၈၈ တုံးက ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေထဲမှာ ပါသွားတာလဲ။

ဖြေ။ ပန်းချီဆရာမဘ၀နဲ့တုံးက နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး။ ဆိုရှယ်လစ်ခေတ်မှာ ကျမတို့က မျက်စိပိတ်နားပိတ် နေခဲ့ရတာ။ အဲဒီတုံးက အစိုးရ၀ါဒဖြန့်တာတွေ၊ ဆင်ဆာဖြတ်တောက်တာတွေကြောင့် အစိုးရသတင်းစာတွေကို လည်းမဖတ်ဖြစ်ဘူး။ အနောက်နိုင်ငံတွေက စာပေလွတ်လပ်ခွင့်တွေကို အားကျ ခဲ့ရတယ်။ အရေးအခင်းဖြစ်တော့ လူငယ်တွေ၊ ကျောင်းသားလေးတွေက ရှေ့တန်းက ဦးဆောင်တာကို ဘေးကရပ်ကြည့်ရင်း ရှက်လာတယ်။ နောက်ပြီး ဆိုရှယ်လစ်ခေတ် တစ်လျှောက်လုံး ကျမက စာပေ လွတ်လပ်ခွင့်ကို လိုချင်ခဲ့တာကိုး။ ဒါနဲ့ ပါဖြစ်သွားတာပါ။

မေး။ ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်လုပ်ခဲ့သေးတယ်မဟုတ်လား။

ဖြေ။ ကျမက သူမရဲ့ ကိုယ်ရေးလက်ထောက်အဖြစ်နဲ့ သူမအိမ်ကရုံးမှာ တယ်လီဖုန်းဖြေတာ၊ အစည်း အဝေးမှတ်တမ်း ရေးတယ်။ သူမနဲ့ နိုင်ငံအနှံ့ ခရီးသွားတယ်။ အဲဒီအချိန်တွေတုံးက ပျော်လည်းပျော်၊ မျှော်လင့်ချက်တွေကလည်းများပေါ့။ အဲဒီတုံးက အန္တရာယ်များတာမှန်ပေမယ့် ပြန်စဉ်းစားလိုက်တိုင်း ဒီလို လုပ်ခဲ့တာအတွက် နောင်တမရပါဘူး။ တကယ်တော့ ကျမက အနုပညာသမားဆိုတော့ ရုံးအလုပ်တွေက ကျမနဲ့ မကိုက်ပါဘူး။ ဒါ့ကြောင့် ကျမက သူမကို ရွေးကောက်ပွဲပြီးရင်တော့ ဆက်မလုပ်တော့ဘူး၊ အပြင် လောကမှာပဲ သူမရဲ့ မျက်စိ၊ နားအဖြစ်နဲ့နေတော့မယ်လို့ ပြောခဲ့တယ်။ အဲဒီတုံးက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးမှ ကျမတို့မျှော်လင့်ခဲ့သမျှတွေ သဲထဲရေသွန်ဖြစ်ကုန်မယ်လို့ မထင်ခဲ့ဘူး။ ကျမတို့က တောင်းဆိုလိုက်တာနဲ့ အာဏာကို အလွယ်တကူရလာမယ်လို့ ထင်ခဲ့တာကိုး။ အဲဒီနောက်တော့ ကျမ လက်တွေ့ကျကျ မြင်တတ်လာတယ်။ NLD အနေနဲ့ အာဏာကို ရနိုင်ဖို့ နိုင်ငံရေးအရ ပါးပါးနပ်နပ်လုပ်ဖို့ လိုတယ်လို့ နားလည်လာတယ်။

မေး။ ဒါပေမယ့် ၈၉ ဇူလိုင်ကျတော့ ဒေါ်စုကြည်က အကျယ်ချုပ်ချခံရပြီး ခင်ဗျားအပါအ၀င် သူမရဲ့ ထောက်ခံသူတွေလည်း ထောင်ချခံခဲ့ရတယ်။ ခင်ဗျားလည်း အင်းစိန်မှာ သုံးနှစ်နေခဲ့ရသေးတယ်မဟုတ်လား။

ဖြေ။ ထောင်ထဲမှနေရ ထိုင်ရတာတွေကတော့ အင်မတန်မှ ခေတ်နောက်ကျတယ်။ မပြည့်မစုံနဲ့ဘဲ၊ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်တာတွေတော့ မရှိပါဘူး။ အမျိုးသားထောင်ဘက်မှာတော့ ပိုပြီးအခြေအနေဆိုးတာ သေချာတယ်။ ကျမ အစောင့်တွေက ပညာသိပ်မတတ်တဲ့ အမျိုးသမီး ကြီးတွေပါ။ ကျမပေါ် ရန်လိုတာမရှိဘဲ ကောင်းကောင်း မွန်မွန်ပဲဆက်ဆံပါတယ်။ သူတို့မိသားစုအကြောင်း ကြည့်ခဲ့ဖူးတဲ့ရုပ်ရှင်တွေအကြောင်း ပြန်ပြောပြတတ်တယ်။

မေး။ ထောင်က ပြန်ထွက်လာတော့ ခင်ဗျား ဒေါ်စုကြည်မှာ ပြန်အလုပ်လုပ်သေးတယ်။ နောက်တော့ လမ်းခွဲခဲ့တယ် မဟုတ်လား။

ဖြေ။ ကျမက ၁၉၉၂ ခုနှစ်မှာ ပြန်လွတ်တယ်။ ဒေါ်စုကြည်ကို ၁၉၉၅ မှာ အကျယ်ချုပ်က ပြန်လွှတ်လိုက်တော့ ကျမပြန်သွားပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို လုပ်ကိုင်ပေးခဲ့တယ်။ ၉၅ နှစ်ကုန်ပိုင်းကျတော့ NLD က သူတို့ကို အာဏာလွှဲပေးဖို့တောင်းဆိုပြီး အမျိုးသားညီလာခံက အတုအယောင်ပဲလို့ပြောရင်း သပိတ်မှောက်ထွက်လာတယ်။ NLD က တပ်မတော်က လွှတ်တော်မှာ ၂၅% ယူတာကို သဘောမတူဘူး။ သူတို့လုပ်တာကို ကျမသဘောမတူဘူး။ ကျမအမြင်က အခြေခံဥပဒေကို နောင်ကျရင် ပြင်နိုင်တယ်လို့ထင်တယ်။

အဲဒီလိုပဲ ၁၉၉၅ မှာ ဒေါ်စုကြည်က မြန်မာနိုင်ငံကို အထီးကျန်ထားဖို့ တောင်းဆိုလာတယ်။ ဒဏ်ခတ်အရေးယူဖို့ မပါသေးဘူး။ ဒဏ်ခတ်အရေးယူဖို့က ၁၉၉၇ ကျမှ တောင်းဆိုတာ။ ဒီလိုလုပ်တာကို သဘောမတူတာကြောင့် သူနဲ့ နှစ်ယောက်ခြင်း အကြိမ်အတော်များများ ဆွေးနွေးဖြစ်ခဲ့တယ်။ ပြည်သူတွေကို ထိခိုက်စေတဲ့ ဖိအားပေးမှုတွေဟာ ထိရောက်တယ်၊ လုပ်သင့်တဲ့ မဟာဗျူဟာဖြစ်တယ်လို့ ကျမ တစ်စက်ကလေးမှ မယုံကြည်ဘူး။ ကျမက ဒီလိုလုပ်ရင် ပြည်သူတွေပဲ နစ်နာမယ်လို့ပြောတော့ ဒေါ်စုကြည်က မထိခိုက်ဘူးလို့ပဲ ပြန်ပြောခဲ့တယ်။ ကျမတို့ ပြင်းပြန်ထန်ထန် အချေအတင်ပြောခဲ့ပြီး နောက်တော့ ကျမ သူ့ကို သွားမတွေ့တော့ဘူး။ ၁၉၉၆ ကျတော့ New Yorker မဂ္ဂဇင်းနဲ့ တွေ့ဆုံခန်းမှာ မြန်မာနိုင်ငံကို အထီးကျန်ထားဖို့ လုပ်တာကို ကျမသဘောမတူဘူးလို့ ပြောပြခဲ့တယ်။

မေး။ ခင်ဗျားကို အစိုးရဘက်သားဖြစ်သွားပြီ။ အစိုးရပြောခိုင်းတာတွေပြောနေတယ်လို့ ဝေဖန်မှုတွေ အပေါ် ဘယ်လို တုန့်ပြန်မလဲ။

ဖြေ။ ဘယ်လိုမှ မတုန့်ပြန်ဘူး၊ ကျမဟာ သစ္စာဖောက်မဟုတ်ဘူး၊ ဘက်ပြောင်းသွားတဲ့ သူလည်းမဟုတ်ဘူး။ ကျမနိုင်ငံရေး လှုပ်ရှားမှုထဲကို ၀င်ပါတာက ပြည်သူတွေကို အကျိုးပြုချင်လို့။ ကျမ ပြည်သူတွေ အပေါ်မှာပဲ သစ္စာရှိရမယ်။ သူတို့ကို ထိခိုက်နစ်နာစေမယ့်အရာမှန်သမျှ ကျမ ဆန့်ကျင်မှာပဲ။ ကျမသာ ပိုက်ဆံနဲ့ ထင်ပေါ်ကျော်ကြားမှုကိုလိုချင်ရင် ဒေါ်စုကြည်နဲ့ ပတ်သက်တာရယ်။ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောနိုင်တာရယ်။ ပြင်သစ်နဲ့ ဂျာမန်လိုတတ်တာရယ်ကိုသုံးပြီး ပြည်ပြေးလှုပ်ရှားမှုတွေမှာ ၀င်ပါမှာပေါ့။ အဲဒါဆို ငွေတွေလဲဝင် မီဒီယာတွေရဲ့ အာရုံစိုက်မှုလည်းခံရမှာပဲ။

မေး။ အမေရိကန်ကို သွားလည်တုံးက အချို့လှုပ်ရှားသူတွေက ခင်ဗျားကို အစိုးရ ကိုယ်စားပြောပေး နေတယ်လို့ စွပ်စွဲခဲ့ သေးတယ်မဟုတ်လား။

ဖြေ။ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့တစ်ယောက်မှ ပြဿနာကို ရေရေလည်လည် ဆွေးနွေးတာမရှိပါဘူး၊ ကျမကို ပုတ်ခတ်ပြီး ဒဏ်ခတ်အရေးယူမှုတွေကြောင့် အစိုးရပြုတ်ကျမှာ သေချာတယ်လို့ ထပ်ခါတလဲလဲ ပြောတာပဲရှိတယ်။ သူတို့နဲ့တွေ့မှပဲ အရင်က သူတို့ကို ပြည်သူတွေထိခိုက်နေတဲ့ အခြေအနေ မှန်တွေကို သိအောင်ရှင်းပြဖို့ လိုတယ်လို့ ထင်နေတာ မှားမှန်းသိတယ်။ ပြည်သူတွေထိခိုက်နေမှန်း သူတို့ သိတယ်။ တကယ်တော့ သူတို့အတွက် ရန်ပုံငွေတွေရဖို့၊ သူတို့ကို ထောက်ခံနေတဲ့ အနောက်နိုင်ငံက နိုင်ငံရေးသမားတွေအတွက် ရုပ်ပြကောင်းအောင်လို့ ဒီလိုအလုပ်တွေကို လုပ်နေတာပဲ။ တစ်ခါတစ်လေ အဖွဲ့တစ်ဖွဲ့ ဒါမှမဟုတ် စာစောင်တစ်စောင်က သူတို့ချထားတဲ့ မူကနေသွေဖည်သွားတာနဲ့ ဒီလို ဆက်လုပ်နေရင် ရန်ပုံငွေတွေ ရပ်ပစ်မယ်လို့ သတိပေးခံရတဲ့ အဖြစ်တွေအများကြီးပဲ။ သူတို့ နိုင်ငံရေး အကျိုးအတွက် သူတို့ လုပ်နေတာကြောင့် တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် ပြည်သူတွေ ထိခိုက်ကြ၊ အလုပ်ပြုတ်ကျဖြစ်ကုန်ရတာပဲ။

မေး။ နောက်ဆုံးဖြစ်ခဲ့တဲ့ သံဃာတွေဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကရော ဘယ်လို ဖြစ်တာလဲ။

ဖြေ။ တကယ်တော့ အစပိုင်းမှာ ဆန္ဒပြတာတောင်မဟုတ်ပါဘူး။ ငွေကြေးဖောင်းပွမှုအခြေအနေကို သတိထားမိအောင် မီးမောင်းထိုးပြတာပဲရှိတယ်။ ဒါပေမယ့် ရက်နည်းနည်းကြာလာတော့ နိုင်ငံရေး တောင်းဆိုမှုတွေပါလာတယ်။ သံဃာတွေက ဒီတောင်းဆိုချက်တွေကို သူတို့ဘာသာလုပ်တာလား၊ တစ်ယောက်ယောက်ကလှုံ့ဆော်ပေးတာလား ဒါတော့ကျမမသိဘူး။ ဒါပေမယ့် အာဏာပိုင်တွေရဲ့ အမြင်မှာ ဒါဟာ နိုင်ငံရေးဆန့်ကျင်မှု အဖြစ်မြင်လာတယ်။ နောက်တော့ ဖြိုခွဲတာခံရတော့တာပါပဲ။ ကျမတော့ ဒီအဖြစ်တွေအတွက် ၀မ်းလည်းနည်း၊ ယူကျုံးမရလဲဖြစ်မိတယ်။ ဒီထက်ပိုပြီး ငြင်ငြင်သာသာဖြေရှင်းနိုင်ရင် ကောင်းမှာပဲလို့ထင်တယ်။

မေး။ စစ်တပ်ကို လွှတ်တော်ရဲ့ ၂၅% ပေးထားတဲ့ အခြေခံဥပဒေမူကြမ်းအတွက် ခင်ဗျားမဲသွားပေးဦးမှာလား။

ဖြေ။ ကျမကတော့ ထောက်ခံမဲပေးမှာပဲ။ ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းဘက်ကို ဦးတည်တဲ့ ခြေလှမ်းတစ်ခုပဲ။ တစ်ခြားနည်းလမ်းလဲမရှိဘူး။ ပြည်ပမှာရောက်နေတဲ့ လှုပ်ရှားသူတစ်ချို့ကတော့ ဒီအခြေခံဥပဒေ အတည်ဖြစ်သွားရင် စစ်အစိုးရကို တရားဝင်မှုပေးရာရောက်လိမ့်မယ်လို့ ပြောကြတယ်။ ဒီ စစ်အစိုးရက အာဏာယူထားတာ နှစ်နှစ်ဆယ်ရှိပြီ။ ကုလသမဂ္ဂနဲ့ နိုင်ငံအားလုံးက အသိအမှတ်ပြုထားတယ်။ ဒီလိုအခြေအနေမှာ ဘာလို့ တရားဝင်မှုဆိုတာကို လာပြောနေတာလဲ။ စစ်တပ်ကို ၂၅% နေရာ မပေးရင် စစ်တပ်က ရာနှုန်းပြည့်အာဏာယူထားပြီး ဆက်အုပ်ချုပ်နေမှာပေါ့။ ကျမပြောခဲ့သလိုပဲ အခြေခံ ဥပဒေကို နောင်ကျရင် ပြင်ဆင်နိုင်တာပဲ။

မေး။ ပြီးခဲ့တဲ့ ၁၈ နှစ်ကာလမှာ ၁၂ လုံးလုံးအကျယ်ချုပ်ချခံထားရတဲ့ ဒေါ်စုကြည်အပေါ်မှာ အခုအချိန်မှာ ခင်ဗျား ဘယ်လို သဘောထားလဲ။

ဖြေ။ ကျမတို့သိပ်ချစ်တဲ့ ဒေါ်စုကြည်ချမှတ်ခဲ့တဲ့ မူဝါဒတွေမှန်ပါစေ။ ကျမယူဆတာတွေ မှားပါစေလို့ ကျမရင်ထဲက ဆုတောင်းခဲ့ဖူးတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ဒဏ်ခတ်အရေးယူမှုတွေကို ဆန့်ကျင်တဲ့ ကျမအယူအဆ မှန်တယ်ဆိုတာ သက်သေပြနေပါပြီ။ ကျမမှန်တယ်ဆိုတာက အရေး မကြီးလှပါဘူး။ ကျမက တိုင်းရေးပြည်ရေးနဲ့ယှဉ်ရင် ပမွှားပဲလေ။ တစ်ချို့က ကျမဟာ ဒေါ်စုကြည်ကို မနာလိုဘူး၊ မုန်းတယ်လို့ စွပ်စွဲကြတယ်။ ကျမ သူ့ကိုမချစ်ဘဲနဲ့ သူ့အမှုတော်ကို ထမ်းပါ့မလား။ ကျမ ဘယ်လောက်အထိ တာဝန်ကျေကျေဆောင်ရွက်ခဲ့တယ်ဆိုတာ ဒေါ်စုကြည်သိပါတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့သူတွေနဲ့လည်း တစ်ခါတစ်ရံမှာ စိတ်ဆိုးရ၊ ငြင်းခုန်ရတာရှိမှာပါပဲ။ ဘာပဲဖြစ်ဖြစ် သူမဟာ လူတွေရဲ့ အသဲနှလုံး ထဲမှာ ရှိနေဦးမှာပါ။






Posted by ပိတောက်မြေ at 10:10:00 AM 2 comments

Labels: အတွင်းရေး


Saturday, December 1, 2007
သတင်းဌာနအချို့၏ ကျင့်ဝတ် မစောင့်စည်းမှုကို လူရွှင်တော် ကိုဇာဂနာ အကြီးအကျယ် စိတ်ပျက်

စက်တင်ဘာ အရေးတော်ပုံတွင် သံဃာနှင့် ပြည်သူများဖက်မှ မားမားမတ်မတ် ရပ်တည် ဦးဆောင် ခဲ့သူ လူရွှင်တော် ကိုဇာဂနာက ယခုတလော သတင်းဌာနများ၏ အသံထုတ်လွှင့်မှုများ၌ သူ့၏ အင်တာဗျူး ဖြေကြားသံများ အလာကျဲသွားခြင်းနှင့် ပတ်သက်၍ ယခုလိုရင်ဖွင့်ပြောကြားခဲ့သည်။ သူအနေနှင့် အထူး စိတ်ပျက်ရသည်မှာ အလွတ်သဘော ပြောဆိုသည်များ (off the record)အား သတင်းသမား ကျင့်ဝတ်ကို မစောင့်ထိန်းဘဲ စည်းဖောက်ပြီး တင်လိုက်ခြင်းကိုဖြစ်ကြောင်း၊ ထိုသို့ တင်လိုက်သည့် အတွက် အဖမ်းအဆီး ခံလိုက်ရသူများရှိကြောင်း၊ ဘာကြောင့် ထိုသို့လုပ်ရက်သည်လည်းဆိုသည်ကို နားမလည်နိုင်ကြောင်း၊ တခါသားမှာဆိုလျှင် ဘုန်းကြီးကျောင်းနာမည် ထည့်မလွှင့်ဖို့ အတန်တန် တောင်းပန်နေပါလျက်နှင့် သတင်းလွှင့်သည့်အခါ နာမည်ထည့်ပြီး လွှင့်ချလိုက်ကြောင်း၊ အဲဒီရဲ့ အကျိုးဆက်အဖြစ် ဆွမ်းကပ်ရဲသူ မရှိတော့ဘဲ အဆိုပါ ဘုန်းကြီးကျောင်းမှ သံဃာများ ဆွမ်းငတ် ကုန်ကြကြောင်း ရင်ဖွင့် ပြောကြားခဲ့သည်။

ဒေါက်တာလွဏ်းဆွေ ဘလောဂ့်မှ ကူးယူဖော်ပြသည်။


Posted by ပိတောက်မြေ at 5:47:00 AM 0 comments

Labels: အတွင်းရေး


Tuesday, November 27, 2007
သင့်မြတ်ရေးနှင့် ဒီချုပ်ရှေ့ရေး

အစိုးရ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ ဒေါ်စုနဲ့ ဒီချုပ်ဗဟိုအလုပ်အမှုဆောင်တွေ တွေ့ဆုံတဲ့ သတင်းနဲ့ ဓာတ်ပုံတွေပါလာတော့ အတော်များများက အစိုးရနဲ့ ဒီချုပ်အကြား သင့်မြတ်ရေးအတွက် ရှေ့ကိုတစ် လှမ်း တက်လာပြီလို့ထင်ကြတယ်။ ကျွန်တော်ကတော့ အဲဒီလောက်အကောင်းမမြင်ဘူး၊ ဘာလို့လဲဆိုတော့ ဒီချုပ်အမှုဆောင်တွေအကြောင်း သိနေလို့ပါ။

ဒေါ်စုကလွဲရင် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်တွေရဲ့ ပျှမ်းမျှအသက်က ရှစ်ဆယ်နှစ်နှစ်ပါ။ အဲဒီအဖိုးကြီး တွေထဲမှာ နိုင်ငံရေးအတွေ့အကြုံတွေ အများကြီးရှိတာ သေချာပါတယ်။ ဒါပေမယ့် အဲဒါတွေနဲ့ အတူရှိနေတာ က နိုင်ငံရေးအာဃာတ တရားတွေပါ။ တပ်မတော်နဲ့ သင့်မြတ်ရေးမှာ အဲဒီအာဃာတတွေက အနှောင့်အယှက် ဖြစ်နေတာပါ။

ဒေါ်စုရဲ့ အရည်အချင်း၊ နိုင်ငံကို ချစ်မြတ်နိုးစိတ်၊ ဒါတွေကို ကျွန်တော်တို့ ဘာမှ သံသယရှိစရာမလို ဘူး။ ပြဿနာက အမေကိုပြုစုဖို့ မြန်မာနိုင်ငံကို ခဏပြန်လာတုံးမှာ နိုင်ငံရေးမုန်တိုင်းထဲမှာ ပိတ်မိသွားတဲ့ ဒေါ်စု၊ အစက နိုင်ငံရေးမလုပ်ဖူးလို့ ပြောခဲ့ပေမယ့် အခြေအနေက တောင်းဆိုလာလို့ မြန်မာ့နိုင်ငံရေးထဲကို ၀င်ပါလာတဲ့ ဒေါ်စုကို အနားက ၀ိုင်းရံနေတဲ့လူတွေက သူတို့မှာရှိတဲ့ ကိုယ်ပိုင်နိုင်ငံရေး အစီအစဉ်တွေကို အကောင်အထည် ဖော်ဖို့ ဒေါ်စုကို အသုံးချခဲ့တာပါ။ ဒီနေ့ မြန်မာ့နိုင်ငံရေးရဲ့ အဓိကပြဿနာက အဲဒါပါဘဲ။

၁၉၈၈ ခုနှစ်က မြန်မာ့နိုင်ငံရေးသမားတွေကို အုပ်စုခွဲကြည့်ရင် ခုလိုတွေ့ရမှာပါ-

(က) သန့်ရှင်းတည်မြဲအုပ်စုဝင်၊ ဖဆပလဟောင်းများ။

(ခ) မြေပေါ်လက်ဝဲပါတီ ပမညတဟောင်းများနဲ့ အကြောင်းအမျိုးမျိုးနဲ့ မြေပေါ်ပြန်ရောက်နေတဲ့ အလံနီ၊ အလံဖြူ ကွန်မြူနစ်များ။

(ဂ) တပ်မတော်မှ ဆိုရှယ်လစ်ပါတီဝင် တပ်မှူးဟောင်းများ။

(ဃ) ပါတီသန့်စင်ရေးတွေမှာ ပြုတ်ခဲ့တဲ့ လမ်းစဉ်ပါတီဟောင်းများ။

(င) လက်ရှိ လမ်းစဉ်ပါတီဝင်များ။

အဲဒီအုပ်စုထဲက လက်ဝဲအုပ်စု၊ တပ်မှူးဟောင်းများနဲ့ လမ်းစဉ်ပါတီဝင်ဟောင်းတွေက ဒေါ်စုကိုဝန်းရံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ခေါင်းဆောင်ပိုင်းမှာ ပါလာကြတယ်။ ဒီလူတွေမှာ နိုင်ငံရေး အယူအဆ မတူပေမယ့် ဗိုလ်နေ၀င်းကို ပုဂ္ဂိုလ်ရေးအရမုန်းတာ၊ အဲဒီကနေ တပ်မတော်ကို ဗိုလ်နေ၀င်း လက်ကိုင်တုတ် အဖြစ် မုန်းတာချင်းတူတယ်။

ကွန်မြူနစ်တွေက ၁၉၄၈ မှာ စစ်တပ်ထဲက လက်ဝဲ၀ါဒီတွေဦးဆောင်ပြီး အာဏာသိမ်းဖို့လုပ်တာ ဗိုလ်နေ၀င်းကြောင့် မအောင်မြင်ခဲ့ဘူးဆိုပြီး အညှိုးထားခဲ့တာပါ။ ၁၉၄၈ ကနေ ၁၉၈၈ ခုနှစ်အထိ ကွန်မြူနစ် တွေကို တပ်မတော်က တိုက်လာတာကြောင့် ဗိုလ်နေ၀င်းကိုရော၊ တပ်မတော်ကိုပါ လူတန်းစားရန်သူအဖြစ် သတ်မှတ်ထားတာပါ။

ဆိုရှယ်လစ် တပ်မှူးဟောင်းတွေကတော့ လွတ်လပ်ရေးရပြီးချိန်မှာ ဗိုလ်နေ၀င်းကို အစဉ်အလာရှိတဲ့ ဗိုလ်ဇေယျတို့ ဗိုလ်လင်္ကျာတို့ကိုကျော်ပြီး ဦးစီးချုပ်ရာထူးရအောင် လုပ်ပေးခဲ့တာပါ။ သူတို့က ဗိုလ်နေ၀င်းကို မိန်းမလိုက်၊ မြင်းလောင်းနဲ့ အရည်အချင်းမရှိဘူး၊ သူတို့ကြိုးဆွဲရာကမယ့်လူကို ထင်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ကျန်တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေကို ဘေးဖယ်ပြီး ဗိုလ်နေ၀င်းကို တွန်းတင်ပေးခဲ့ကြတာပါ။ ဒါပေမယ့် နောက်ဆုံး ဗိုလ်နေ၀င်းက သူတို့အားလုံးကို ၁၉၆၀ ရွေးကောက်ပွဲမှာ မဲခိုးမှုနှင့် တပ်ထဲကကန်ထုတ်လိုက်တော့ လူပါး ပုလင်းထိပြီး ဗိုလ်နေ၀င်းနဲ့ ကမ္ဘာမကြေ ဖြစ်ခဲ့တာပေါ့။ အဲဒီတပ်မှူးဟောင်းတွေထဲမှာလည်း အရင်ပြုတ်တဲ့ ဗိုလ်အောင်ရွှေအုပ်စုက နောက်မှပြုလာတဲ့ တော်လှန်ရေးကောင်စီဝင်ဟောင်း ဗိုလ်အောင်ကြီးနဲ့အုပ်စုကိုလည်း ၁၉၆၀ တုံးက လူလည်ကျပြီး ဗိုလ်နေ၀င်းနဲ့ပေါင်းပြီး ကျန်ခဲ့တဲ့ကောင်တွေဆိုပြီး မကျေလည်ဘူး။ ဒါ့ကြောင့် လည်း ဒီချုပ်မှာ ဗိုလ်အောင်ကြီးနဲ့ ကွန်မြူနစ်ဟောင်းတွေ အိုးစားခွဲကြတော့ ဗိုလ်အောင်ရွှေအုပ်စု ကွန်မြူနစ်နဲ့ ပေါင်းပြီး ဗိုလ်အောင်ကြီးကို ကန်ထုတ်ခဲ့တာဖြစ်တယ်။

လမ်းစဉ်ပါတီဝင်ဟောင်းတွေကတော့ ဗိုလ်တင်ဦး၊ ဗိုလ်လွင်တို့အုပ်စုပါ။ တစ်ချိန်က အဖေကြီး ဗိုလ်နေ ၀င်းအနားက အနားပြာတွေပေါ့။ ဗိုလ်နေ၀င်း ဆိုရှယ်လစ်ဆိုရင် သူတို့က အဖေထက် သားတစ်လကြီး ပိုပြီး ဆိုရှယ်လစ်ပြခဲ့တာပါ။ ဗိုလ်တင်ဦးဆိုရင် အရင်းရှင်တွေကို အရင်ရှင်းရမယ်ဆိုတဲ့ ရဲရဲတောက် မိန့်ခွန်းပြော ခဲ့သူပါ။ ဗိုလ်လွင်ဆိုရင် မင်းသားလွင်ဆိုပြီး ဘဏ္ဍာရေးဝန်ကြီးဘ၀မှာ ဆိုရှယ်လစ်မှုတွေကို အကောင်အထည် ဖော်ခဲ့သူပါ။ အဖေကြီးက အရေးပေးလွန်းလို့ တစ်ချိန်မှာ အရိုက်အရာဆက်ခံရမယ့် သူတွေလို့တောင် ထင်ကြေးပေးခံခဲ့သေးတယ်။ နောက်ဆုံး ဗိုလ်နေ၀င်းက နှစ်ယောက်လုံးကို ကန်ထုတ်လိုက်တော့မှ အဖေနဲ့သား ဇာတ်ခေါင်းကွဲသွားတာပါ။

အဲဒီလိုလူတွေက ဒေါ်စုကြည်နားကိုရောက်တာနဲ့ ဒေါ်စုအနေနဲ့ ဗိုလ်နေ၀င်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆက်ဆံရေးကို သံသယ၀င်ပြီး ဗိုလ်နေ၀င်းကို ပုဂ္ဂိုလ်ရေးအရ မုန်းအောင်၊ အဲဒီကနေ တပ်မတော်ကို ဗိုလ်နေ ၀င်း လက်ကိုင်တုတ်ပုံဖော်ပြီး တပ်မတော်ကိုပါ ဒေါ်စုက အထင်မှားအောင်လုပ်ခဲ့တာပါ။ သူတို့လုပ်တာ အောင် မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗြိတိန်လို ဒီမိုကရေစီဘိုးအေနိုင်ငံမှာ နှစ် နှစ်ဆယ်ကျော်နေလာတဲ့ ဒေါ်စု အဖို့ နိုင်ငံရေးမှာ တပ်မတော်ပါရမယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်လို့ပါဘဲ။

ဒါပေမယ့် ဒေါ်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ ဗြိတိန်နိုင်ငံရဲ့ ကွာခြားတဲ့သမိုင်းကြောင်း၊ မြန်မာ့ နိုင်ငံရေး အရှုတ်အထွေးများနဲ့ ပုဂ္ဂိုလ်ရေးအာဃာတများကို လေ့လာဖို့အချိန်မရခဲ့တာလည်း အကြောင်းတစ်ချက်အဖြစ် ပါပါတယ်။ ဒါ့ကြောင့် လက်ဝဲသမားတွေ၊ ဆိုရှယ်လစ်တပ်မှူးပြုတ်တွေနဲ့ မဆလ ကျားနာများရဲ့ တွန်းပို့တဲ့ ထိပ်တိုက် ရင်ဆိုင်ရေးလမ်းကြောင်းပေါ် ရောက်သွားပြီး ခုလို ဇာတ်မျောနေရတာပါ။

တကယ်တော့ နိုင်ငံတကာဝင်ဆန့်တဲ့ ဒေါ်စုလိုခေါင်းဆောင်နဲ့ နိုင်ငံရေးအကျပ်အတည်း ကာလတိုင်းမှာ ပြိုကွဲမှုမရှိဘဲ ရပ်တည်နိုင်ခဲ့တဲ့ တပ်မတော်ရဲ့ အတွေ့အကြုံနဲ့ စည်းလုံးညီညွတ်မှုကိုသာ ပေါင်းလိုက်ရင် ကျွန်တော်တို့နိုင်ငံအတွက် အလွန်အကျိုးရှိမှာပါ။ ခုတော့ ဒီချုပ်က ဇာတ်ပျက် လက်ဝဲ၊ လက်ယာ နိုင်ငံရေး ကျားနာတွေကြောင့် အခက်ကြုံနေရတာဖြစ်တယ်။ ဒါ့ကြောင့် တပ်မတော်နဲ့ ဒေါ်စု လက်တွဲနိုင်ဖို့ဆိုရင် ဒီချုပ် ထဲက နိုင်ငံရေးကျားနာတွေကို ဖယ်ရှားနိုင်၊ ဒေါ်စုရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နိုင်မှနီးစပ်မှာပါ။ ဒီသက်ကြား အို နိုင်ငံရေးသမားတွေ၊ တပ်မှူးဟောင်းဆိုသူတွေကတော့ တပ်မတော်ရှိသရွေ့ သူတို့နေရာ မရနိုင်လို့ ယုံကြည်တာကြောင့် ဒေါ်စုနဲ့ တပ်မတော်ကြား ရင်ကြားစေ့ရေး မဖြစ်အောင် အမျိုးမျိုးဖျက်ဦးမှာပါ။ စစ်အစိုးရ အားနည်းနေပြီ၊ နဲနဲစောင့်လိုက်ရင် အပေးအယူလုပ်စရာမလိုပဲ အောင်ပွဲရတော့မှာ ဆိုတာမျိုးနဲ့ ဒေါ်စုကို ပြောဦးမှာပါ။ ၂၀၀၁ တုံးကလည်း ဒါမျိုးလုပ်ခဲ့ပြီ၊ ၂၀၀၃ မှာလည်း လုပ်ခဲ့ပြီးပြီ။ ဒီလူတွေကို ဒေါ်စုဘေးဖယ် ထားရင် ရင်ကြားစေ့ရေး အလှမ်းမဝေးဘူးလို့ ဆိုနိုင်မှာပါ။


Posted by ပိတောက်မြေ at 4:15:00 AM 1 comments

Labels: အတွင်းရေး


Newer Posts Older Posts Home
Subscribe to: Posts (Atom)