ဗိုလ်ချုပ် ဘာကိုတိုက်ခဲ့သနည်း
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေးကို အရတိုက်ယူခဲ့သော သူရဲကောင်း အာဇာနည်ဖြစ်သည်ဟု နှောင်းလူတို့က
အဓွန့် ရှည်စွာ ရာဇ၀င်၌ စာတင်ကြပေလိမ့်မည်။
သို့သော် ကျွန်တော် တခု စဉ်းစာမိသည်။
ဗိုလ်ချုပ်ဘာကိုတိုက်ခဲ့သနည်း။လွတ်လပ်ရေးအတွက် တိုက်ခဲ့သည်ကား မှန်၏၊သို့သော်စစ်စစ်ပေါက်ပေါက် ရှာဖွေကြည့်ပါဦး။
လွတ်လပ်ရေးအတွက် သူဘာကိုတိုက်ခဲ့သလဲ။
ဤအချက်သည် စဉ်းစား၍ ကောင်းသော အချက်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်စဉ်းစား၍ ကြည့်သည်။ စာရှုသူမိတ်ဆွေ---၊
မိတ်ဆွေ၌ အချိန်ပိုရှိလျှင် ကျွန်တော်နှင့်အတူ လိုက်၍ စဉ်းစားကြည့်ပါလား။
မိတ်ဆွေ စဉ်းစားခန်း ၀င်တော့မည်။ သို့သော် ထိုကိစ္စနှင့် စပ်လျဉ်း၍ မိတ်ဆွေ စဉ်းစားခန်း မ၀င်သေးမီ မိတ်ဆွေက ပဏာမ
အစမ်းသဘောနှင့် တောင်တောင် အီအီ ငေးမောနေမိမည်ကို ကျွန်တော်မြင်ယောင် ပါသည်။
အကယ်၍ ဗိုလ်ချုပ်တိုက်ခဲ့သော လွတ်လပ်ရေးစစ်ကြီးသည် အချည်းအနှီး ဖြစ်ခဲ့သည်ဆိုပါတော့။
မိတ်ဆွေ တွေးပေလိမ့်မည်။ အကယ်၍သာလွတ်လပ်ရေး တိုက်ပွဲကြီးသာ မအောင်မြင်ဘဲရှိခဲ့ ပါလျှင် ယနေ့ အဖို့၌ လွတ်လပ်ရေး
သည် ဘယ်သူ့ကြောင့်ပဲ ရခဲ့သလိုလို ဆောင့်ကြွားကြွားနှင့် အသားယူနေကြသော ၊ဗိုလ်ချုပ်၏ တိုက်ပွဲမှာ အသားယူနေကြသော
အမြတ်ထုတ်နေကြသူတို့သည် အဘယ်ပုံ နေကြလိမ့်မည်နည်း။
“သူတို့ သည်လိုပဲ အမြီးကုပ်ကြမှာပါပဲ”ဟု မိတ်ဆွေ တွေးမိကောင်း တွေးမိပေလိမ့်မည်။
သို့သော်တခုရှိသည်။ ဗိုလ်ချုပ်ဘာကိုတိုက်ခဲ့သည် ဟူသော အချက်ကိုနားလည်လျှင် ဆောင့်ကြွားကြွား လုပ်စရာမလို။ အမြီးကုပ်
နေရန်လည်း အခွင့်ရှိ တော့မည် မဟုတ်ပေ။
အမှန်မှာ လွတ်လပ်ရေးရပြီးသည့် ခေတ်တွင် ဗိုလ်ချုပ်၏ စိန်နားကပ် အရောင်ကြောင့် ကျွန်ုပ်တို့မှာ ပါးပြောင်၍ လက်နေသည်။
ထို့ကြောင့်ဗိုလ်ချုပ်၏ တေဆေး ကောင်းလွန်း၍ ၀မ်းသက်သည်မဟုတ်ဘဲ ၊ကျွန်ုပ်တို့ ကျယ်ခြင်းကြောင့် ၀မ်းလားသည်ဟု အယ
ရှိနေခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ဗိုလ်ချုပ်ဘာကို တိုက်ခဲ့၍ ၊ကျွန်ုပ်တို့ အဖို့ ဘာအမြတ် ကျန်ရစ်သည်ကို ကျွန်ုပ်တို့ မတွေးမိကြ။
ကျွန်ုပ်တို့အတွက် အမြတ်ဟူသည်မှာ လိုင်စင်ကျ မကျ၊ရာထူးရ မရ၊ လူထုအပေါ် ဗိုလ်ကျနိုင် မကျနိုင် အရာရှိအပေါ် သြဇာပေးနိုင်
မပေးနိုင်၊ အခွင့် အရေး ပိုရ မရ၊ စသော ချောက်ချိ၊ချောက်ချက် လုပ်ငန်းများအပေါ် အမှီပြုကာ တွက်ချက်၍ ရနိုင်သမျှသာ ဖြစ်
ပေသည်။
မိတ်ဆွေ--ကျွန်တ်ာနှင့်အတူ လိုက်၍ စဉ်းစားကြည့်စမ်းပါ။
မိတ်ဆွေ၊ကျွန်ုပ်တို့ ဗိုလ်ချုပ်ထားခဲ့သော အရင်းမှ အမြတ်ကိုပင် ကျကျ နန မထုတ်တတ်သေးပါတကား။
ဗိုလ်ဘ၀ ကားချပ်များကို တခုစီလှန်လှော၍ ကြည့်ကြစမ်းပါဦး။
ဗိုလ်ချုပ်သည် မှတ်ညဏ်ကောင်းသည်မှန်၏။ စိတ်ရင်းကောင်းသည် မှန်၏၊ အမျိုးကိုချစ်သည် မှန်၏။ သို့သော် ဗိုလ်ချုပ်သည်နုစဉ်
အခါက လူပျင်း ကလေး တယောက် ဖြစ်ခဲ့၏။
ဗိုလ်ချုပ်သည် ဆံပင်ညှပ်ဖို့ ပျင်း၊အတန်းစာကျက်ဖို့ ပျင်း၏၊ အများတကာနှင့်ပေါင်းသင်း ဆက်ဆံဖို့ ပျင်း၏၊ ကုန်ကုန်ပြောရသော်
ထမင်းစားဖို့ပင် ခပ်ပျင်းပျင်း ဖြစ်သည်။ ငါ့ဝမ်းပူဆာ မနေသာ၍သာ စားလိုက်ရသည်၊ ထမင်းမစားဘဲ နေ၍ရလျှင် ပျင်းသော
ကြောင့်စားမိလိမ့်မည် မဟုတ်။
အကြာင်းကိုမယုံလျှင် ဗိုလ်ချုပ်အတ္ထုပ္ပတိတို့ကိုတွင် ဗိုလ်ချုပ် ဖြစ်သလိုနေတတ် ထိုင်တတ်ပုံကိုကြည့်၍ အကဲခတ်လေ။ဗိုလ်ချုပ်
နှင့်နီးစပ်သူတို့သည် ဗိုလ်ချုပ်၏ ညာဉ်ကို သိကြပေသည်။ အကယ်၍ ဗိုလ်ချုပ်သည် လောကီစည်းစိမ် တိုးပွါးမှုကို ဆောင်ရွက်ရန်
ပျင်းသူတစ်ယောက် ဖြစ်ခဲ့သည်။ငယ်စဉ်ကပင် ဥာဏ်ထုံသူဖြစ်ခဲ့ပါမူ၊လူပျင်းဘ၀သည် လူဖျင်းဘ၀သို့ သက်လျှောရဖို့သာရှိသည်။
သို့သော်ဗိုလ်ချုပ်၏ သန္ဓေစိတ်ဓါတ်ကား အပျင်းဘ၀မှ လွတ်မြောက်ရေးကို ရှေ့ ရှုသော စိတ်ဓာတ်ဖြစ်၏၊ထိုစိတ်ဓါတ်ကြောင့်
မလှုပ်မရှက် အေးစက်စက်နေတတ်သူသည် စစ်ပညာကို အပူတပြင်း သင်ကြားခံယူခဲ့သည်၊ လွတ်လပ်ရေိးုက်ပွဲဆင်ပုံ ဆင်နည်း
တို့ကို ဖိနှိပ်ခံရခြင်းဒဏ်၊ ပါးရိုက်ခံ ရခြင်း ဒဏ်တို့ဖြင့် လဲလှယ်ယူခဲ့သည်။
ဗိုလ်ချုပ်၏ တော်လှန်ရေးစိတ်ဓါတ်သည် အပျင်းဘ၀ကိုတော်လှန်၍ ၀ိရိယာအဓိက အဖြစ်သို့ ရောက်အောင်ကြံ ဆောင်ခဲ့သည်။
ဗိုလ်သည် မိမိ၏ လူပျင်းစိတ်ဓါတ်ကို တိုက်ခိုက်ခဲ့သည်။
ဗိုလ်ချုပ်သည် သူ၏ကိုယ်ကို တိုင်းပြည်အတွက် ပူဇော်ထားသူဖြစ်ရကား သူ၏လူပျင်း စိတ်ဓါတ်ကို တိုက်ခိုက်ရင်းမှ တိုင်းပြည်၏
အပျင်းစိတ်ဓါတ်ကိုပါ တိုက်ခိုက်ခဲ့၏။
သို့သော် ကျွန်ုပ်တို့သည် ယနေ့အထိ လူပျင်းဟုအခေါ်ခံရမည် ကိုမကြိုက်သော်လည်း ၀ိရိယ ကောင်းစွာ မရှိသေး။
ဗိုလ်ချုပ်သည် ဇွတ်သမား ဖြစ်၏၊ ဇွတ်သမားများသည် မိမိအမြင်ကိုသာ အမြင်ဟု မှတ်ယူ တတ်သည်။ တဖက်သတ်ဖြစ်သည်။
တစောက်ကမ်းသဘောသာသာမျှ ဖြစ်၏။ ခပ်ရိုင်းရိုင်းစကားသုံးလျှင်၊တစောက်ကမ်း သဘောသာသာမှဖြစ်၏၊ များသောအားဖြင့်
ကျွန်ုပ်တို့ မိုးမမြင်လေမမြင် ဖြစ်လာသည့်အခါ တဇွတ်ထိုး လုပ်တတ်ကြသည်။ရှေ့နောက် ၀ဲယာထက် အောက်ကို ပြန်မကြည့်လို၊
“ငါပြောတာဟုတ်တယ်၊ ငါလုပ်တာ မှန်တယ်” ဟူသော တဖက်သတ်တွေးတောချက်ဖြင့် ဆင်ကန်းတောတိုး လုပ်လေ့ရှိ၏၊
မိတ်ဆွေ စဉ်းစားရမှာ ပျင်းလာပြီလား။မပျင်းပါနှင့်ဦး၊ မိတ်ဆွေတို့ ၊ကျွန်တော်တို့ ငယ်စဉ်က ဗိုလ်ချုပ်လိုပဲ မဟုတ်လား၊။
သို့သော်ဗိုလ်ချုပ်သည် ကြီးမားသော နိုင်ငံတော်၏ တာဝန်ကို ထမ်းရွက်သန္နိဌာန် ချမှတ်လိုက်သည့်နေ့ကစ ၊သူ့အမြင်နှင့်ကိုယ့်
အမြင်ညှိနှိုင်းသော ဆင်ခြင်တုံ တရားတို့ကို အမြဲတစေ ပင်လက်ကိုင်ထားနိုင်ခဲ့သည်။
ဗိုလ်ချုပ်သည် အဆင်မခြင်ထင်ရာ စွတ်လုပ်သော အမူ အကျင့်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
သို့သော် မိတ်ဆွေနှင့် ကျွန်တော်တို့မှာ အမြတ်ထဲက အရှုံးပေါ် နေပြန်ပြီ။
`“လွတ်လပ်တဲ့အခါ၊ ဖြစ်ချင်ရာ ဖြစ်ကရော့၊ လွတ်လွတ်လပ်လပ် ထင်ရာ မြင်ရာ ဇွတ်တိုး လုပ်ကြတာပေါ့။”
ဤသို့ ကျွန်ုပ်တို့ ယူဆနေဆဲပင် ဖြစ်သည် မဟုတ်ပါလား။ထို့ကြောင့်လည်း သောင်းကျန်းမှု အထွေထွေတို့သည် ဝေေ၀ဆာဆာ
ရှိနေသည်မဟုတ် လော။
စိတ်၏သောင်းကျန်းမှု--ကိုယ်၏သောင်းကျန်းမှု --နှုတ်၏ သောင်းကျန်းမှု အထွေထွေတို့ကား မဆုံးနိုင်သည့် ၈မုန်းခိုင်ကြီးလို--။
ဗိုလ်ချုပ်သည် နုစဉ်က မှားခဲ့၏၊ “ကျုပ်တို့ တတွေ မှားတာတွေ ရှိခဲ့တယ်၊ မှားရင်လဲ စေတနာနဲ့ မှားတာပဲဗျာ့” ဟု တဖွဖွ ၀န်ခံခဲ့၏။
သို့ဖြစ်ငြားလည်း အမှားတော်ပုံ အရပ်ရပ်တို့ကို တော်လှန်တိုက်ခိုက်၍ ၊အမှန်ရောက်အောင် ကြံဆခဲ့၏။ ပြောဆိုခဲ့၏၊ လုပ်ဆောင်ခဲ့၏၊
ထို့ကြောင့် လွတ်လပ်ရေး ပဏာမတိုက်ပွဲတို့၌ ခြေချော်လက်ချော် အမှားများရှိခဲ့စေကာမူ၊“လွတ်လပ်ရေးကို တနှစ်အတွင်း ရစေ့မယ်”
ဟူသောကြုံး ၀ါးချက် အတိုင်း တိတိကျကျ အောင်မြင်အောင်လုပ်ဆောင် နိုင်ခဲ့၏။
ကျွန်တော်စဉ်းစားမိသည်၊ ယနေ့ ကျွန်ုပ်တို့သည် အမှန်ကိုပင်လျှင်အမှား၊ မှားအယွင်းယွင်း လုပ်နေကြ သလော။
မိတ်ဆွေကောစဉ်းစားမိပါစ။ မှန်သည်ကိုစဉ်းစားရသည်မှာ များစွာ မကောင်းလှ၊ ထို့ကြောင့် အမှန်အကြောင်း မိတ်ဆွေမစဉ်း
စားလိုလျှင် မစဉ်းစားပါ နှင့်တော့။
ဗိုလ်ချုပ်သည် စည်းကမ်းကလနား ဟူသည်ကို နားမလည်။ သူ့ပုဆိုးဟူသည်မှာ သူဝတ်ဖို့၊ငါ့ပုဆိုးဟူသည်မှာ ငါဝတ်ဖို့ဟူသော
အခြေခံစည်းကမ်းချက် မျှပင် မရိုသေ။ ပစ္စည်းပစ္စယတို့ကို သူနေရာနှင့်သူ မထားတတ်။ စကားကိုသူ့နေရာနှင့်သူ ပြောချင်မှ ပြော
သူ့ယုံကြည်ချက်ကို နေရာ မရွေး ပြောတတ်သည်။မခံချင်လျှင် လဲ၍သေပေရော့။ သူပြောချင်ရာပြော၊ သူလုပ်ချင်ရာ လုပ်မည်။
တတ်သည်။ သို့သော်တနိုင်ငံ လုံး၏ ကံကြမ္မာ ကိုဖန်တီးရမည့် လုပ်ငန်းသဘောသို့ ရောက်လာသောအခါ ဗိုလ်ချုပ်သည် သူတပါး
တို့နှင့်လုံးဝမတူ။ စည်းကမ်းအလွန်ကြီးလာသည်။
ထို့ကြောင့် သူသည်သူ၏ အမျိုးအဆွေနှင့် အပေါင်းအဖော်တို့အား သူနှင့်ရင်းနှီးသည်ကို အကြောင်းပြု၍ မချီးမြှင့်။ လုပ်ရည်ကိုင်
ရည်ကိုအကြောင်း ပြု၍သာ ချီးမြှင့်သည်။လုပ်ရည်ကိုင်ရည်မရှိ၍ နှိမ့်ချသင့်သူတို့ကို သူ၏ အဆွေအမျိုး အပေါင်းအဖော် ဖြစ်ခြင်း
ကြောင့် ချမ်းသာမပေး။ ကာကွယ်မပေး။ နှိမ့်ချသင့်သူကို နှိမ့်ချပေသည်။
စည်းမဲ့ ကမ်းမဲ့ အဖြစ်ကို ဗိုလ်ချုပ်သည် တိုက်ထုတ်ခဲ့သည်။
သို့သော် မိတ်ဆွေ ၊ခင်ဗျားတို့ ၊ကျွန်တော်တို့ ချစ်မြတ်နိုးသော နိုင်ငံတွင် စည်းကမ်းဟူသည်မှာ အဘယ်နည်း။
ကျွန်ုပ်တို့သည် လူသွားလူလာ လမ်းဘေး၌ အိမ်ရာတည်ထောင်၍ နေကြသည် မဟုတ်လော။လမ်းမကြီးပေါ်၌ မည်သူမဆို စည်းမဲ့
ဲ့ကမ်းမဲ့၊မစင်စွန့် နိုင်ကြသည် မဟုတ်လော။ကျွန်ုပ်တို့ သာမက၊ကျွန်ုပ်တို့သာမက ကျွန်ုပ်တို့၏ ဧည့်ဝတ်ကျေပြွန်မှုအပေါ် မှီခို
နေကြသည့် နိုင်ငံကြီးသားတို့ပင်လျှင် ၊စည်းမဲ့ကမ်းမဲ့ ကိုယ့်ဘို့သာလျှင် ကိုယ်အမြတ်ထုတ်နေကြသည် မဟုတ်လော။
ကိုင်း--စာရှုသူ မိတ်ဆွေ။စဉ်းစားလို့ ရပါပြီလား။စဉ်းစားရမှာ ပျင်းသေးလျှင် တအောင့်လောက်နားလိုက်ပါဦး။ စာရေးသူအဖို့မှာ
တော့ ရှေ့ ဆက်ရေးရ မှာ ပျင်း၍ -ပျင်း၍လာချေပြီ။
သို့သော်“ဒီသောက်ကျင့်တွေ ဖျောက်ရမယ်” ဟူသော ဗိုလ်ချုပ်၏ စစ်ကြေငြာခဲ့သော အသံသည် ကျွန်တော့်နားထဲတွင် ၀င်
နေပါသည်။
ဗိုလ်ချုပ် ဘာကို တိုက်ခဲ့သနည်း။
မောင်ထင်(ဗမာ့ နိုင်ငံရေး သုခမိန် --မှ)
http://drlunswe.blogspot.com/
၁၉။၇။၀၉
-၆-7/၂၀၀၉
မျိုးဆက်သစ်များသို့
ခုမရှိတော့ပြီဖြစ်တဲ့ လူတန်းစားတရပ်
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်တုန်းက ကျွန်မတို့ မန္တလေးမှာ လူ့အလွှာတလွှာ ရှိခဲ့ပါတယ်။ သူတို့က မြန်မာဘုရင်များရဲ့ အ
နွယ်တော် မင်းဆွေစိုးမျိုးတွေနဲ့ မင်းမှုထမ်း ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီးများရဲ့ အဆက်အနွယ် များပါ။ ဟိုတုန်းကတော့ သူတို့
က တခြားသူများနဲ့ သိပ်ရောရောနှောနှော မရှိလှဘူး။ မရှိပုံက ဒီလိုပါ။
ကျွန်မက ၁၂၇၇- ခု တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်မှာ မွေးသူဆိုပါတော့။ ပါတော်မူပြီး နှစ်ပေါင်း (၃၀) တိတိအကြာ
မှာ မွေးတဲ့ ဆင်းရဲသား သားသမီးပါ။ ဒါပေမယ့် ကျွန်မ ကြီးပြင်းတဲ့ ခေတ်မှာတော့ ဘုရင်နဲ့၊ နန်းတော်အိမ်တော်နဲ့၊ မှူးကြီး
မတ်ရာဆိုသူတွေရဲ့ မြေး၊ တတိယမျိုးဆက်လောက်နဲ့က ကျွန်မနဲ့ ကစားဖက်၊ ကျောင်းနေဖက် အရွယ်တွေပေါ့။ ဒုတိယမျိုး
ဆက်ကိုတော့ ကျွန်မက လူကြီးတွေအဖြစ်နဲ့ တွေ့မြင်သိမှီခဲ့သူပေါ့။
ဒီလူတွေက တတိယမျိုးဆက်လောက်အထိ ကျွန်မတို့နဲ့ တစပ်တည်း တကျုံ့တည်း မဖြစ်ပုံက ဒီလိုပါ။ သူတို့က စကားပြော
ရင် ညင်ညင်သာသာနဲ့ ခပ်တိုးတိုးပဲ ပြောတတ်ပါတယ်။ အော်လား ဟစ်လား မရှိဘူး။ နင်ပဲငဆ မပြောဘူး။ဆဲရေးတိုင်းထွာ
မလုပ်ဘူး။ သူတို့နဲ့ ကျွန်မတို့နဲ့ စကားပြောရင် ကျွန်တော်၊ ကျွန်မ မသုံးဘူး။ သူတို့နာမည်ပဲ ထည့်ပြောတယ်။ ကျွန်မတို့က
'အမေသွားရင် ကျွန်မတို့လည်း အမြဲလိုက်တာပေါ့' ဆိုတဲ့ စကားမျိုးကို သူတို့က ပြောရင် 'မဘုရား နောက်က ထိပ်တင်တို့
ပါမြဲပေါ့'ဆိုတာမျိုး ပြောတတ်တယ်။'မယ်မယ်က ဘယ့်နှယ်၊ ခေါင်ခေါင်က ဘယ်သို့' ဆိုတာမျိုးဟာ သူတို့ အသုံးအနှုန်းပါ။
သူတို့ကို အင်္ဂလိပ်အစိုးရက တော်တော်ရင်းချာသေးတဲ့ ဆွေတော် မျိုးတော်ဆိုရင်၊ ပင်စင်ဆိုတဲ့ ရိက္ခာ၊ လစာပေးပါတယ်။
ကျွန်မသိသလောက် အိမ်ရှေ့ကိုယ်တော်ကြီး (ကနောင်မင်းသား)ရဲ့ သားတော် ထန်းတပင် မင်းသား၊ ထန်းတပင်မင်းသား
ရဲ့ မြေးတော် ကျွန်မသူငယ်ချင်း ထိပ်တင်မျိုးတို့၊ ထိပ်တင်တိုးတို့ ညီအမ ပင်စင်လစာ တလ ၁၅ိ/- ရပါတယ်။ ဒီ ၁၅ိ/-က
ကျောင်းထားတော့ ကျောင်းလခနှုတ်တဲ့အခါ (၉ိ/-) ပဲ ကျန်ပါတယ်။ အဲဒါဟာ ထမင်းဖိုးမှ အနိုင်နိုင်ပါ။ အ၀တ်အစားဖိုး
မကျန်ပါဘူး။ အဓိပ္ပါယ်က မသေရုံတော့ ကျွေးထားတယ် ဆိုတဲ့ သဘောပါပဲ။
ဒါပေမယ့် အဲဒီ မင်းမျိုး စိုးမျိုးတွေက ၀င်ငွေနည်းလှပါသကောလို့ တခြားအလုပ်လည်း ဘာအလုပ်မှ လုပ်မစားကြပါဘူး။
(၁၀ိ/-) နဲ့ ၀ယ်ပြီး (၁၀ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၁ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၀ိ/-) ရင်းတော့ ငါးမူးမြတ်တယ်၊ တကျပ်မြတ်
တယ် ဆိုတဲ့ အရောင်းအ၀ယ်မျိုးလည်း သူတို့ လုပ်မစားတတ်ဘူး။ သူများဆီမှာ လခစားဆိုတဲ့ အလုပ်မျိုးကိုလည်း သူတို့
က ဘယ်တော့မှ မလုပ်ဘူး။ မစားလောက်ရင် ရှိတာလေးတွေ ရောင်းချ၊ ပေါင်နှံပြီး ခြိုးခြိုးခြံခြံ ချွေချွေတာတာ သုံးစွဲစား
သောက်ပြီး အသက်ရှင်ကြတာပဲ။ သူတို့ သူများဆီမှာ မျက်နှာအောက်ကျခံပြီး ချေးပါ၊ ငှားပါ၊ ပေးပါ၊ ကယ်ပါ လို့လည်း
လျှာမြက်ပေါက်ပါစေ၊ ဘယ်တော့မှ မပြောပါဘူး။ ဒီလိုနဲ့ ပိန်လိန်ပြီး နေကြတာပါ။
သူတို့အပေါ် တကယ်သစ္စာရှိတဲ့၊ တကယ်မြတ်နိုးတဲ့ သူတို့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတချို့က သူတို့ နန်းတော် အိမ်
တော်ထဲမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းပစ္စယလေးမျိုးများကို လက်နဲ့လုပ်ကိုင်ရောင်းချပြီး လုပ်ကျွေးပါ တယ်။ ဒါကလည်း ဘယ်
လောက်ရအောင် ရှာနိုင်မှာလဲ။ ဥပမာ ကျွန်မသိသလောက် ရေးပြပါမယ်။ ဖော့ကို ရေစိမ်ပြီးတော့ ဓားနဲ့လှီး၊အဖတ်ကလေး
တွေ ဆေးဆိုးပြီး ဖော့ပန်းကလေးတွေ လုပ်ရောင်းတယ်။ မန္တလေးက မျက်နှာကြီး အလှူမင်္ဂလာဆောင်တွေမှာ ဖလားစုံ
ကွမ်းအစ်များ တည်တဲ့အခါ ကွမ်းအစ်ထဲ အလှထည့်တဲ့ လေးညှင်းပွင့် နာနတ်သီး လုပ်ရောင်းပါတယ်။လုပ်ပုံက ဖော့ကလေး
ကို နာနတ်သီးပုံလှီးပြီး အသီးရဲ့ မျက်ကွင်းအနေနဲ့ လေးညှင်းပွင့်ကလေးတွေ ထိုးထည့်ထားတာပါ။ ပြီးတော့ ရောင်ပြား
ကလေးနဲ့ နာနတ်သီးအရွက်နဲ့ အရိုးကို အထက်အောက်မှာ စိုက်ပေးပါတယ်။
ဆေးကပ်လုပ်ရောင်းပါတယ်။ ကွမ်းဝါးဆေး၊ ဆေးရွက်ကြီးကို အခေါက်ခေါက်ထပ်ပြီးတော့ အဲဒီ အထပ်ကို ရောင်ပြားစက္ကူ
နဲ့ ကပ်ညှပ်ပြီး အပ်နဲ့ချုပ်နှောင်ပါတယ်။ ပြီးတော့ ဆေးထပ်ကို ၀ိုင်းသွားအောင်ကိုက်ပြီး အထက်မှာ ရောင်ပြားလိပ်ပြာကလေး၊
ငွေချည်နှုတ်ခမ်းမွေးကလေးနဲ့တကောင် ဆေးထပ်ပေါ်နားနေဟန် လုပ်ထားပါတယ်။ ကွမ်းတအစ်က
ို တခု ထည့်ဖို့ပါ။ အဲဒါမျိုး အလှူမင်္ဂလာတွေက မှာကြားရင် (၁၀၀၊ ၂၀၀) လုပ်ရောင်းပါတယ်။ ကျွန်မတို့ ငယ်ငယ်က အလှူ
ကြီးတွေ လိုက်ရရင် ကွမ်းအစ်ထဲက လေညှင်းပွင့် နာနတ်သီးတို့၊ ဆေး လိပ်ပြာကပ်တို့ကို နှိုက်ယူလာခဲ့ကြတာပါ။
အလှူ၊ မင်္ဂလာ လက်ဖက်ပွဲမှာ ထည့်ဖို့ ကြက်သွန်ဖြူကြော်များ ကြော်ပေးပါတယ်။ သူတို့ ကြက်သွန်ဖြူကြော်က ဥတလုံး
ဒေါင်းသိုး ကြက်သွန်ဖြူ အမြစ်ရှည်ရှည်ကလေးကို ပိုးတီလှီးထားပြီး ပိုးတီကို ဆန့်ကြော်ပါတယ်။ ဥက အမြိတ်ကလေး
က ပိုးတီရဲ့ ခေါင်းလေးလို နေတာမို့ ခေါင်းပိုင်မှာ မျက်စိနှစ်ပေါက် ဆေးနက်ကလေးနဲ့ ထည့်ပေးပါတယ်။ ဒါကြောင့်ကြက်သွန်
ပိုးတီကြော်က ပိုးကောင်ကလေးနဲ့ တူနေပြီး လှလည်းလှ ဆန်းလည်းဆန်းကြယ်ပါတယ်။ အဲဒီကြက်သွန်ကြော် (၁၀၀၊ ၂၀၀)
စသဖြင့် ရာနဲ့ချီမှာပြီး ၀ယ်ရ ပါတယ်။
ဒီလိုဟာတွေက ရှေးကတော့ နန်းတော်အိမ်တော်ထဲမှာ အားနေတဲ့ ခြွေရံသင်းပင်းက စိတ်ကူးရတာကို အဆန်းအပြားအလှ
အပ လုပ်ပြီး၊ ဆက်သတာများ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ သိမီတဲ့ခေတ်မှာ သူတို့ အရှင်သခင်များ ခရမ်းသီးပိန်၊ဓားတုံး
ဘ၀မှာ မ၀ရေစာ ပင်စင်နဲ့ မတ်တတ်ခြောက်နေတော့ မကြည့်ရက်လို့ တပည့်တပန်းများက တတ်တဲ့ပညာနဲ့ ရှာဖွေကျွေး
တဲ့ ပုံစံပါ။ ဒီပုံစံက ဘယ်လောက်များ ၀လင်နိုင်ပါ့မလဲ။
မန္တလေးမြို့မှာ ပုရစ်ပေါ်တဲ့ အခါမှာတော့ အဲဒီအိမ်တော်တွေမှာ ဥပြောင်းကြော် ဆိုတာမျိုး စားကြပါသတဲ့။ ဥပြောင်းကြော်
ဆိုတာက ပုရစ်တို့ထုံးစံ အမက ဥတွဲတွေနဲ့မို့ ဆိမ့်တယ်။ အဖိုက ဥမပါဘူး။ ဒါပေမယ့် ချိုတယ်။ အဲဒါ ချိုတဲ့ ပုရစ်အဖိုရဲ့
ကိုယ်ထဲကို ဆိမ့်လှတဲ့ ပုရစ်အမက ဥတွေကို ဖောက်ညှစ်ထည့်ရပါတယ်။ ထည့်တာက ဖင်က ထည့်တာပါ။ ပြီးရင် ဒီဥ
တွေ ပြန်ထွက်မကျအောင် ကြက်သွန်ဖြူဥကလေးနဲ့ ဖြစ်စေ၊ ၀က်သားတုံး သေးသေးလေးနဲ့ ဖြစ်စေ၊ ပိတ်ဆို့ပေးရပါ
တယ်။ ပြီးမှ ဥပြောင်းပုရစ်ကို ကြော်တာပါ။ ချိုပြီး ဆိမ့်နေမှာပေါ့။ ကျွန်မတို့က ကြားသာ ကြားဖူးပါတယ်။ မစားဖူးပါ
ဘူး။ လုပ်လည်း မလုပ်အားကြပါဘူး။ အိမ်မှာ ပုရစ်ကြော်တယ်ဆိုရင် ချေးမှ အနိုင်နိုင်ထုတ်ပြီး ကြော်နိုင်တာပါ။
ကျွန်မတို့က သူတို့လက်ရာကလေးတွေကို ၀ယ်ယူသုံးစွဲ စားသောက်ရတယ်ဆိုရင် ရင်ထုမနာ ရှိပါတယ်။ သူတို့ကို
သနားတာကိုး။ သူတို့က အရှင်သခင်မရှိတော့တဲ့ခေတ်မှာ သူတို့ အဲဒီလိုပဲ အသက်ရှင်နေတာကို ကျွန်မတို့က ၀မ်း
နည်းပြီး သနားနေကြတာပါ။
အလှူမင်္ဂလာပွဲ ပွဲနေပွဲထိုင်ရှိလို့ ကျွန်မတို့က သူတို့ကို ဖိတ်တယ်၊ ကြားတယ်ဆိုရင်လည်း လာပါတယ်။ လာတဲ့အခါ
သူတို့ ဖီးလိမ်းဝတ်စားလာပုံက ဆံပင်ကို ဆီလိမ်းပြီး သပ်သပ်ရပ်ရပ် နှစ်ပတ်ရစ်ထုံးနှောင်ပါတယ်။ ရှေ့မှာ လိပ်ခွံဘီး
အ၀ိုင်းကို စိုက်ထားပါတယ်။
တရုတ်အင်္ကျီရင်ဖုံးနဲ့ ကွင်းထဘီကို ခပ်ရှည်ရှည် ဒရင့်တိုက်နီးပါး ၀တ်ပါတယ်။ ပြီးတော့ ငါးတောင်ပုဝါကို စုံချပြီး
ဒေ၀ီခြုံဖြန့် ခြုံထားပါတယ်။ ဘာတွေ ၀တ်ခဲ့ ၀တ်ခဲ့ သူတို့ အ၀တ်အစားကတော့ သစ်လွင်တောက်ပြောင်မှု မရှိတော့
ပါဘူး။ပရိသတ်တွေနဲ့ တွေ့တော့လည်း ဖော်ရွေစွာ ပြုံးရွှင်မှုပြပေမယ့် ပရိသတ်ထဲမှာ ဖောင်လောက်အောင် စကား
ပြောနေတဲ့ လူရယ်လို့ မရှိသလောက်ပါ။ ကျွန်မတို့ ဘေးလူက သူတို့ကိုကြည့်ပြီး ရင်ထဲ ခံစားရပုံကတော့ သူတို့
ဘ၀ဟာ မှေးမှိန်လိုက်တာလို့ပဲ ခံစားရပါတယ်။
ဒီလူမျိုးတွေ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့ နောက်မှာတော့ မရှိတော့ပါဘူး။ ဆွေတော်မျိုးတော် ပင်စင်ဆိုတာလည်း
ဗြိတိသျှအစိုးရမှ မရှိတော့ဘဲ။ ပေးတဲ့လူ မရှိတော့ဘူးပေါ့။ ပြီးတော့ တချို့က အိုမင်းရင့်ရော်လို့ သေဆုံးကုန်ကြ
တယ်။ ငယ်ရွယ်သူတွေကလည်း သာမန် ဆင်းရဲသားများနဲ့ ရောနှောကုန် ကြတယ် ထင်ပါရဲ့။ မင်းဆွေ မင်းမျိုးဆို
လို့ အလွန်ကို နည်းပါးသွားပါတော့တယ်။
ကျွန်မတို့ အခုတွေ့နေရသေးတဲ့ စတုတ္ထသမီးတော်ရဲ့ သားသမီးတွေ ဆိုတာကလည်း ကျွန်မတို့ သိတဲ့ တော်ဘုရား
ကလေးတို့ဆိုရင် နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာပြီး လူဆင်းရဲတွေနဲ့ တသားတည်းဖြစ်အောင် ဘယ်လိုနေပါတယ်
ဆိုဆို သူတို့ကို ဗြိတိသျှတွေက ပြည်သူနဲ့ ရောနှောမှုမရှိအောင် ဘိုကျောင်းတွေမှာ ထားပြီး ငယ်ငယ်လေးကတည်း
က ပညာသင်စေခဲ့တာမို့ ထမင်းစားရင် လက်နဲ့ မစားတတ်ဘူး။ ဇွန်းခက်ရင်းနဲ့ စားချင်တယ်။ မြန်မာစကားကို ရေ
ရေလည်လည် မပြောတတ်ပေမယ့် အင်္ဂလိပ်လို ပြောရမယ်ဆိုရင်၊ ကျကျနန ပြောဆို ရေးသားတတ်တယ်။ သူတို့
ခမျာ မြန်မာဖြစ်အောင်မနည်းကြိုးစား သင်ကြားနေကြရပါတယ်။
ခုဆိုရင် ဘုရင်မရှိတော့တာ နှစ်ပေါင်း (၁၁၆) နှစ် ရှိပြီ မဟုတ်လား။ အဲဒီတော့လည်း လူမျိုးဆက် (၄-၅) ဆက် ကြာ
လေပြီမို့ အဲဒီလူစားတွေ ရောနှောပျောက်ကွယ် သွားကြပြီဆိုရင် မဆန်းတော့ဘူးပေါ့။
လူထုဒေါ်အမာ
[ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၁၄၆၊ ဇန်န၀ါရီ ၂၀၀၂]
{မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ ၂၀၀၉ မေလ၊ ပထမအကြိမ် မှ ကူးယူဖော်ပြပါတယ်။}
http://mayaonlinemagazine.blogspot.com/