Friday, August 07, 2009

စာဖတ်သူများသို့

ဇူလိုင် ၂၇ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်မှာ ဆရာနေ၀င်းမောင်က သူ့အယူအဆ၊ သူ့ရပ် တည်ချက် များနဲ့ ပတ်သက်ပြီး ရှင်းလင်းရေးသားခဲ့ပါတယ်။ ဆရာနေ၀င်းမောင်နဲ့ Voice ဂျာနယ်ဟာ နိုင်ငံရေး ဆောင်းပါးတွေ ဆက်တိုက်တင်လာလို့ ပြည်တွင်းမှ စိတ်ဝင်စားသူတွေ များပါတယ်။ သူ့အယူအဆတွေကို သဘောမတူသူတွေရှိသလို သူဘာကြောင့် ဒီလိုရေးခွင့် ရနေတယ်ဆိုတဲ့ အပေါ် မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။ အဲဒီလို ဝေဖန်တဲ့ဆောင်းပါး များကိုလည်း ကျွန်တော်တို့ တင်ပေးဖူးပါတယ်။ အခုစာကတော့.......

ဇူလိုင် ၂၇ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်မှာ ဆရာနေ၀င်းမောင်က သူ့အယူအဆ၊ သူ့ရပ် တည်ချက် များနဲ့ ပတ်သက်ပြီး ရှင်းလင်းရေးသားခဲ့ပါတယ်။ ဆရာနေ၀င်းမောင်နဲ့ Voice ဂျာနယ်ဟာ နိုင်ငံရေး ဆောင်းပါးတွေ ဆက်တိုက်တင်လာလို့ ပြည်တွင်းမှ စိတ်ဝင်စားသူတွေ များပါတယ်။ သူ့အယူအဆတွေကို သဘောမတူသူတွေရှိသလို သူဘာကြောင့် ဒီလိုရေးခွင့် ရနေတယ်ဆိုတဲ့ အပေါ် မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။ အဲဒီလို ဝေဖန်တဲ့ဆောင်းပါး များကိုလည်း ကျွန်တော်တို့ တင်ပေးဖူးပါတယ်။ အခုစာကတော့ ဆရာ နေ၀င်းမောင်ဟာ သူဘယ်မှာ ရပ်နေတယ်ဆိုတာကို ရှင်းပြထားတာဖြစ်လို့ အားလုံးဖတ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။ )

ပြီးခဲ့သော ရက်ပိုင်းများဆီက တိုက်တိုက်ဆိုင်ဆိုင် သဘောသဘာဝဆင်တူသော ပေးစာနှစ်စောင်ကို စာရေးသူ လက်ခံ ရရှိခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ပေးစာရေးသူနှစ်ဦးလုံးက သူတို့သည် အဖြူအမည်းနှစ်မျိုးသာ သိသူများဖြစ်ပါသည်ဟု ရေးခဲ့ကြသည်။ ယင်းပေးစာ နှစ်စောင်စလုံးက မေးမြန်းထားသော မေးခွန်းမှာ ရွေးကောက်ပွဲဝင်သည်ဆိုခြင်းမှာ အနိုင်ရရှိလို၍ ဝင်ကြခြင်းဖြစ်ရာ စာရေးသူ တိုက်တွန်းနေသော အရှုံးပေး ရေးကိစ္စသည် မည်သို့သော အဓိပ္ပာယ်နှင့် ပြောသနည်းဆိုသော အမေးဖြစ်သည်။ နောက်မေးခွန်းတစ်ခုမှာ မောင်စူးစမ်း၊ ကျော်ဝင်း၊ အောင်ထွဋ်၊ ဒေါက်တာသန့်မြင့်ဦး အားလုံးက အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲသည် အပြောင်းအလဲတစ်ခုဖြစ်သည်။ တခြားရွေးချယ်စရာမရှိဟု ပြောနေကြကြောင်း၊ ဆရာတို့က ပညာရှင်များ ဖြစ်ကြပြီး ကျွန်တော်တို့က အဖြူ အမည်းများဖြစ်ကြ၍ ထိုသို့ကွဲပြားခြင်း ဖြစ်ပါသလား၊ ပညာရှင်ဖြစ်သွားလျှင် ဤသို့ မြင်ကြသလားဆိုသော အမေးဖြစ်သည်။ E-mail နှင့် ရောက်လာသော စာထဲတွင် စာရေးသူ အခါအားလျော်စွာ ကိုးကားသော Marxist သီအိုရီနှင့် ပတ်သက်၍ စာရေးသူ၏ သဘောထားကိုလည်း မေးထားသည်ကို တွေ့ရသည်။ အဆိုပါ E-mail ထဲတွင် အောင်ထွဋ်မှာ ဒေါက်တာနေဝင်းမောင်၏ ကလောင်တစ်ခု ဟုတ်ပါသလားဟုလည်း မေးထားသည်။ ပေးစာရှင်များက စာရေးသူ၏ အဖြေကို သိလိုကြောင်း ရေးသားထားကြသည်။ ယခုဆောင်းပါးသည် အဆိုပါပေးစာရှင်များသို့ ပြန်ကြားစာဖြစ်ပြီး စာဖတ်သူ အားလုံးကိုလည်း ရည်ညွှန်းပါသည်။ (ပေးစာတစ်စောင်ကိုမှု အကြောင်းကြောင်းကြောင့် ချန်လှပ်ထားခဲ့ပါသည်။)

၁။စာရေးသူ၏ အမည်မှာ နေဝင်းမောင်ဖြစ်ပြီး ဒေါက်တာနေဝင်းမောင်မဟုတ်ပါ၊ အောင်ထွဋ်မှာ စာရေးသူ၏ ကလောင်အမည် တစ်ခုဖြစ်ပါသည်။ စာရေးသူ၏ ပထမဘွဲ့သည် ဆေးပညာဘွဲ့ဖြစ်သောကြောင့် လုပ်ဖော် ကိုင်ဖတ်အချို့က ဒေါက်တာ နေဝင်းမောင်ဟု သုံးနှုန်းကြခြင်း ဖြစ်သော်လည်း ဆေးပညာနှင့် မသက်ဆိုင်သော နယ်ပယ်တွင် ပြောဆိုနေကြခြင်းဖြစ်၍ ဒေါက်တာဟု မသုံးနှုန်းသင့်ဟု ယူဆပါသည်။ The Voice Weekly တွင် ကလောင်ပုန်းများ မရှိပါဟု ပြောထားသည့်အတိုင်း အောင်ထွဋ်မှာ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးဖိထားရန် အကြောင်းမရှိပါ။ သို့သော် ပိတောက်မြေအမည်ရှိ Website ပေါ်တွင်ရေးနေသော အောင်ထွဋ်နှင့် ခပ်ဆင်ဆင်ကလောင်အမည် တစ်ခုမှာ ဘယ်သူဘယ်ဝါမှန်း စာရေးသူမသိပါ Living Color မဂ္ဂဇင်းကို စတင်တည်ထောင် စဉ်ကပင် အယ်ဒီတာများအကြား ကလောင်အမည်ကို မတည်ဆောက်ကြဘဲ မီဒီယာ၏ သြဇာကိုသာ တည်ဆောက်ကြမည်ဟု သဘောတူညီခဲ့ကြသည့်အတိုင်း စာရေးသူသည် ကလောင်အမည် တစ်ခုသတ်သတ် မှတ်မှတ်မထားဘဲ ကလောင်းအမည် အမျိုးမျိုးနှင့် ရေးခဲ့ခြင်းဖြစ်ပါသည်။

၂။ပေးစာပါအဓိက လိုရင်းဖြစ်သည့် ရွေးကောက်ပွဲကိစ္စကို အနည်းငယ်ရှင်းပြ လိုပါသည်။ ရွေးကောက်ပွဲကို မဲဆန္ဒနယ် စုစုပေါင်း၏ တစ်ဝက်သာဝင်ပြိုင်ပြီး အရှုံးပေးလိုက်ပါဟု စပြောခဲ့စဉ်က စာရေးသူရည်ညွှန်းခဲ့သည်မှာ အဓိက အတိုက် အခံပါတီကြီးသို့ ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးရှိမဲ ဆန္ဒနယ်အားလုံးကို ဝင်ရောက် ယှဉ်ပြိုင်နိုင်သော ပါတီအနည်းငယ်သာ ရှိနိုင်ပါလိမ့်မည်ဟု စာရေးသူထင်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုသို့ မဲဆန္ဒနယ် အားလုံးနီးပါ ဝင်ပြိုင်နိုင်သော ပါတီကြီးများကို ရွေးကောက်ပွဲတွင် အနိုင်ရရှိရေး မကြိုးစားသင့်ဟု ပြောကြားရခြင်းမှာ အသွင်းကူးပြောင်းမှု ချောချောမွေ့မွေ့ ဖြစ်စေရန် အလို့ငှာ ဖြစ်ပါသည်။

၁၉၈၈ အရေးအခင်းကာလအတွင်း ထိုစဉ်က နိုင်ငံတော်သမ္မတ ဖြစ်သူ ဒေါက်တာမောင်မောင်က ရွေးကောက် ပွဲများ သုံးလအတွင်း ပြုလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့ချိန်တွင် ဝန်ကြီးချုပ်ဟောင်းဦးနုက ပြောခဲ့သော မှတ်ချက် တစ်ခုကို ဤနေရာတွင် ကိုးကားလိုပါသည်။ ရွေးကောက်ပွဲကို သုံးလအတွင်းပြုလုပ်လျှင် အာဏာရ ပါတီသာ ရွေးကောက်ပွဲ နိုင်ပါလိမ့်မည်၊ ဤကိစ္စမတရားပါဟု ဝန်ကြီးချုပ်ဟောင်း ဦးနုကို လူငယ်တစ်ဦးကမေးရာ ဝန်ကြီးချုပ်ဟောင်းဦးနုက “ဒီလိုဆိုရင်လည်း အတိုက်အခံအဖြစ် ပါဝင်ကြရုံပေါ့။ နိုင်ငံရေးစနစ်ပြောင်း သွားတာ အမြတ်ပဲ”ဆိုသည့်သဘော အဖြေပေးခဲ့ပါသည်။ နိုင်ငံသားများ ကံမကောင်း အကြောင်းမလှ သောကြောင့် ၁၉၉၀ ရွေးကောက်ပွဲသည် ဝန်ကြီးချုပ်ဟောင်း ဦးနုပေးခဲ့သော မှတ်ချက်မျိုးမဖြစ်ခဲ့ဘဲ ပြောင်းပြန်ဖြစ် သွားခဲ့ ပါသည်။ဝန်ကြီးချုပ်ဟောင်းဦးနုသည် အာဃာတထားလျှင် ထားနိုင်လောက်သော အခြေအနေရှိပြီး လက်နက်ကိုင် တော်လှန်ရေးကိုလည်း စမ်းသပ်ခဲ့ပြီးသူ ဖြစ်ပါသည်။ ထိုအခြေ အနေမျိုးကို စာရေးသူတို့ ဒုတိယအကြိမ် ဆိုက်ရောက်နေခြင်း ဖြစ်ပါသည်။ ပညာရှင်တစ်ဦးအနေဖြင့် စာရေးသူ၏ အမြင်ကို ပြောရလျှင် ယနေ့ မြန်မာနိုင်ငံတွင် အဓိက လိုအပ်ချက်မှာ နိုင်ငံရေးစနစ်ပြောင်းလဲရေးပင် ဖြစ်ရာ ‘စနစ်ပြောင်းအုပ်ချုပ်သူ မပြောင်း’ ဖြစ်ခဲ့လျှင်လည်း လက်ခံပါသည်ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ရွေးကောက်ပွဲနှင့် ပတ်သက်လျှင် ဆန္ဒမစောသင့်၊ လောဘမကြီးဆိုသော သင်ခန်းစာကို ပြောနေခြင်းဖြစ်ပါသည်။

၃။ E-mail နှင့် ရောက်ရှိလာသော ပေးစာတွင် မေးထားသော စာရေးသူ အခါအားလျှော်စွာကိုးကားဖူးသည့် Marxist သီအိုရီပါ အယူအဆ အချို့နှင့် ပတ်သက်၍ အနည်းငယ်ရှင်းပြလိုပါသည်။ စာရေးသူနိုင်ငံရေး သိပ္ပံဘာသာတွဲဘွဲ့လွန် သင်တန်း တက်ရောက်စဉ်က သင်ယူရသော အခြေခံနိုင်ငံရေး ဘောဂဗေဒဘာသာ Comparative Political Economy တွင် Marxist သီအိုရီကို သင်ရိုး၏ အစိတ်အပိုင်း တစ်ခုအနေနှင့် သင်ယူခဲ့ရပါသည်။ တစ်နည်းအားဖြင့် ပြေရလျှင် Marxist သီအိုရီသည် စာရေးသူတို့သင်ယူခဲ့သော သီအိုရီများ အနက် တစ်ခုသာ ဖြစ်ပါသည်။ သို့သော် စာရေးသူ၏ ပါမောက္ခဖြစ်သူ စာသင် ကောင်းခြင်းကြောင့် စီးပွားရေး ကြောင့် နိုင်ငံရေးစနစ်အမျိုးမျိုး ဖြစ်ရသည်ဆိုသော Marxist သီအိုရီ အစိတ်အပိုင်းတစ်ခုကို သဘောတူခဲ့သည်။ သို့သော် အဆိုပါသီအိုရီက ညွှန်ပြသော စိတ်ကူးယဉ်ဆန်သော လူတန်းစားမဲ့ပန်းတိုင် ဆိုသည်များကို နိုင်ငံရေး သိပ္ပံပညာရှင် အများစုကြီးက လက်မခံကြပါ။

Mode of Production ခေါ် စီးပွားရေး စနစ်အမျိုးမျိုးကို မူတည်၍ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့၏ ကုန်လုပ်ဆက်ဆံရေး အမျိုးမျိုးဖြစ် ပေါ်ခြင်းဖြစ်ပြီး ထိုကုန်လုပ်ဆက်ဆံရေး အမျိုးမျိုးကို မူတည်၍ နိုင်ငံရေးစနစ် အမျိုးမျိုးဖြစ်ရသည် ဆိုသောအပိုင်းကို လက်ခံခြင်းဖြစ်ပါသည်။ Marxist သီအိုရီသည် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်၏ အဆက်အစပ်ကို အလွယ်ဆုံးနားလည်နိုင်သော သီအိုရီ ဖြစ်ပါသည်။ (အထက်ပါ အကြောင်းအရာကို August လ Living Color မဂ္ဂဇင်းတွင် မျက်နှာဖုံး ဆောင်းပါး အဖြစ်ဖော်ပြထားပါသည်။ ) မှန်ပါသည်။ စီးပွားရေးကြောင့် နိုင်ငံရေး ဖြစ်ရသည် ဆိုသော အယူအဆကို လက်ခံသူများက ယနေ့နိုင်ငံရေး အခြေအနေကိုပို၍ အကောင်းမြင်သည်ဆိုသော အဆိုသည် ဖြစ်နိုင်ခြေများပါသည်။

ပြောရလျှင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး အပြောင်းအလဲသည် စီးပွားရေးစနစ်က ဆွဲခေါ်သောကြောင့် ပြောင်းလဲ နေခြင်းမဟုတ်ပေ။ ထို့ကြောင့် နိုင်ငံရေးပြောင်းသွား၍ စီးပွားရေးလိုက် ပြောင်းခဲ့လျှင် ထိုသို့ စီးပွားရေး ပြောင်လည်း သွားခြင်းကြောင့် နိုင်ငံရေးနောက်တစ်ဆင့် ထပ်ပြောင်းရန် ရှိသေးသည်ဟု စာရေးသူယူဆပါသည်။ ထို့ကြောင့် စနစ်ပြောင်း ရေးကိစ္စကို ရင်ခုန်ခြင်းဖြစ်ပါသည်။

၎။ဆရာတို့က ပညာရှင်မို့လို့ ကျွန်တော်တို့က အဖြူ၊ အမည်းမို့ အမြင်မတူတာလား၊ ပညာရှင်ဖြစ်သွားရင် ဒီလိုပဲမြင်ကြ သလား ဆိုသောမေးခွန်းနှင့် ပတ်သက်၍ အနည်းငယ်ရှင်းလင်းတင်ပြလိုပါသည်။ ထိုမေးခွန်းကို ‘ဟုတ်’ ‘မဟုတ်’ ဖြေခြင်း သည် အဖြူ၊ အမည်း ခွဲခြားသည့် သဘောသက်ရောက်၍ စာရေးသူမဖြေလိုပါ။ နိုင်ငံရေး ကိစ္စရပ်များသည် ဤမျှမရိုးစင်းပါ။ အဓိက ကျသည်မှာ ရှုထောင့်စုံရေးပင် ဖြစ်ပါသည်။

များစွာသေချာသည်မှာ မြင့်မြင့်တက်လျှင် ဝေးဝေးမြင်၍ ဝေးဝေးမြင်လျှင် ရှုထောင့်လည်းစုံသွားလေ့ရှိသည်ဟု သာပြောနိုင် ပါလိမ့်မည်။ ပညာရှင်များထဲတွင်လည်း စားရေးသူတို့နှင့် အမြင်မတူသော ပညာရှင်များရှိနေပါသည်။ ပညာရှင်များနှင့် ပတ်သက်၍ တစ်ခုပြောနိုင်သည်မှာ ပညာရှင်ဖြစ်သွားလျှင် သူ့ရှုထောင့်ကိုယ့်ရှုထောင့်မတူ သည်ကို သဘောပေါက်ကြ၍ ဘောလုံးကိုသာ အမြဲကန်ပြီး လူကိုကန်လေ့ မရှိဆိုသော အချက်သာ ဖြစ်ပေသည်။

ဤနေရာတွင် စာရေးသူ၏ ပါမေက္ခတစ်ဦး ပြောခဲ့သော စကားအချို့ကို တိုက်ရိုက်ပြောစကားပုံစံဖြင့် ပိုမိုရှင်းလင်း စေရန် ရေးပြလိုပါသည်။

“နိုင်ငံရေးသိပ္ပံမှာ အဖြေမှန်ဆိုတာမရှိတာမရှိဘူး၊ ဒါကြောင့် ပါမောက္ခဖြစ်သူ ကျွန်တော်ထံမှာလည်း အဖြေမှန်ဆိုတာ မရှိပါဘူး။ ခင်ဗျားတို့ ကျောင်းသားများရဲ့ အဖြေကျွန်တော့်ထက်ပိုကောင်းခဲ့ရင် ကျွန်တော်ကို တိုင် လက်ခံဖို့ အသင့်ပါပဲ။ ဒါကြောင့် ကျောင်းသားများ ကျွန်တော်နဲ့ အငြင်းခုံလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို အငြင်းအခုံမလုပ်ခင်မှာ သိထားသင့် တာတစ်ချို့ကို ပြောထားခြင်ပါတယ်။ ရှုထောင့်တစ်ခုထဲက ကြည့်ပြီး အဲဒီရှုထောင့်ကနေ ကျွန်တော်ကိုလာပြီး ခြေစုံကန်ငြင်း တာမျိုး မလုပ်ဖို့ပါ။ ကျွန်တော်ကိုလာမငြင်းခင်မှာ ရှုထောင့်အားလုံးက ကြည့်ပြီးကြောင်း ကိုယ့်ဟာကိုယ် သေချာပါစေ။ မဟုတ်ရင် ကျွန်တော့်အချိန်ကိုလာဖြုန်း တာဖြစ်လို့ တစ်ကြိမ်သာအခွင့် အရေးရပါမယ်။ ရှုထောင့် အားလုံးကြည့်ပြီးလို့ အယူအဆတစ်ခုကိုရပြီဆိုရင် ကျွန်တော်နဲ့ ငြင်းဖို့ နှစ်ခုအသင့်လုပ်ခဲ့ပါ။ ပထမတစ်ခုကတော့ ဘာကြောင့်ဆိုတဲ့ Why သေချာအောင်လုပ် ခဲ့ဖို့ပါ။ ဒုတိယတစ်ခုကတော့ ခင်ဗျားအယူအဆကို So What အဲဒီတော့ ဘာထူးသွားမှာမို့လဲ ဆိုတဲ့မေးခွန်း/ မှတ်ချက်အပြောမခံရစေဖို့ ပြင်ဆင်ခဲ့ပါ။ ကျွန်တော့်ဘက်က So What ဘာထူးသွားမှာမို့လဲလို့ မေးနိုင် သေးရင် ခင်ဗျားအယူအဆဟာ Big Idea ခေါ် မှတ်သားလောက်စရာ မဖြစ်သေးပါ။ ဒီအချက်တွေနဲ့ ပြည့်စုံရင် ကျွန်တော်နဲ့ စာသင်ခန်းထဲမှာ ငြင်းလို့ရပါပြီ။ အချိန်မလောက်ရင် သီးခြား Appointment ယူပြီး ငြင်းနိုင်ပါတယ်။”

ပါမောက္ခ၏ ပြောစကားတွင် အပိုင်း ၃ ပိုင်းပါသည်ကို သတိထားမိပါလိမ့်မည်။ ရှုထောင့်၊ Why နှင့် So What တို့ဖြစ်သည်။ စာဖတ် သူများကို စာရေးသူအနေဖြင့် ရှုထောင့် စုံအောင်ကြည့်ခဲ့ပြီလားဟု မေးခွင့် မရှိသည့်တိုင် အနည်းဆုံး တစ်ဖက်လူ၏ ရှုထောင့် စုံအောင်ကြည့်ခဲ့ပြီလားဟု မေးခွင့်မရှိသည့်တိုင် အနည်းတစ်ဖက်၏ ရှုထောင့်ကိုတော့ ဝင်ကြည့်၊ ကိုယ်ချင်းစာကြည့်ခဲ့ဖို့တော့ တိုက်တွန်းချင်ပါသည်။ Why နှင့် ပတ်သက်၍ သီးခြားရှင်းစရာလိုမည် မထင်၍ ချန်ခဲ့ပါသည်။ So What ကိစ္စမှာ စာရေးသူကိုယ်တိုင် ယနေ့အထိ တစိမ့်စိမ့်သဘောပေါက်ဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံရေးနှင့် ပတ်သက်၍ လိုလားချက် အချို့မှာ So What ဟု မေးလျှင် ဘာဆက်ဖြစ်မည်ကို ဖြေစရာမရှိသည့် သဘောက များပါသည်။ “ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးမည်” ဟု ပြော၍ ‘So What’ ဟုမေးခဲ့လျှင် ဘာဆက်ဖြစ်မည်ဟု ဖြေမည်နည်းဆိုသည့် သဘောဖြစ်သည်။

၅။ နိဂုံးချုပ်အနေဖြင့် စာဖတ်သူများအား မြန်မာနိုင်ငံ၏ အနာဂတ်ကို ၂၀၁၅၊ ၂၀၂၀ နှစ်များတိုင် မျှော်ကြည့်နိုင်မည်ဆိုလျှင် သဘာဝကျနသော ရှုထောင့်အမြင်များရရှိနိုင်ကြောင်း အကြံပြုလိုပါသည်။ ဝေးဝေးမြင်လျှင် ရှုထောင့်ပိုစုံသွားသည့် သဘောပင် ဖြစ်ပါသည်။ ထိုသို့ ၂၀၁၅၊ ၂၀၂၀ နှစ်များတိုင် မျှော်ကြည့်နိုင်လျှင် စာရေးသူအား ပိုမို၍ နားလည်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပတ်သက်၍ များစွာသေချာနေသော အချက်များမှာ-

၅(၁) မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲသည် အဓိက အားဖြင့် ပြည်တွင်းမှ သာလျှင် လာရမည်ဖြစ်သည် (ပြဿနာကို ပြည်တွင်း၌သာ အဖြေရှာရမည်ဖြစ်၍ စာရေးသူတို့အားလုံး နိုင်ငံတကာကို မေ့ထား၍ အဖြေရှာ ကြရမည်။)

၅(၂) မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော Stakeholder များ၏ အင်အားအမျိုးမျိုးကြောင့် သမားရိုးကျချဉ်းကပ် နည်းများ၊ သမားရိုးကျစဉ်းစားနည်းများသည် လုံးဝအလုပ်မဖြစ်နိုင်။ Unique Solution လိုအပ်သည်။ (ထို့ကြောင့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်ဝက်သာ ဝင်ပြိုင်ရန် တိုက်တွန်းရခြင်း ဖြစ်ပါသည်။)

၅(၃) မြန်မာနိုင်ငံ၏ လူလတ်တန်းစား၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် Civilization တို့၏ အခြေအနေအရပ်ရပ် အသင့်မဖြစ်သေး သောကြောင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တပ်မတော်၏ ကြည်ဖြူလိုလားသော ပူးပေါင်း ဆောင်ရွက်မှုမရှိဘဲ မြန်မာနိုင်ငံတွင် မည်သည့် အပြောင်းအလဲမှ မဖြစ်နိုင်သကဲ့သို့ ဖြစ်ခဲ့လျှင်လည်း ရေရှည် ထိန်းသိမ်းထားရန် မဖြစ်နိုင်။ (ထို့ကြောင့် Zero Sum Game စဉ်းစားသော နည်းလမ်းအားလုံး အဖြေမဖြစ်နိုင်)

၅(၄) အရပ်ဘက်လူ့အဖွဲ့အစည်းသည် ယခုလောလောဆယ်တွင် Rule of the Game ကို ပြဌာန်း နိုင်သော အခြေ အနေမရှိ၍ ပေးထားချက် အတိုင်းကစားရမည်။ (ထို့ကြောင့် ပေးထားချက်ကို စုံအောင်ဖတ်ရမည်)

၆။စာရေးသူသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူ မဟုတ်ဘဲ နိုင်ငံသားအားလုံး မည်သူမဆို မြင့်မြင့်တက်၍ ဝေးဝေးမြင်နိုင်သူများ ဖြစ်စေရန် ကူညီဆောင်ရွက်သည့် အလုပ်ကိုသာ လုပ်ဆောင်သူဖြစ်ကြောင်း ပေးစာရှင်နှစ်ဦးနှင့် စာဖတ်သူများအား လေးစားစွာ အသိပေးအပ်ပါသည်။

အယူအဆအချို့ကို အသေအချာနားလည် သဘောပေါက်ပါလျက် အများပြည်သူအထင်လွဲမည်ကို စိုးရွံ့ သောကြောင့် ထိမ်ချန်ထားခြင်းသည် Professional Conduct မဟုတ်သောကြောင့် အထက်အပိုဒ် ၅ တွင် အချက် ၄ ချက်ကို ရှင်းလင်းရေးသားခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာကြီးလုံးကြောင်း ပြောရန်စောပါသေးသည်ဟု အကြံပေးခဲ့သူ မိတ်ဆွေများအား လည်း အထူးကျေးဇူးတင်ပါသည်။

နေ၀င်းမောင်

Posted by ပိတောက်မြေ at 5:12:00 AM 10 comments
http://padaukmyay.blogspot.com/