Friday, August 07, 2009

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီသူရဲကောင်းဖြစ်သည်၊ ဒီမိုကရေစီ ခေါင်းဆောင်မဟုတ်

( CU 2020 ရဲ့ အာဘော်ဖြစ်ပါတယ်။ စာရေးသူရဲ့ အာဘော်ကို မထိခိုက်စေပဲ ဖတ်ရတာအဆင်ပြေအောင် ပြင်ဆင် တည်းဖြတ်ပေး ထားပါတယ်။ )
ဒီမိုကရေစီနိုင်ငံကြီးတနိုင်ငံတွင် ဇိမ်ကျနေသော သူငယ်ချင်းတယောက်က ဒေါ်အောင်ဆန်းစုကြည် မကြာသေး မှီက ရှေ့နေမှ တဆင့် မှာကြားလိုက်သော စကားကြားလျှင် ကြားချင်း စိတ်ဓါတ် အကြီးအကျယ်ကျကာ စာတစ်စောင် ရေးပို့ လာခဲ့သည်။.............

( CU 2020 ရဲ့ အာဘော်ဖြစ်ပါတယ်။ စာရေးသူရဲ့ အာဘော်ကို မထိခိုက်စေပဲ ဖတ်ရတာအဆင်ပြေအောင် ပြင်ဆင် တည်းဖြတ်ပေး ထားပါတယ်။ )

ဒီမိုကရေစီနိုင်ငံကြီးတနိုင်ငံတွင် ဇိမ်ကျနေသော သူငယ်ချင်းတယောက်က ဒေါ်အောင်ဆန်းစုကြည် မကြာသေး မှီက ရှေ့နေမှ တဆင့် မှာကြားလိုက်သော စကားကြားလျှင် ကြားချင်း စိတ်ဓါတ် အကြီးအကျယ်ကျကာ စာတစ်စောင် ရေးပို့ လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သတင်းစကားကို ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က တဆင့် ပြောလိုက်သည်မှာ “ကုလသမဂ္ဂ အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အရင် မလုပ်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ မျှတမှုလည်း မရှိဘူး၊ တရားဝင် မှာလည်း မဟုတ်ဘူး ဆိုတာကို ကုလသမဂ္ဂ အနေနဲ့ ကြေညာချက်တို့ ဘာတို့ ထုတ်ပြီး ပြောသင့်တယ်” ဟု၍ဖြစ်၏။ သူငယ်ချင်း ဖြစ်သူ အတွေးက ဒေါ်အောင်ဆန်းစုကြည် အခုလို အချက်ပြ လိုက်တဲ့ အတွက် ကုလသမဂ္ဂ ၊ နိုင်ငံတကာ အစိုးရများနှင့် ဒီ/ချုပ်တို့က ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် ကြတော့မည်၊ ထို့ကြောင့် မြန်မာအရေး ဘယ်မှ မရောက်နိုင် တော့ပြီဟု ဆိုလိုချင်ပုံ ရလေ၏။ ကျွန်တော်ကား ရွေးကောက်ပွဲကို အပြောင်းအလဲ အဖြစ် မျှော်လင့်သူ ဖြစ်၍ သူငယ်ချင်းများက တွေ့တယ်မို့လား မင်းတို့ စိတ်ကူးယဉ် မနေနဲ့ဟု ဆိုလိုပုံ ရ၏။

ကျွန်တော် တခုပြောကြည့်ချင်သည်။ ဒီမိုကရေစီ နိုင်ငံကြီး တစ်နိုင်ငံတွင် ဇိမ်ကျနေသော သူငယ်ချင်း အပါအဝင် ကျွန်တော့ သူငယ်ချင်း များသည် ဒေါ်အောင်ဆန်းစုကြည် ထံမှ ၎င်း ဗိုလ်ချုပ်မှူးကြီးထံမှ ၎င်း တော်တော်လေး မျှော်လင့်ထားပုံ ရလေ၏။ သူငယ်ချင်းများ မသိသည်မှာ ကျွန်တော်သည် ဒေါ်အောင်ဆန်းစုကြည် ထံမှ၎င်း ဗိုလ်ချုပ်မှူးကြီး ထံမှ၎င်း ဘာတခုမှ မျှော်လင့် ထားခြင်း မရှိ ဆိုသော အချက်ဖြစ်၏။ သူငယ်ချင်းများ ထင်သလို အမေရိကန်များ ကျွန်တော်တို့ထံ လာလိမ့်မည် ဟုလည်း မထင်ပေ။ ထို့ကြောင့် ကျွန်တော်အတွက် ဒေါ်အောင်ဆန်းစုကြည် ထံမှ သတင်း စကားသည် ဘာမှ မထူးဆန်းချေ။ သူငယ်ချင်း များသည် တဖက်တွင် ဗိုလ်ချုပ်မှူးကြီးကို နေ့စဉ် ကျိန်ဆဲ နေသော်လည်း တခြား တဖက်တွင် ဗိုလ်ချုပ်မှူးကြီး အလျှော့ပေး လိမ့်မည်ဟု တော်တော် မျှော်လင့်နေကြ၏။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဘန်ကီမွန်း၊ လုံခြုံရေးကောင်စီ တို့က ဖိအားပေးလျှင်​‌​ ဗိုလ်ချုပ်မှူးကြီး လျှော့လိမ့်မည်ဟု မျှော်လင့်ခြင်း ဖြစ်၏။ ရယ်စရာလည်း ကောင်းပါသေးတော့၏။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အရာရာ မှန်၍ အရာရာ ဆောင်ကျဉ်းနိုင်မည့်သူ ဘုရားသခင် အလား ကိုးကွယ် ကြသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က ပျော့ပြောင်း ပါသော်လည်း ဗိုလ်ချုပ်မှူးကြီး မပျော့ပြောင်း အလျှော့မပေး သေး၍ ဖြစ်ရသည် ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး အလျှော့ပေးမည့် ရက်ကို စောင့်နေကြလေ၏။
သူတို့ မသိသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီသူရဲကောင်း Democracy Hero သာ ဖြစ်ပြီး ဒီမိုကရေစီ ခေါင်းဆောင် Democracy Leader မဟုတ်ချေ။ Hero နှင့် Leader မတူကြောင်းလည်း သူတို့ မသိကြချေ။ သူရဲကောင်းသည် သူရဲကောင်းလို ကျင့်ကြံ၍ ခေါင်းဆောင်သည် ခေါင်းဆောင်လို ကျင့်ကြံသည် ဆိုသည်ကို သူငယ်ချင်းများ မတွေးမိ ကြချေ။ သူရဲကောင်း တို့သည် စွန့်လွှတ် အနစ်နာခံ၍ ခေါင်းဆောင် တို့သည် တစုံတရာ ဆောင်ကျဉ်းသူများ ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ ဒီမိုကရေစီရေး အတွက် အသက်ပေးရန် အသင့်ရှိကြောင်း အကြွင်းမဲ့ ယုံကြည်ပါ၏ ၊ သို့သော် ဒီမိုကရေစီကို လက်တွေ့ကျကျ ဆောင်ကျဉ်း နိုင်လိမ့်မည်ဟု ကျွန်တော် မထင်ပါ။ မြန်မာ ဒီမိုကရေစီရေးသည် politically incorrect compromise များ လိုအပ်သည် ဖြစ်ပြီး ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည် သည် ထို compromise များကို လုပ်နိုင်ချေ မရှိပေ။ သူရဲကောင်း များသည် ဘယ်အခါမှ compromise မလုပ်ပါ။

Posted by ပိတောက်မြေ at 12:01:00 AM 22 comments မှကူးယူဖေါ်ပြသည်။