Wednesday, August 12, 2009

ထူးမခြားနားဇာတ်လမ်း

( ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အမြင်ကို ပြန်လည်ချေပထားတဲ့ မျိုးဆက်သွေးရဲ့ အမြင်ဖြစ်ပါတယ်။ )

စစ်တပ်ဘာလုပ်လုပ် ဖြေပြီးတွေးတတ်တဲ့ ပိတောက်မြေကတော့ အခုပြစ်ဒဏ်က ၀မ်းသာစရာအဖြစ် ပြောနေတော့တာပဲ။ သူ့ပို့စ်ကို ပြန်ချုပ်လိုက်တော့ ဒီလောက် အပြစ်ပေးတာ တော်သေးတာပေါ့၊ စိတ်မဆိုးကြနဲ့၊ အပြစ်မတင်ကြနဲ့၊ သူတို့ တတွေက .........

သူတော်ကောင်းကြီး တွေပါကွယ်၊ အဆင်ပြေအောင် သည်းခံပေါင်းကြကွဲ့ ဆိုတာကို ပြောချင်တာပါ။ ချစ်တီး သူဌေး သိမ်းတာခံရတော့ အမေက သမီးရယ် ကုလားကြီးနဲ့ အရာကြီး အတူတူပါပဲ။ ပေါင်းလိုက်ပါ ဆိုတာထက် မပိုပါဘူး။

သူက အခုလို အပြစ်ချ လိုက်တာက နှစ်ဘက်လုံး အတွက် အဖြေရှာနိုင်တဲ့ ထွက်ပေါက်တစ်ခုကို အစိုးရက ပေးတာလို့ ပြောတယ်။ ဘယ်လို ထွက်ပေါက်မျိုးလဲ။ ယက်တောအမှု မတိုင်ခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့ နေခဲ့ရတယ်။ မေလမှာ သက်တမ်းစေ့မယ်။ စစ်တပ် အဓိပ္ပါယ် ကောက်သလို ဆိုရင် နောက်ထပ် ခြောက်လ ထပ်နေရမယ်ထား၊ နိုဝင်ဘာ၊ ဒီဇင်ဘာဆို သက်တမ်းကုန်ပြီ။ အရှက်မရှိ ဥပဒေကို မပြင်ဘူး ဆိုရင် ဒီဇင်ဘာ နောက်ဆုံး ထားပြီး လွှတ်ပေးရတော့မယ်။ အဲဒီလို အချိန်မှာ ယက်တောကိစ္စ ဖြစ်တယ်။ ဘယ်သူ ခိုင်းသလဲ။ ဘာကြောင့်လည်း ဆိုတာ နောက်ထား၊ ဒီအမှု ဖြစ်တော့ နအဖအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲစေ့ဖို့ အခွင့်အရေး ရသွားတယ်။ နောက်ဆုံး ထောင်သုံးနှစ် ချတယ်။ သနားလို့ လျှော့ပေးတယ်လို့ ပြောတယ်။ ဆိုင်းငံပြစ်ဒဏ် ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် သူ့အိမ်မှာ ပြန်ပြီး နောက်ထပ် အကျယ်ချုပ် တစ်နှစ်ခွဲနေရမယ့် အခြေရောက် သွားတယ်။ ၂၀၁၀ နှစ်ကုန်အထိ နေရမယ်။ အရင်ကထက် တစ်နှစ်တောင် ပိုသွားသေးတယ်။ ဒါကို ကိုပိတောက်က ထွက်ပေါက်လို့ ပြောရင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ကနေ တက္ကသိုလ် ရိပ်သာလမ်း ပြန်ပို့တဲ့ ထွက်ပေါက်လို့ပဲ ပြောရမယ်။

ကျန်တာကတော့ ဘာမှမထူးပါဘူး။ စစ်တပ် လိုချင်တာက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်လို့ မရအောင် လုပ်ဖို့ပဲ။ ဒီတော့ ထောင်ထဲမှာ ထားထား၊ အိမ်မှာထားထား ဘာမှမထူးဘူး။ ထောင်ထဲမှာ ထားရင် နိုင်ငံတကာနဲ့ ရန်ဖြစ် နေရမယ်။ အိမ်ထဲမှာ ထားရင် ပြောခံရ၊ ဆိုခံရတာ နည်းနည်း သက်သာမယ်။ ဒါပဲကွာတယ်။ ဒါ့ကြောင့် အိမ်မှာထားဖို့ လုပ်တယ်။ ဒါပါပဲ၊ ဇာတ်လမ်း ကတော့ ဒါပါပဲ။ ဒါကို ပိတောက်မြေက စုံနံ့သာမြိုင် ဇာတ်လမ်း လုပ်နေတယ်။ တကယ်တော့ ထူးမခြားနား ဇာတ်လမ်းပါပဲ။ ဘာမှမထူးဘူး။ လူထု မျက်စိ လည်မသွားဖို့ လိုပါတယ်။
http://padaukmyay.blogspot.com/