( နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားအောင် ဘယ်လို အကူအညီပေးမလဲ။ နိုင်ငံရေး ပါတီတွေ၊ ဒီမိုကရေစီ အရေး လုပ်ဆောင် နေသူတွေကို တိုက်ရိုက် အကူအညီပေးဖို့၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် ဖြစ်အောင် အကူအညီပေးဖို့ လိုတယ်လို့ ယူဆသူများ ရှိပါတယ်။ တစ်ချို့ကတော့ အခြေခံကျတဲ့ လုပ်ငန်းတွေမှာ နည်းပညာ အကူအညီ၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ....
ပေးပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်တာက ပိုပြီး လက်တွေ့ ကျတယ်လို့ ဆိုပါတယ်။ ဒီအယူအဆတွေနဲ့ ပတ်သက်ပြီး အီဂျစ်နိုင်ငံရဲ့ အတွေ့အကြုံကို ဆောင်းပါးရှင် Dyrbrn A. Cook က Spending money on Democracy promotion in Egypt ဆောင်းပါးမှာ ရေးထားတာကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။ )
လာမည့် ဇွန်လဆန်းမှာ ဘာရက်အိုဘားမားက ကိုင်ရိုကို သွားလည်ရင်း မူဆလင် ကမ္ဘာကို မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ အီဂျစ်ကတော့ အဲဒီ အခွင့်အရေးကို အသုံးချပြီး အမေရိကန်ရဲ့ အကူအညီတွေ ဆက်ပြီးရဖို့ တောင်းဆိုမှာပါ။ အီဂျစ်ဟာ ကမ္ဘာပေါ်မှာ အမေရိကန် အကူအညီ ဒုတိယ အများဆုံးရတဲ့ နိုင်ငံဖြစ်ပြီး အရင်တုံးကတော့ အကူအညီ တောင်းရင် လွယ်လွယ်နဲ့ ရခဲ့တာပါ။ အခုတော့ သိပ်မလွယ်တော့ဘူး။ ၂၀၀၅ ခုနှစ်က စပြီး ဘုရှ်အစိုးရဟာ သူတို့ရဲ့ အရှေ့အလယ်ပိုင်း ဒီမိုကရေစီ ထွန်းကားရေး စီမံချက်အရ အီဂျစ်ကို နှစ်စဉ် ဒေါ်လာ ၁.၇ ဘီလီယံလောက် ပေးနေတဲ့ အကူအညီတွေကို နိုင်ငံရေး ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်မှုနဲ့ ချိတ်ဆက်ဖို့ လုပ်လာခဲ့တယ်။ အဲဒီ အကူအညီတွေထဲက စီးပွားရေးအတွက် အကူအညီပေးတဲ့ ဒေါ်လာသန်း ၄၅၀ ထဲက အတော် များများကို စီးပွားရေးအစား ကောင်းမွန်တဲ့ အုပ်ချုပ်မှု ပေါ်ပေါက်ရေး စီမံကိန်း ( Good Governance ) အစီအစဉ်တွေမှာ လွှဲပြောင်း အသုံးပြုခဲ့တယ်။
ဒါပေမယ့် အဲဒီလုပ်ဆောင်ချက်တွေဟာ အီဂျစ်နိုင်ငံမှာ နိုင်ငံရေး အခြေအနေတွေ ပိုကောင်းလာဖို့ မတတ်နိုင်ခဲ့ သလို နောင်မှာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အမေရိကန် အနေနဲ့ အီဂျစ် နိုင်ငံသားတွေကို တကယ် ကူညီချင်တယ် ဆိုရင် အီဂျစ်ပြည်သူတွေနဲ့ နေ့စဉ်ဘ၀ကို ဖွံ့ဖြိုးတိုးတက်စေမယ့်အကူအညီတွေကိုပဲ ပေးသင့်တယ်။ အဲဒီလို နည်းပညာ အကူအညီတွေ ပေးတာကသာ အခု အမေရိကန်တွေ လုပ်နေတဲ့ အစီအစဉ်တွေထက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေကို ပိုပြီးဖြစ်စေမှာပါ။ မစဉ်းစား မဆင်ခြင်ပဲလုပ်တဲ့ ဒီမိုကရေစီ ထွန်းကားရေး အစီအစဉ်တွေဟာ အီဂျစ်မှာသာ မဟုတ်ဘူး ပြုပြင် ပြောင်းလဲကို ဆန့်ကျင်နေတဲ့ အာဏာရှင် နိုင်ငံတိုင်းမှာ အကောင်းထက် အဆိုးကိုပဲ ဖြစ်စေတယ် ဆိုတာ တွေ့နိုင်ပါတယ်။
၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်ကြားထဲမှာ ဘုရှ်အစိုးရဟာ အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ဖြစ်စေဖို့ ပေးတဲ့ အကူအညီကို ၁၃၃ % တိုးပြီး နှစ်စဉ် ၃၇ သန်း ပေးနေရာကနေ ၈၆.၅ သန်းအထိ တိုးပေးခဲ့တယ်။ အဲဒါဟာ နှစ်စဉ် ပေးနေတဲ့ စီးပွားရေး အကူအညီရဲ့ ငါးပုံတစ်ပုံ ဖြစ်ပါတယ်။ အဲဒီလို တိုးပေးလိုက်တဲ့ အတွက် စိုက်ပျိုးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေးနဲ့ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေမှာ ၄၄ % အထိ ငွေလျော့ကျသွားပြီး အချို့ အစီအစဉ်တွေကတော့ လုံးဝ ဖျက်သိမ်းပစ်ခဲ့ရတယ်။ အဲဒီထက်မှာ အလွန်အောင်မြင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေ အထွက်တိုးအောင် ကူညီတဲ့ စီမံကိန်းတွေလည်း ပါသွားတယ်။ အဲဒီ စီမံကိန်းတွေ နေရာမှာ ၀ါရှင်တန်က သိပ်ကြိုက်တဲ့ အစီအစဉ် အသစ်တွေဖြစ်တဲ့ အီဂျစ်ပြည်နယ် အုပ်ချုပ်ရေးမှူးများ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ညီလာခံဆိုတဲ့ အစီအစဉ်တွေ အစားထိုးလာတယ်။ တကယ်တော့ အဲဒီ အစီအစဉ်မျိုးတွေဟာ လူကြားကောင်း၊ ပြောလို့ ကောင်းတာပဲ ရှိပြီး ဘာမှ အလုပ်မဖြစ်ဘူး။ ဘာလို့လည်းဆိုတော့ အီဂျစ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆိုတဲ့သူတွေက မူဘာရက်ရဲ့ တိုက်ရိုက် ခန့်ထားသူတွေ ဖြစ်ပြီး တစ်ဝက်ကျော်က စစ်ဗိုလ် ဒါမှမဟုတ် ရဲအရာရှိတွေ ဖြစ်နေတာကိုး။
အမေရိကန် အကူအညီတွေနဲ့ ပတ်သက်ပြီး စည်းကမ်း အသစ်တွေ ချကာ စတုံးကတော့ ဒီမိုကရေစီ လှုပ်ရှားမှုလေး တစ်ချို့ရှိလိုက်ပါရဲ့။ နောက်တော့ ထုံးစံအတိုင်း တက်ကြွ လှုပ်ရှားသူတွေ၊ သတင်းစာ ဆရာတွေ အဖမ်းခံရ၊ ထောင်ချ ခံရတာတွေ ရဲနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ရိုက်နှက်တာတွေ၊ ရွေးကောက်ပွဲမှာ အစိုးရဘက်က ညစ်တာတွေ ပြန်ဖြစ်လာတာပဲ။ မူဘာရက်က ဘယ်လိုဖိအားတွေပဲ ပေးပေး သူ့အုပ်ချုပ်မှုကို ပြင်မှာမဟုတ်ဘူး။ လုပ်ရင်လည်း အပေါ်ယံကြောပဲ လုပ်မှာဖြစ်တယ်။ သူ့ကို အမေရိကန်က ပစ်ပယ်မှာ မဟုတ်ဘူး ဆိုတာလည်း သိနေတာကိုး။ ဒီတော့ အမေရိကန်တွေ အနေနဲ့ စိုက်ပျိုးရေး၊ ရောဂါ ကာကွယ်ရေးနဲ့ မိခင်နဲ့ ကလေး ကျန်းမာရေးလို နေရာတွေမှာပဲ အားစိုက်သင့်တယ်။ ကမ္ဘာပေါ်မှာ အသဲရောင် အသားဝါစီ အများဆုံး ဖြစ်နေတဲ့ အီဂျစ်လို နိုင်ငံမျိုးမှာ ဒီလို အကူအညီတွေဟာ လက်တွေ့အကျဆုံး၊ အကျိုးအရှိဆုံး ဖြစ်တယ်။ နောက်ပြီး သဘောထား စစ်တမ်း ကောက်ယူချက်တွေ အရ အီဂျစ်တွေဟာ သူတို့ကို နိုင်ငံခြားသားတွေ ကလာပြီး ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ ဆိုပြီး သြ၀ါဒပေးတာကို လက်မခံချင်ကြဘူး။ ဒီတော့ သူတို့ စိတ်နှလုံးကို ဆွဲဆောင်နိုင်ဖို့၊ သူတို့ ယုံကြည်မှုရဖို့ ဆိုတာ လူဆင်းရဲ ရပ်ကွက်တွေက မွေးကင်းစ ကလေးတွေရဲ့ ကျန်းမာရေးကို ကူညီ ပေးတာလောက် ကောင်းတဲ့ နည်းမရှိဘူး။
စစ်တမ်းလေ့လာချက်တွေအရ အာရပ်ကမ္ဘာက လူတွေက အမေရိကန်တွေဆီကနေ သူတို့ နေ့စဉ်ဘ၀ကို လက်တွေ့ အကျိုးရှိစေမယ့် နည်းပညာဆိုင်ရာ အကူအညီတွေကိုပဲ လိုချင်တယ် ဆိုတာ တွေ့ရတယ်။ ကျန်းမာ၊ ပညာတတ်ပြီး စီးပွားရေး အဆင်ပြေတဲ့ အီဂျစ် ပြည်သူတွေကပဲ တစ်ဦးချင်းနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို တောင်းဆို လာကြလိမ့်မယ်။ အဲဒီ တောင်းဆိုမှုတွေ ကနေပဲ အမေရိကန်တွေ ဖြစ်စေချင်တဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်အောင်နဲ့ အဲဒီစနစ်ကို ကြာရှည် ထိန်းသိမ်းနိုင်အောင် စွမ်းဆောင်နိုင်ပေလိမ့်မယ်။
အမေရိကန်တွေလုပ်နေတဲ့ ဒီမိုကရေစီ မြှင့်တင်ရေး အစီအစဉ်တွေကို အရှိန်လျှော့ချ လိုက်တာဟာလည်း ဘုရှ် လက်ထက်မှာ ဖြစ်ခဲ့တယ် အီဂျစ်နဲ့ အမေရိကန်ကြား ဆက်ဆံရေး အဖုအထစ်တွေကို လျော့သွားစေမှာ ဖြစ်တယ်။ သူ့မှာ ပြဿနာတွေ ရှိနေသည့် တိုင်အောင် အီဂျစ်ဟာ အမေရိကန်ရဲ့ အရေးပါတဲ့ မဟာမိတ် ဖြစ်နေပြီး အီရတ်နဲ့ အာဖဂန် စစ်ပွဲတွေမှာလည်း တိုးတိုး တိတ်တိတ် အကူအညီတွေ အများကြီး ပေးနေတဲ့နိုင်ငံ ဖြစ်တယ်။ နောက်ပြီး အိုဘားမား အနေနဲ့ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရာမှာ အီဂျစ်ရဲ့ အကူအညီ လိုဦးမှာ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ အီဂျစ်နဲ့ အရှေ့အလယ်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် အများကြီးလုပ်ပေး နိုင်ပါတယ်။ ဒါပေမယ့် လူတွေကို တကယ် အကူအညီပေးနိုင်တဲ့ အကူအညီတွေနဲ့ အပြောင်းအလဲတွေ ဖြစ်အောင် ညင်ညင် သာသာ ဆောင်ရွက်တာက ဒီမိုကရေစီ မြှင့်တင်ရေး အတွက် သြ၀ါဒ ချွေတာတွေ၊ အလုပ်မဖြစ်တဲ့ စီမံချက်တွေမှာ ငွေတွေ ပုံအော သုံးတာထက် အားလုံးအတွက် ပိုပြီးအကျိုးရှိမှာ ဖြစ်ပါတယ်။
စာရေးသူ Steven A. Cook ဟာ အမေရိကန်နိုင်ငံ၊ နိုင်ငံခြား ဆက်ဆံရေး ကောင်စီက အရှေ့ အလယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။
http://padaukmyay.blogspot.com/2009/06/blog-post_2619.html