မိုက်မဲတဲ့ လုပ်ရပ် (ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
ကိုဂျုး
ဒီတစ်ခါပွဲကတော့ တော်တော် ကြည့်မကောင်းတဲ့ ပွဲပါဘဲ၊ မြန်မာ နအဖအစိုးရနဲ့ မြန်မာနိုင်ငံရဲ့ သိက္ခာ အတော်လေးကျ သွားပါတယ်၊ နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ စနစ် တောင်းဆိုသူ အသက် ၆၀ကျော် မုဆိုးမ အဖွားကြီး တွေကို သန်သန်မာမာ လက်နက်ကိုင် စစ်သားကြီးများက မတရားလုပ် မတရား အနိုင်ကျင့်တဲ့ ပွဲကြီးပေပ။ အဖွားကြီးတွေ ခမျာ အော်တောင် မအော်နိုင်ရှာ ပါဘူး။ နအဖလဲ ဒေါ်စု လူထုကြားထဲ ရောက်လာမှာကို ကြောက်တဲ့စိတ်က ငယ်ထိပ်တက်ကပ် နေလို့ အပိုင်ကွက် မှတ်ပြီး လုပ်ချလိုက်မိ တယ်လို့ တကမ္ဘာလုံးက မြင်ပါတယ်။
သိက္ခာကျတာ လောက်ကတော့ ရိုးနေပြီ နအဖက ဘယ်တုန်းက ဂရုစိုက်ခဲ့လို့လဲ ဆိုလာရင် အခြေအနေက အရင်နဲ့ မတူ တော့ပါဘူး၊ အရင်က နအဖဟာ သာမန် စစ်အစိုးရပါ။ အခု နအဖဟာ ၂၀၁၀ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ရွေးကောက်ပွဲ တွေကို အခြေခံဥပဒေနဲ့အညီ ကျင်းပ ပေးမယ်လို့ ကမ္ဘာကို ကြေညာထားတဲ့ အစိုးရပါ။ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ ဒီမိုကရေစီ လိုလားသူ အသိုင်းအ၀ိုင်း ကလဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အနာဂါတ် မြန်မာနိုင်ငံ တိုးတက် ဖွံ့ဖြိုးရေး ဆွေးနွေးပွဲမှာ မပါမဖြစ် ပါဝင်ရမဲ့သူ ဖြစ်ကြောင်း၊ ဘေးဖယ်ထားလို့ မရနိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေး stake holders တွေ အားလုံး ပါဝင်နိုင်အောင် လုပ်ဖို့၊ ဒါမှလဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို ကမ္ဘာက လက်ခံယုံကြည် လိမ့်မယ်လို့ သတိပေး ပြောဆို နေကြတာပါ။ ဒါ့အပြင် မနေ့တနေ့ ကဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အတိုက်အခံ ပါတီကြီး ကလဲ သူတို့ အသိအမှတ် မပြုဘူး ပြောထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ချွင်းချက်နဲ့ လက်ခံ ပေးပါမယ်လို့ ပျော့ပျော့ ပြောင်းပြောင်း ကြေညာလိုက်လို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ စည်းလုံး ညီညွတ်ရေးကို မျှော်နေကြတဲ့ မြန်မာ ပြည်သူတွေ အတွက် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာတဲ့ အချိန်အခါလဲ ဖြစ်ပါတယ်။ အမေရိကန် သမ္မတသစ် အိုဘားမားက မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး အတွက် မြန်မာနိုင်ငံကို ချဉ်းကပ်မှု အသစ်တွေ လုပ်ဖို့ ပြန်လည် စဉ်းစားသုံးသပ် နေချိန်လဲ ဖြစ်ပါတယ်။ ပြောချင်တာက မြန်မာနအဖ အတွက် Gentlemanလို လူလူသူသူ နေပြရမဲ့ အချိန်မှာ အတိုက်အခံ ခေါင်းဆောင် အဖွားကြီးတွေကို အပြင်မှာ မထားရဲလို့ ညစ်ပြီး အမှုဆင် ထောင်ချတဲ့ တေလေဂျပိုး အလုပ်မျိုးကို သွားလုပ်မိ ပါတယ်။ ကိုယ့်ဖာကိုယ် မြောင်းထဲ ခုန်ဆင်း လိုက်ပါတယ်။
မြန်မာနိုင်ငံ နအဖအစိုးရက နေအိမ် အကျယ်ချုပ် ချထားတဲ့ မြန်မာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး၊ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီခေါင်းဆောင် မြန်မာပြည်သူ အများစုက လေးစား ချစ်ခင် ကြည်ညိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ရက်စေ့လို့ လွတ်ခါနီးမှာ စွဲချက် အသစ်တွေနဲ့ တရားစွဲဆို ထောင်ချ တော့မယ် ဆိုတဲ့ သတင်းကို နိုင်ငံခြား ရေဒီယို အသံလွှင့် ဌာနတွေက မေလ (၁၄)ရက်နေ့မှာ ကြေညာ လိုက်တာနဲ့ တကမ္ဘာလုံးလဲ ကြွက်ကြွက်ညံ သွားပါတော့တယ်။ ခုနက ဒေါ်စုကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ဒက်စမွန်တူးတူး တို့လို ကမ္ဘာ့ ခေါင်းဆောင်တွေ၊ အစိုးရတွေ၊ အာဆီယံ အပါအ၀င် ကမ္ဘာ့ အဖွဲ့အစည်း တွေက ကြေညာချက်တွေ ပလူပျံအောင် ထုတ်ပြီး နအဖကို ရှုတ်ချ ကန့်ကွက်ကြပါတယ်။ ရှက်အောင် နာအောင် ပြောကြပါတယ်။ ဒီပွဲက ရုပ်ပျက်လွန်းလို့ တော်ရုံ ကြားနေဆိုတဲ့ နအဖ ဘက်က ရှေ့နေ လိုက်ပေးနေသူ တွေတောင် ငိုင်ဆင်း သွားပါတယ်။ အမာခံတွေ ကတော့ မထူးဇတ် ခင်းပြီး ဒေါ်စုဟာ နိုင်ငံရေး လုပ်နေပြီး နားမလည် ဘူးလား၊ နအဖက အကွက်ရလို့ ညစ်တာဘာဖြစ်လဲ ဒေါ်စု မပါးနပ်လို့ ညံ့လို့ ခံရတာ၊ ဒေါ်စုတို့လဲ အာဏာရရင် သူတို့ကို ရုံးတင်မှာဘဲ၊ အခုတော့ ဘာတတ်နိုင် သေးလဲ၊ လူထုပါအောင် ဆူရဲလား၊ ဆူရဲ ဆူကြည့်ပေါ့ ဆိုပြီး အောက်ကလိ အောက်ကလာ အသံနဲ့ ၀င် ဆွမ်းကြီးလောင်း ကြပါတယ်။
ဒေါ်စုကို ချစ်ခင်သူများ ကတော့ အသက်၆၀ကျော် အဖွားကြီးတွေက ဒုက္ခခံစားနေရသူကို ထမင်းကျွေး လက်ခံထားမိတာ ဘာဖြစ်လဲ၊ တိုင်းပြည် အတွက် ဘာများ ထိခိုက်သွားသလဲ၊ မြန်မာ အမျိုးသမီးကြီး တွေဟာ ဒီလိုဘဲ သနားကြင်နာ တတ်တယ်၊ ဒုက္ခ ရောက်လာသူကို ကယ်တင် စောင့်ရှောက်တတ်တယ်။ ဒုတိယ ကမ္ဘာစစ် အတွင်းမှာတောင် အင်္ဂလိပ်/ ဂျပန် စစ်တပ်က သိသွားရင် အရေးယူခံ၊ လက်သဲခွံခွာ အသတ် ခံရမယ် ဆိုတာ သိသိကြီးနဲ့ မြန်မာ တွေဟာ သွေးမတော် သားမစပ် ဒုက္ခ ရောက်လာသူ နိုင်ငံခြားသား တွေကို အနစ်နာခံ ၀ှက်ထားပေး၊ ကျွေးမွေး ကယ်တင် ကူညီ စောင့်ရှောက် ပေးခဲ့တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ ဒီအတွက် ကမ္ဘာက မြန်မာတွေကို ချီးမွန်းမဆုံး၊ မြန်မာတွေ ကလဲ ဂုဏ်ယူမဆုံး ရှိကြပါတယ်၊ အဲဒါ - မြန်မာလူမျိုး တွေရဲ့ ကြင်နာ သနားတတ်တဲ့ စိတ်ထား ဘဲလို့ ပြန်လည်ချေပ ကြသူတွေလဲ ရှိပါတယ်။
အဖွားကြီးတွေ ခမျာ ဖိတ်ခေါ်တာလဲ မဟုတ်၊ ဆာလွန်းတယ် ဆိုလို့ သနားလို့ ထမင်းကျွေးမိတာ၊ ပြန်ထွက်သွားဘို့ ပြောတာကို ပြန်မထွက်ဘဲ အတင်း တောင်းပန် ပေကပ်နေနေသူကို ဂုတ်ဆွဲပြီး ရဲလက် အပ်ရအောင် ကလဲ ကိုယ့်ကို အန္တရယ် ပြန်ပေးရင်တောင် ဘာမှ မတတ်နိုင်၊ နအဖအစိုးရ ကိုယ်တိုင်က ပြင်ပနဲ့ ဆက်သွယ်လို့ မရအောင် တယ်လီဖုန်း လိုင်းကို ဖြတ်တောက်ထားပြီး အိမ်ထဲကအိမ်ပြင် မထွက်ရအောင် လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ တားဆီးခံထား ရတယ်၊ အစိုးရက လုံခြုံရေး အပြည့်အ၀ တာဝန် ယူထားတယ် ဆိုပြီး လုံခြုံရေးတွေ ရှေ့က ဖြတ်လာတဲ့ အရူး အိမ်ထဲ ၀င်လာတာလဲ ခံရ သေးတယ် အစိုးရကို သတင်းမပို့ ရကောင်းလား ဆိုပြီး သူ့အပြစ်ကို ကိုယ့်အပြစ် လုပ်ပြီး မတရား ထောင်ချဦးမယ် ဆိုတော့ နအဖ ရည်ရွယ်ချက်က ဘာလဲဆိုတာ ကမ္ဘာ့အမြင်မှာ ရှင်းနေပါတယ်။ အစိုးရ လုံခြုံရေး အဖွဲ့တွေက တမင် လုပ်တယ်လို့ စွပ်စွဲကြ တာလဲ အပြစ်တင်လို့ မရပါဘူး၊ မလုပ်တောင်မှ တာဝန်တော့ ရှိနေတာကိုး။
ယက်တော ဆိုသူကလဲ ကြားသိ ရသလောက် အရူးပါ။ ဘယ်ကမှ လွှတ်ပုံလဲ မရပါဘူး၊ sabotage လဲ ဟုတ်ဟန် မတူပါဘူး၊ spy လဲမဖြစ်နိုင်၊ ဒေါ်စုဘက်က ဥပဒေ ချိုးဖောက်တာ၊ ပြင်ပနဲ့ အဆက်သွယ် လုပ်တဲ့ ဖြစ်ရပ်တွေ၊ သတင်းပေးယူ စာပေးစာယူ၊ ပစ္စည်း အပေးအယူ လုပ်တဲ့ ကိစ္စတွေ ဖြစ်ပွားခဲ့တယ် လို့လဲ စွဲချက်မှာ မပါဘူး။ အစိုးရ ဘက်မှာ သံသယ ရှိစရာ၊ တာဝန် ပေါ့လျှော့မှုတွေလဲ ရှိနေပြီး တိုင်းပြည်လဲ ဘာမှ မထိခိုက် အသေးအဖွဲ ကိစ္စသာ ဖြစ်တဲ့ အတွက် ဒီကိစ္စမှာ ပြစ်မှုကြောင်းအရ အရေးယူသင့် မသင့် သံသယရှိစရာတွေ အများကြီးပါ။ သံသယ အကျိုးကို တရားခံက ခံစား ထိုက်ပါတယ်။ အရေးမယူ သင့်ဘူး ဆိုတာ ပြည်သူ တွေက နားလည်ပါတယ်၊ အစိုးရက ဘာမှ မဖြစ်လောက်တဲ့ အသေးအဖွဲ ကိစ္စကို အကြီးအကျယ် လုပ်တာ နိုင်ငံရေး လုပ်ကြံမှု သက်သက်သာ ဖြစ်တယ် လွတ်ရက် စေ့နေတဲ့ အတိုက်အခံ ပါတီခေါင်းဆောင်ကို မလွှတ်ရဲလို့ အမှုဆင်တာ ဘဲလို့ မြင်ကြပါတယ်။ မယုံရင် လိုက်မေး ကြည့်ပါ။ တစ်ကမ္ဘာလုံး ကလဲ ဒီလိုဘဲ မြင်မှာဘဲလေ၊ ပိုဆိုးတာက မကျန်းမာတဲ့ ဒီအရွယ် အမျိုးသမီးကြီး တွေကို အနေအထိုင် ဆင်းရဲအောင် အင်းစိန်ထောင်ထဲ ထည့်ထားတာ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မပေးတာ တမင် ရောဂါတွေ ဖြစ်ပြီး သေအာင် လုပ်တာပါ။ ဒါကတော့ အစိုးရတစ်ရပ် အနေနဲ့ အတိုက်အခံ အပေါ် အာဏာရှိတုန်း တရားမဲ့ အနိုင်ကျင့် တာပါ။ အပြည်ပြည်ဆိုင်ရာ တရားရုံး ဆိုတဲ့ စကားကို နောင် ခဏခဏ ကြားလာရ လိမ့်မယ်။ အခုတောင် အရှေ့တီမောက စပြောလာ နေပြီ။ မကြားချင်ဘူး မဟုတ်လား။
နအဖရဲ့ ဒီလုပ်ဆောင်ချက်ဟာ ဥာဏ်ရှိ အမျှော်အမြင်ရှိတဲ့ လုပ်ရပ်လား၊ မိုက်မဲတဲ့ လုပ်ရပ်လား၊ မြန်မာပြည် တိုးတက် ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေသလား၊ အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အထောက်အကူ ဖြစ်စေသလား၊ မြန်မာ နအဖ အစိုးရနဲ့ မြန်မာ့ တပ်မတော် အပါအ၀င် မြန်မာလူမျိုးတွေ အတွက် ဂုဏ်တက် စေသလား၊ ၂၀၁၀ ရွေးကောက်ပွဲ အတွက် အထောက်အကူ ပြုသလား စသည်ဖြင့်လဲ စဉ်းစားကြပါဦး။
မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ အပြည်အပြည်ဆိုင်ရာက ငွေကြေး အကူအညီတွေ၊ လူသားချင်း စာနာတဲ့ အထောက် အပံ့တွေ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေ မလာတော့ ပါဘူး၊ မြန်မာပြည် ထွက်ကုန်ပစ္စည်း တွေကို ၀ယ်ယူ တင်သွင်းမှု ပိတ်ဆို့ထားတဲ့ Trade Sanction တွေ၊ မြန်မာ လူငယ်တွေရဲ့ အနာဂါတ် အလုပ်အကိုင် အခွင့်အလမ်း မျှော်လင့်ချက်တွေ ဆုံးရှုံး သွားပါပြီ၊ နအဖ အဆက်အနွယ် တွေကို ပြည်ဝင်ခွင့် ဗီဇာ တင်းကျပ်ထား တာတွေ ရုပ်သိမ်း ပေးဘို့လဲ ဝေးသထက် ပိုဝေးသွားပါပြီ ထင်ပါတယ်။ Anti-Sanction Campaign တို့ ဘာတို့လဲ သဲထဲရေသွန်ဘဲ မဟုတ် ဘူးလား။
အခုလို မြန်မာနိုင်ငံအတွက် အရေးကြီးနေတဲ့ အချိန်မှာ နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေး သေးဘဲ ထောင်ချလိုက် တာဟာ နအဖ တစ်ဦးတည်း ရေတို အကျိုးအတွက် မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူများရဲ့ ရေရှည် အကျိုးကို စတေးလိုက်တယ် ဆိုတာ ရှင်းပါတယ်၊ နအဖကြောင့် မြန်မာနိုင်ငံ အဖက်ဖက်က နစ်နာသွား စေတယ်၊ နအဖရဲ့ ဒီလုပ်ရပ်ဟာ အမျှော်အမြင် နည်း မိုက်မဲတဲ့ လုပ်ရပ်ဘဲ၊ ပြည်သူတွေ ပိုမို ကျပ်တည်းအောင် မြန်မာနိုင်ငံကို ဆင်းရဲတွင်းထဲ နက်သည်ထက် နက်အောင် တွန်းချလိုက် တာဘဲ ဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မပြောရဲ မပြောရလို့ပါ။ ပြည်သူတွေ ရင်ထဲမှာ ဘာတွေ ဖြစ်နေလဲ ၀င်ကြည့်ကြ စမ်းပါဗျာ။