ဒေါ်အောင်ဆန်းစုကြည်နှင့် အပြောင်းအလဲ
(ဇူလိုင် ၂၃ Economist စာစောင်မှ ဖော်ပြထားတဲ့ The Lady should be for turning ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် တင်ပြ လိုက်တာပါ။)
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့စာ စစ်တပ်က အောင်ဆန်းစုကြည်ကို နေအိမ်မှာ အကျယ်ချုပ်စချခဲ့တာ အနှစ် နှစ်ဆယ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီအချိန်က စပြီး မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်ဟာ နေအိမ်မှာ ၁၃ နှစ်ကျော် အကျယ်ချုပ် ချခံခဲ့ရတယ်။ အခုတော့ အင်းစိန် ထောင်ထဲမှာ ရောက်နေပြီး သူ့အိမ်ထဲမှာ အမေရိကန် ငကြောင် တစ်ကောင်ကို လက်ခံထား တာကြောင့် အကျယ်ချုပ် ချထားတဲ့ စည်းကမ်းကို ချိုးဖောက်တယ် ဆိုပြီး တရားစွဲခံနေရပြီ။ ဒေါ်စုကြည်ဟာ အချိန်အတော်ကြာကြာ ဒီကစားပွဲကြီးမှာ ၀င်ပါခဲ့တာပါ။ စစ်တပ်ကလည်း ဒီလိုပါပဲ။ သူတို့က ၁၉၆၂ ခုနှစ်ထဲက အာဏာ သိမ်းခဲ့တယ်။ ၁၉၈၈ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အင်မတန် ထူးခြားပြီး ရဲရင့်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု နှစ်ခုကို နှိမ်နင်းခဲ့တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် နိုင်ခဲ့တဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုခဲ့တယ်။
အသက် ၆၄ နှစ်ရှိပြီ ဖြစ်တဲ့ ဒေါ်စုကြည် ကတော့ အာဏာသိမ်း စစ်အစိုးရ အနေနဲ့ အဲဒီ ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့နဲ့ နှစ်ထောင့် တစ်ရာလောက် ရှိမယ့် နိုင်ငံရေး အကျဉ်းသား ဆိုသူတွေကို လွှတ်ပေးဖို့ မယိမ်းမယိုင် ခိုင်ခိုင်မာမာ တောင်းဆို နေတုံးပဲ။ နောက်ပြီး ဟိုတုံးကထဲက နေပြီး မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့၊ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေကို ဖိအား ပေးဖို့ နိုင်ငံတွေကို တောင်းဆို နေခဲ့တယ်။ အနောက် နိုင်ငံတွေကလည်း ဒီတောင်းဆိုချက်ကို စစ်အစိုးရ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ တုန့်ပြန်ခဲ့တယ်။ သိပ်မကြာခင် တုံးကပဲ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာအပေါ် နောက်ထပ် ငွေကြေးအရ အရေးယူမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ပြန်တယ်။
ဒေါ်စုကြည်ရဲ့ သတ္တိနဲ့ပတ်သက်ပြီး ဘာမှ သံသယ ရှိစရာ မလိုဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ် လောက်တုံးက ကွယ်လွန် ကာနီး သူ့ခင်ပွန်းကို သွားတွေ့ခွင့် ပေးတာကို ငြင်းပယ်ခဲ့တယ်။ သူ့ခင်ပွန်းကို သူဘယ်တော့မှ ပြန်မတွေ့ ရတော့ဘူး။ သားနှစ်ယောက်က အမေနဲ့ မတွေ့ရတာ နှစ်တွေ အများကြီး ကြာခဲ့ပြီ။ သူမရဲ့ စိတ်ဓာတ်ကြောင့် သူမဟာ ဒလိုင်းလားမား၊ မန်ဒဲလားတို့နဲ့ တစ်တန်း တစ်စားတည်း အသိအမှတ် ပြုခံနေရတယ်။ သူက မြန်မာ ပြည်တွင်းမှာ ဒီမိုကရေစီ မျှော်လင့်ချက်တွေ ရှင်သန် နေအောင် နိုင်ငံတကာမှာ မြန်မာနိုင်ငံ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင် လာအောင် လုပ်ပေး နိုင်တဲ့သူ ဖြစ်တယ်။ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ပြယုဂ်လည်း ဖြစ်တယ်။
စစ်အစိုးရက သူ့အပေါ် တရားစွဲထားတဲ့ အပေါ် တရားရုံးက ဆုံးဖြတ်ချက်ချဖို့ အတွက် ရက်သတ္တပတ် အတော် ကြာကြာ နှောင့်နှေး နေခဲ့တယ်။ ဒါကလည်း အာဆီယံ အစည်းအဝေး ကာလမှာ အဖွဲ့ဝင်တွေကို မျက်နှာ မပျက်စေချင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်စုကြည်ကို အချိန် အတော် ကြာကြာ ထောင်ထဲမှာ ထားလိမ့်မယ်လို့ လူအတော် များများက ထင်နေ ကြတယ်။ သူ့အိမ်ကို သိမ်းပြီး ဖျက်လိုက် တာလည်း ခံရနိုင်တယ်။ နောက်နှစ်မှာ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ အရပ်သား အစိုးရနောက်က စစ်တပ်က ကြိုးကိုင်နိုင်ဖို့ သေချာအောင် လုပ်တာ ဖြစ်ပြီး ဒေါ်စုကြည် ကတော့ အဲဒီလိုအဖြစ် မခံဖို့ ဆုံးဖြတ်ထားတယ်။
ဒါဟာ ဒေါ်စုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ အတွက် အတော် ရှည်လျားတဲ့ တိုက်ပွဲဖြစ်မှာပဲ။ ဒါပေမယ့် အဲဒီလို လုပ်တာမှန်ပါ့မလား။ မမှန်ဘူးလို့ ထင်တဲ့သူတွေ ကလည်း တစ်ဖြေးဖြေး များလာ နေတယ်။ ဘာလို့လည်း ဆိုတော့ ဒီနည်းလမ်းဟာ ဒီလိုပဲ ထပ်ပြန်တလဲလဲနဲ့ ငြီးငွေ့စရာ ဖြစ်နေပြီလေ။ ကမ္ဘာက လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အတွက် တောင်းဆိုမယ်။ ကုလသမဂ္ဂက အထူးသံတမန် လွှတ်မယ် ။ အစိုးရက သူ့ကို ချွေးသိပ်လွှတ် လိုက်မယ်။ ဒေါ်စုကြည်လည်း ဆက်ပြီး အချုပ် အနှောင် ခံနေရမယ်။ ဒါပဲ။ ပြီးခဲ့တဲ့ လဆန်းတုံးက ဘန်ကီမွန်း ခရီးစဉ်မှာ ဒေါ်စုကြည်နဲ့ တွေ့ခွင့်တောင် မရဘဲ ပြန်လာခဲ့ရ တယ်။
ဒီလို ဖြစ်နေတာဟာ အချည်းနှီး ဖြစ်တဲ့ခရီးသာ မကဘူး။ သဘာဝ ဓာတ်ငွေ့၊ သစ်တောနဲ့ ကျောက်မျက် ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ ပြိုင်ဖက်နှစ်ဦး ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယက စစ်ခေါင်းဆောင်တွေကို ချော့ပေါင်း နေကြတယ်။ မြန်မာ လူ့မလိုင် တွေက ဘန်ကောက်မှာ အိမ်တွေ၊ ဘဏ်စာရင်းတွေ ဖွင့်ထားကြတယ်။ ရုရှားက လက်နက်တွေ ရောင်းပေးနေတယ်။ တရုတ်ကလည်း ဒီလိုပဲ လုပ်နေတယ်။ အဲဒီ နှစ်နိုင်ငံလုံးက လုံခြုံရေး ကောင်စီမှာ မြန်မာဘက်က ကာကွယ် ပေးနေတယ်။ ဒီတော့ မြန်မာက ကမ္ဘာကြီးနဲ့ ဆက်ဆံခွင့် ရနေတုံးပဲ။ ဒါပေမယ့် သူတို့ ဆက်ဆံနေတဲ့ လူတွေက လောဘကြီးတဲ့ လူတွေ၊ အကျင့်မကောင်းတဲ့ လူတွေ ဖြစ်နေတယ်။ ဟီလာရီကလင်တန်က ပထမအကြိမ် အာရှကို လာတုံးမှာ ပိတ်ဆို့ အထီးကျန် ထားရေးမူဟာ စစ်အစိုးရ အပေါ်မှာ အလုပ်မဖြစ်ဖူးလို့ ၀န်ခံခဲ့တယ်။ အမေရိကန်တွေက သူတို့ရဲ့ မြန်မာနိုင်ငံ မူဝါဒကို ပြန်လည် သုံးသပ်နေတုံးလို့ ဆိုပေမယ့် ဒေါ်စုကြည်အမှုနဲ့ ပတ်သက်ပြီး အမေရိကန်တွေက ခတ်မဆိပ်နေတာကို ထောက်ရင် သူတို့ထဲမှာလည်း ဘာလုပ် ရမှန်းမသိ ဖြစ်နေပုံပဲ။ တကယ်တော့ အမေရိကန်နဲ့ မြန်မာကြားမှာ လုံးဝထိတွေ့ ဆက်သွယ်မှု မရှိတော့ အမေရိ ကန်ရဲ့ Soft Power ကလည်း ဘာမှ သုံးမရဘူး ဖြစ်နေပါတယ်။
အဲဒီထက် ပိုဆိုးတာက ကုလသမဂ္ဂက စပြီး ကျန်တဲ့သူတွေက မြန်မာ့အရေးကို ဒီမိုကရေစီ မှန်ဘီလူး တစ်ခုထဲနဲ့ပဲ ကြည့်နေတာပဲ။ သူတို့က ဖွံ့ဖြိုး တိုးတက်ရေး ဆိုတာတောင် သိပ်အလေးမထားဘူး။ ရောဂါ ဖြစ်ပွားနှုန်းတွေ၊ မွေးကင်းစ ကလေး သေနှုန်းတွေ မြင့်မားပြီး အကူအညီ လိုနေတဲ့ နိုင်ငံတစ်နိုင်ငံကို အဲဒီလို ချဉ်းကပ်တာဟာ ဦးစားပေးမှု လွဲနေတယ်လို့ သက်သက် ညှာညှာ ပြောရမှဖြစ်ပြီး မထောက်မညှာ ပြောရရင်တော့ ရှက်ဖို့ ကောင်းတယ်လို့ ဆိုရမှာပါ။ ဒီချဉ်းကပ်မှုက ဖွံ့ဖြိုး တိုးတက်မှုရှိရင် အဲဒီနိုင်ငံရဲ့ အုပ်ချုပ်ပုံစနစ် ဘယ်လောက် ကောင်းသွား နိုင်တယ်ဆိုတဲ့ အချက်ကို လျစ်လျူ ရှုထားတာ ဖြစ်တယ်။ နာဂစ်အပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ လူသားချင်း စာနာ ထောက်ထားမှု အကူ အညီတွေကြောင့် လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေရဲ့ အခန်းကဏ္ဍ တိုးမြင့်လာတာကို တွေ့ခဲ့ရတာ တောင်မှ ဂျပန်ကလွဲရင် တစ်ခြား နိုင်ငံတွေက မြန်မာနိုင်ငံကို ပေးတဲ့ အကူအညီတွေဟာ တစ်ခြား ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေကို ကူညီတာနဲ့ ယှဉ်လိုက်ရင် မဖြစ်စလောက်ပဲ ရှိပါတယ်။
မြန်မာနိုင်ငံမှာ အရှေ့ဥရောပမှလို အရောင် တော်လှန်ရေးတွေ ဖြစ်လာမယ်လို့ ထင်ရင်တော့ မှားလိမ့်မယ်။ သန့်မြင့်ဦးကတော့ ဒီလိုယူဆတာဟာ အခြေအနေ တစ်ခုလုံးကို ခြုံပြီး မမြင်နိုင်လို့ ပြောတာပဲလို့ ထောက်ပြတယ်။ အစိုးရရဲ့ အထီးကျန် နေလိုမှု၊ ပြည်ပ ဆက်ဆံမှုတွေ အပေါ် သံသယရှိမှုတွေဟာ ရာစုနှစ်နဲ့ ချီခံခဲ့ရတဲ့ ဗြိတိသျှတွေရဲ့ ကျူးကျော်မှု၊ လွတ်လပ်ရေး ရပြီးနောက်မှာ အမေရိကန် ကျောထောက် နောက်ခံပေးတဲ့ တရုတ်ဖြူ ကျူးကျော်မှု တွေရဲ့ အကျိုးဆက် ဖြစ်တယ်လို့ သူကဆိုတယ်။ လွတ်လပ်ရေး ရပြီးထဲက စစ်တပ်ဟာ ကွန်မြူနစ်နဲ့ လူမျိုးစု သူပုန် ဒါဇင်ပေါင်း များစွာနဲ့ ရင်ဆိုင်ခဲ့ ရတယ်။ ၁၉၉၀ နောက်ပိုင်း ကြမှသာ နှစ်ဖွဲ့လွဲပြီး ကျန်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရခဲ့တာပါ။
တကယ်တော့ လွတ်လပ်တဲ့ မြန်မာနိုင်ငံဟာ စုစည်းတဲ့ နိုင်ငံ အဖြစ်ကို မရခဲ့ပါဘူး။ အစောပိုင်း ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် ကာလမှ သောင်းကျန်းမှုတွေ အများကြီး ပေါ်ခဲ့တယ်။ မူးယစ် ဆေးဝါး ရောင်းဝယ်မှုက ရတဲ့ငွေတွေ၊ မှောင်ခိုလုပ်ငန်း ရတဲ့ငွေတွေနဲ့ လည်ပတ်နေတဲ့ တိုက်ခိုက်မှုတွေဟာ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး စစ်ပွဲတွေလည်း ဖြစ်တယ်။ ဒါတွေကို မဆိုသလို လျစ်လျူ ရှုထားလို့ မရနိုင်ပါဘူး။ အာရှမှာ ပိတ်ဆို့ ဒဏ်ခတ်မှု တွေကြောင့် ဒီမိုကရေစီ စနစ်ကို ကူးပြောင်း နိုင်ခဲ့တာ ဘယ်တုံးကမှ မရှိခဲ့ဘူး။ အနောက် နိုင်ငံတွေကသာ မူပြောင်းပြီး ပိတ်ဆို့မှုတွေ အစား ထိတွေ့ ဆက်ဆံမှုတွေ လုပ်ရင် ဘာဖြစ် လာမလဲ။ စဉ်စား ကြည့်ရအောင်။ မြန်မာ ခေါင်းဆောင်တွေက တရုတ်၊ ဗီယက်နမ်တို့လို ဖွံ့ဖြိုး တိုးတက်ဖို့ လိုလား နေတယ်။ အဲဒီလို ဖြစ်ချင်တယ်လို့ ပြောနေတယ်။ အဲဒီနိုင်ငံတွေနဲ့ မြန်မာ ကွာတာဆိုလို့ မြန်မာ အစိုးရမှာ ( အနောက်က ) အသိအမှတ် ပြုခံရတဲ့ တရားဝင်မှု (Legitimacy ) မရှိတာပဲ ဖြစ်တယ်။ ဒါ့ကြောင့် သန့်မြင့်ဦးက ဖွံ့ဖြိုးတိုးတက်မှု အကူအညီတွေဟာ နိုင်ငံရေး အခြေအနေမှာ အပြောင်းအလဲတွေ ဖြစ်အောင် လုပ်ပေးလိမ့်မယ်။ အင်ဒိုနီးရှားမှာ ဒီလိုပဲ ဖြစ်ခဲ့ပြီလို့ ပြောတယ်။ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီတာဟာ ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့ အတွက် အမြန်ဆုံး နည်းလမ်းပဲ။ ဒါပေမယ့် သတ္တိကောင်းတဲ့ အမျိုးသမီး အနေနဲ့ အဲဒါကို ၀န်ခံ နိုင်ပါ့မလား။
Posted by ပိတောက်မြေ at 12:08:00 AM 15 comments