( ဇူလိုင် ၂၄ Asia Time မှာ သြစတေးလျနိုင်ငံ Monash တက္ကသိုလ်က Dr James Gomez ရေးတဲ့ Why Myanmar’s elections will work ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဖော်ပြလိုက်ပါတယ်။ )
အခုတစ်လော မြန်မာနိုင်ငံကို အခါခါသွားခဲ့တဲ့ ဘယ်ခရီးသွား ဧည့်သည်မဆို အပြောင်းအလဲတွေကို သတိပြုမိမှာပါ။ ဟိုတုံးကထက် စာရင် လမ်းတွေ ပိုကောင်းလာတယ်။ နေပြည်တော်ကို သွားတဲ့ အမြန် လမ်းမကြီးမှာ ကားနံပါတ်နဲ့ အမျိုး အစားတွေကို ကွန်ပြူတာနဲ့ မှတ်တမ်းတင်ပြီး ဖြတ်သန်းခတွေ ယူနေတယ်။ မြို့ကြီးတွေမှာ SIM Card တွေကို ဒေါ်လာ ၂၀၊ ၂၅ နဲ့ လွယ်လွယ် ၀ယ်လို့ ရလာတဲ့ အတွက..........
( ဇူလိုင် ၂၄ Asia Time မှာ သြစတေးလျနိုင်ငံ Monash တက္ကသိုလ်က Dr James Gomez ရေးတဲ့ Why Myanmar’s elections will work ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဖော်ပြလိုက်ပါတယ်။ )
အခုတစ်လော မြန်မာနိုင်ငံကို အခါခါသွားခဲ့တဲ့ ဘယ်ခရီးသွား ဧည့်သည်မဆို အပြောင်းအလဲတွေကို သတိပြုမိမှာပါ။ ဟိုတုံးကထက် စာရင် လမ်းတွေ ပိုကောင်းလာတယ်။ နေပြည်တော်ကို သွားတဲ့ အမြန် လမ်းမကြီးမှာ ကားနံပါတ်နဲ့ အမျိုး အစားတွေကို ကွန်ပြူတာနဲ့ မှတ်တမ်းတင်ပြီး ဖြတ်သန်းခတွေ ယူနေတယ်။ မြို့ကြီးတွေမှာ SIM Card တွေကို ဒေါ်လာ ၂၀၊ ၂၅ နဲ့ လွယ်လွယ် ၀ယ်လို့ ရလာတဲ့ အတွက် မိုဘိုင်းဖုန်း သုံးရတာ အရင်ကထက် ပိုဈေးပေါလာပြီး ကျယ်ကျယ် ပြန့်ပြန့် သုံးနိုင် လာကြတယ်။ ဆိုင်ရှင်တွေက လာသုံးတဲ့ လူတွေ အားလုံးကို မှတ်တမ်းထား နေရပေမယ့် အင်တာနက် ကဖေးတွေက တစ်နိုင်ငံလုံးမှာ အပြိုင်အဆိုင် ဖွင့်နေပြီး အလုပ်လည်း ဖြစ်ကြတယ်။
မြို့တော်ဟောင်း ရန်ကုန်မှာ နိုင်ငံခြားသားတွေ အတွက် ၀န်ဆောင်မှု ပေးတဲ့ အိမ်ခန်းတွေ၊ အဆင့်မြင့် ဟိုတယ်တွေ အပါအ၀င် ခေတ်မီ အဆောက်အဦတွေ ဘွားကနဲ ပေါ်လာနေတယ်။ ဈေးဆိုင်တွေမှာ ကုန်ပစ္စည်းတွေ ပိုစုံလာပြီး လမ်းပေါ်မှာ တွေ့ရတဲ့ ပြန်မွမ်းမံ ထားတဲ့ ဂျပန်ကားတွေ ကလည်း အရင်ကားတွေ ထက်ပိုပြီး သစ်လာတယ်။ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက ခေတ်မီ ကဖေးဆိုင်တွေ၊ ဈေးကြီးတဲ့ ဟိုတယ်တွေထဲက ဘားတွေမှာ သုံးနိုင်၊ ဖြုန်းနို်င်တဲ့ လူတွေလည်း များလာတယ်။ ဒါပေမယ့် ဒီလူတွေက သူတို့ ကလေးတွေကို နိုင်ငံခြားက ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ ထားနိုင်တဲ့ တရုတ်သွေး ပါတဲ့လူတွေ၊ နောက်ပြီး ထိပ်တန်း ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ ဖြစ်တယ်။ ဒါပေမယ့် အခုတစ်လော မြန်မာ နိုင်ငံမှာ တက်တက် ကြွကြွ လှုပ်ရှားနေတဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ နိုင်ငံခြား အဖွဲ့အစည်းတွေမှာ လုပ်နေပြီး နိုင်ငံတကာ အဆင့်မီမီ နေနိုင်တဲ့ နောက်ထပ် အုပ်စုသစ် တွေလည်း ပေါ်လာနေပြီ။
စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အကြောင်းပြပြီး တရားဝင်မှုကို ယူလေ့ရှိတဲ့ တစ်ခြား ဖိနှိပ်တဲ့ အစိုးရတွေလိုပဲ မြန်မာ အစိုးရက လိုက်လုပ် နေတာပါ။ ဒီအစိုးရ လက်ထက်မှာ ရလာတဲ့ အသင့်အတင့်ရှိတဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ အသီးအပွင့် ကိုတော့ လူအတော်များများက သတိမပြုမိကြဘူး။ မြန်မာနိုင်ငံဟာ ဆင်းရဲ နွမ်းပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင် နေရဆဲ ဖြစ်ပြီး အဂတိ လိုက်စားမနဲ့၊ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ကြောင့် ပြဿနာတွေ ရှိနေပေမယ့် စီးပွားရေး ဖွံ့ဖြိုးမှု တချို့ကတော့ မှတ်သား လောက်အောင် ရနေတယ်။ မြန်မာနိုင်ငံက လူတစ်ချို့လိုပဲ အဲဒီလို မြေပြင်မှာ ဖြစ်နေတဲ့ အခြေ အနေတွေကို မျက်ကွယ်ပြု ထားမယ် ဆိုရင်တော့ အနောက်အုပ်စုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ အတွက် ကြိုးပမ်း နေမှုတွေဟာ အဟောသိကံ ဖြစ်ကုန်မှာပဲ။
အနောက် နိုင်ငံတွေက ၂၀၁၀ ရွေးကောက်ပွဲဟာ အတုအယောင်ပဲလို့ ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်ပေမယ့် စင်္ကာပူနဲ့ တရုတ်လို နိုင်ငံရေးအရ တင်းတင်း ကျပ်ကျပ် ထိန်းချုပ်၊ စီးပွားရေးကို ဖွံ့ဖြိုးအောင် လုပ်ဆိုတဲ့ မူဝါဒကို ကျင့်သုံးနေတဲ့ နိုင်ငံတွေက မြန်မာ အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲကို ဆက်လုပ်ဖို့ အားပေး တိုက်တွန်းနေတယ်။ စင်္ကာပူဟာ သူ့အတွေ့ အကြုံအရ ပုံမှန်ကျင်းပနေတဲ့ ရွေးကောက်ပွဲတွေဟာ တင်းတင်း ကျပ်ကျပ်နဲ့ ပရိယာယ် ကြွယ်ကြွယ် အုပ်ချုပ်နေတဲ့ သူ့ရဲ့ အာဏာရှင် စနစ်ကို နိုင်ငံတကာ အမြင်မှာ တရားဝင်မှု ရစေတယ် ဆိုတာကို နားလည်တယ်။ အဲဒီလို ရွေးကောက်ပွဲကို လုပ်လိုက်ခြင်း အားဖြင့် ဒေသတွင်း မြန်မာနိုင်ငံရဲ့ ရပ်တည်မှု ပိုကောင်း လာစေမှာလည်း ဖြစ်တယ်။
မြန်မာ စစ်အာဏာပိုင်တွေရော၊ သူ့မိတ်ဆွေ တရုတ်နဲ့ စင်္ကာပူတို့ပါ စီးပွားရေး အခြေအနေ အဆင်ပြေ နေမှုတွေက လူတွေကို စစ်အစိုးရဘက် ပိုပြီး ယိမ်းလာအောင် လုပ်ပေး နိုင်တယ် ဆိုတာကို သိတယ်။ ဘယ်လောက် စီးပွားရေး တိုးတက် နေတယ် ဆိုတာကတော့ အငြင်းအခုံ လုပ်ရမယ့်ကိစ္စ ဖြစ်ပေမယ့် မြေပြင်မှာတော့ ဒီလို တိုးတက်မှုတွေ ရှိတယ် ဆိုတာကို တွေ့နိုင်တယ်။ ၂၀၀၇ စက်တင်ဘာ ဆန္ဒပြမှုများကို ပြင်းပြင်း ထန်ထန် အင်အားသုံးပြီး နှိမ်နင်း ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လူတွေက တရုတ်၊ စင်္ကာပူတို့လို တင်းတင်း ကျပ်ကျပ် အုပ်ချုပ်ပေမယ့် စီးပွားရေး ဖွံ့ဖြိုးမှုကို ပေးနိုင်တဲ့ အုပ်ချုပ်ပုံ စနစ်မျိုးကို လက်ခံဖို့ ပိုပြီး အသင့် ဖြစ်လာနေတယ်။
ကျွန်တော်နဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ လူတွေကတော့ စစ်တပ် အုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး မကြိုက်ပေမယ့် ရွေးစရာမရှိ ဘူးလို့ စိတ်မသက်မသာနဲ့ တုန့်ပြန်ကြတယ်။ တစ်ချို့တွေ ကတော့ စစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေက သယံဇာတတွေ ရောင်းလို့ ရတဲ့ငွေတွေနဲ့ စီးပွားရေး လုပ်ငန်းတွေက ရတဲ့ငွေတွေ အားလုံးကိုသာ အိပ်ကပ်ထဲ မထည့်ဘူး ဆိုရင် စစ်တပ် အုပ်ချုပ်တာကို လက်ခံနိုင်တယ်လို့ ဆိုတယ်။ တစ်ချို့ ကတော့ တစ်ဝက် လောက်ပဲ ယူပြီး ကျန်တာကို အားလုံးအတွက် အကျိုး ရှိမယ့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးမယ်ဆိုရင်လည်း မဆိုးပါဘူး၊ လက်ခံ နိုင်ပါတယ်လို့ ပြောတယ်။ ဒီအမြင်တွေဟာ လူတွေက တရုတ်၊ စင်္ကာပူ၊ ဗီယက်နမ်တို့လို တင်းတင်း ကျပ်ကျပ် အုပ်ချုပ်ပေမယ့် စီးပွားရေး အရ အလုပ် ဖြစ်နေတဲ့ နိုင်ငံတွေရဲ့ ပုံစံမျိုးကို နှစ်သက်နေမှုကို ဖော်ပြလိုက် တာပဲ ဖြစ်တယ်။ အစိုးရ မီဒီယာတွေ ကလည်း အဲဒီနိုင်ငံတွေ အကြောင်းကို အသားပေး ပြောလေ့ ရှိတယ်။
စင်္ကာပူကို အုပ်ချုပ်နေတဲ့ ပီအေပီပါတီအစိုးရဟာ သူတို့ကို ဖိနှိပ်နေတဲ့ အစိုးရနဲ့ စီးပွားရေးလုပ်၊ လက်နက်တွေ ရောင်းလုပ် နေတာတောင် မြန်မာ လူမျိုးတွေက ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ စင်္ကာပူမှာ သွားပြီး အလုပ်လုပ် လိုကြတယ်။ စင်္ကာပူ အစိုးရက မြန်မာ အလုပ်သမား ဘယ်လောက် ရှိတယ်ဆိုတာ မပြောပေမယ့် တစ်နှစ်ထက် တစ်နှစ် ပိုများ လာတာကတော့ သေချာတယ်။ တရုတ် နှစ်သစ်ကူး၊ ခရစ်စမတ် ကာလတွေမှာ ဆိုရင် မြန်မာနိုင်ငံ ပြန်ဖို့တောင် လက်မှတ် ရဖို့ အတော် ခက်တယ်။ ဒီလိုပဲ မြန်မာတွေက စစ်အစိုးရကို စီးပွားရေး၊ နိုင်ငံရေးအရ ထောက်ခံနေတဲ့ တရုတ်ရဲ့ စီးပွားရေး ဖွံဖြိုး တိုးတက်မှုကိုလည်း အားကျ နေကြတယ်။
အခုပြောတာတွေက မခိုင်မာဘူး၊ ယျေဘူယျ ဆန်တယ်လို့ ပြောချင် ပြောနိုင်ပါတယ်။ သို့သော် ဒါတွေဟာ အင်မတန် အရေးကြီးတဲ့ နိုင်ငံရေး သဘောထား အပြောင်းအလဲ တစ်ခုရဲ့ ကနဦး အရိပ် လက္ခဏာတွေ ဖြစ်တယ်။ သို့ပေမယ့် အမေရိကန်နဲ့ ဥရောပသမဂ္ဂ၊ နောက်ပြီး ဒီမိုကရေစီနဲ့ ပြုပြင် ပြောင်းလဲရေးကို လှုံ့ဆော် နေသူတွေ ကတော့ ဒါတွေကို လျစ်လျူရှုထား ထားကြတယ်။ အနောက် အင်အားကြီး နိုင်ငံတွေက ဗိုလ်ချုပ်တွေထက် သာမန် အောက်ခြေ ပြည်သူတွေကို ပိုပြီး ထိခိုက်တယ်လို့ တစ်ချို့ဝေဖန်တာကို ခံရတဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှု တွေကိုပဲ ဆက်လုပ်နေကြတယ်။
ဒါပေမယ့် ဒီလိုအချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင် အမေရိကန်က ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ပြန်စနိုင်မယ်လို့ ကမ်းလှမ်း လိုက်တော့ မြန်မာ့အရေး လေ့လာသူတွေ တော်တော် များများ အံ့အားသင့် သွားကြတယ်။ ဒီလိုရင်းနှီး မြှုပ်နှံတွေ လုပ်တာဟာ စစ်တပ် ဦးဆောင်နေတဲ့ ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းတွေကို ကူညီ အားပေးသလို ဖြစ်သွားမှာကိုး။ အနောက်နိုင်ငံက ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေးကို ကူညီနေတဲ့ အဖွဲ့အစည်းတွေဟာ ဆယ်စုနှစ် များစွာကြာအောင် ပြည်တွင်းက အောက်ခြေ လူထုတွေကြားမှာ ဒီမိုကရေစီ ကျင့်စဉ်တွေ ပေါ်လာအောင် လုပ်ဖို့ ဆိုတဲ့ လုပ်ငန်းကို ပစ်ပယ်ထားခဲ့ပြီး ပြည်ပ အခြေစိုက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကိုပဲ အကူအညီတွေ ပေးနေခဲ့တာပါ။ နာဂစ် မုန်တိုင်းအပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက ပေးတဲ့ အကူအညီတွေကြောင့် လူထုအခြေခံ အဖွဲ့အစည်းတွေ ပေါ်ပေါက် လာတယ်လို့တော့ ပြောကြတယ်။ ဒါပေမယ့် ဒီအဖွဲ့တွေဟာ ဒီမိုကရေစီ မြှင့်တင်ရေးနဲ့ နဲနဲပါးပါးပဲ သက်ဆိုင်ပါတယ်။
အဲဒီလို နိုင်ငံတကာ အသိုင်းအ၀န်းက ပစ်ပယ်ထားမှု၊ နိုင်ငံရေး လှုပ်ရှားမှုတွေကို အစိုးရက အရေးယူမှာကို ကြောက်ရွံ့မှု တွေကြောင့် လူတွေက စင်္ကာပူလို၊ တရုတ်လို အုပ်ချုပ်ရေး ပုံစံမျိုးက ကောင်းပါတယ် ဆိုတဲ့ အမြင်မျိုးတွေ ဖြစ်လာ တာပဲ။ ပြည်တွင်းက အစိုးရကို ဆန့်ကျင် လှုပ်ရှားနေတဲ့ အဖွဲ့တွေရဲ့ မဟာဗျူဟာ အများစုကတော့ သာရေးနာရေး လုပ်လိုက်၊ တောင်းဆိုချက်တွေ တင်လိုက်၊ နေ့ကြီးရက်ကြီးတွေမှာ အစည်းအဝေး လုပ်လိုက် ဆိုတာလောက်ပဲ ရှိပါတယ်။ ဒီလို လုပ်နေ တာတွေဟာ ရွေးကောက်ပွဲကနေတဆင့် နိုင်ငံရေးအရ တင်းတင်း ကျပ်ကျပ် ချုပ်ကိုင်၊ စီးပွားရေး ဖွံ့ဖြိုးအောင်လုပ် ဆိုတဲ့ လမ်းကြောင်းကို သွားဖို့လုပ်နေတဲ့ အစိုးရ လုပ်ဆောင်ချက်တွေကို တားဆီး နိုင်စွမ်း နည်းနည်း ပါးပါးပဲ ရှိနိုင်ပါတယ်။
အဲဒီလိုဖြစ်သွားရင် လာမယ့် ရွေးကောက်ပွဲမှာ ၁၉၉၀ တုံးက အင်န်အယ်လ်ဒီက အပြတ် အသတ်နိုင် သလို စစ်တပ် ဘက်တော်သား ပါတီတွေနဲ့ ကိုယ်စားလှယ်တွေက အပြတ်အသတ် နိုင်သွားမှာပဲ။ အဲဒါဆိုရင် စစ်တပ် လုပ်ချင်တဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ မြန်မာနိုင်ငံမှာ ပေါ်လာတော့မှာပဲ။ ဒါကို မြန်မာနိုင်ငံ ပြင်ပက လူအတော် များများ ကတော့ လက်ခံနိုင်မှ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီ မကြိုက်ဖူး ဆိုတဲ့လူတွေ အတွက် စိတ်ညစ်စရာ ပြဿနာကတော့ စီးပွားရေး အဆင်ပြေဖို့အရေးကြီးနေတဲ့ လူထုကတော့ အဲဒါကို လက်ခံကြလိမ့်မယ် ဆိုတာပါပဲ။
http://padaukmyay.blogspot.com/