Monday, July 27, 2009

နှလုံးသား ဒီမိုကရေစီ

Literature - Vol.2 No.43
User Rating: / 0
PoorBest
ငြိမ်းချမ်းသာယာဝပြောမှုကို သင်တို့လိုလားသည်ဆိုလျှင် သင်တို့ကျင့်သုံးရမည့် တရားသည် အပြန်အလှန် ကျေးဇူးပြုရမည့် တရားဖြစ်သည်။ လူ၏ အတွင်းမျက်နှာစာသည် မိမိဖြစ်သည်ဆိုက အပြင်မျက်နှာစာသည် အခြားသက်ရှိများနှင့် သက်မဲ့လောကတို့ ဖြစ်သည်။ မိမိနှင့် အခြားသက်ရှိဟု ဆိုရာတွင် မိဘနှင့်သားသမီးလည်း ဖြစ်နိုင်သည်။ ညီအစ်ကို မောင်နှမချင်းလည်း ဖြစ်နိုင်သည်။ ဇနီးနှင့်ခင်ပွန်းသည်လည်း ဖြစ်နိုင်သည်။

တစ်ပြည်ထောင်နှင့် တစ်ပြည်ထောင်လည်း ဖြစ်နိုင်သည်။ မိမိနှင့် သက်မဲ့လောကဟု ဆိုရာတွင် မိမိနှင့်ပင်လယ်ကြီးလည်း ဖြစ်နိုင်သည်။ မိမိနှင့် စပါးခင်းကြီးလည်း ဖြစ်နိုင်သည်။ မိမိနှင့်ထိစပ်သမျှ သက်ရှိသက်မဲ့ အရာအားလုံးသည် လောကဖြစ်သည်။ မိမိနှင့်လောကသည် ထိစပ်လျက်ရှိသည်။ ထို့ကြောင့် အပြန်အလှန်အားဖြင့် ကျေးဇူးပြုနေသောနေရာသည် မိမိနှင့်လောက ထိစပ်နေသော နေရာတိုင်းနှင့် သက်ဆိုင်သည်။ အပြန်အလှန်အမှီပြုရာ ပေါင်းစည်းရာနေရာဖြစ်သည်။ ယင်းသို့အပြန်အလှန် ကျေးဇူးပြုလျှင် ဘဝပုံစံကျသည်ဟုဆိုရပေမည်။ ဘဝပုံစံကျမှုနှင့် အတူတရားမှုဖြင့် အပြန်အလှန်ကျေးဇူးပြုခြင်းသည် ဒီမိုကရေစီ၏ ပထမအဆင့်ဖြစ်သည်။ လောကထဲသို့ရောက်လာသော မိမိတို့အား မိမိဆန္ဒရှိရာကို ကြိုးပမ်းရှာဖွေကြသည်။ ထိုသို့ကြိုးပမ်းရှာဖွေရာတွင် မိမိရခွင့်ရှိသည့် အတိုင်းအတာနှင့် မိမိရခွင့် ရှိသလောက်ကိုသာ ကြိုးပမ်းရှာဖွေရသည်။ တစ်နည်းဆိုသော် လောကကို မထိခိုက်စေသောနည်းဖြင့်သာ ကြိုးပမ်းရသည်။ လောကကို မထိခိုက်စေသောနည်းဖြစ်စေရန် တရားမှုသည် လိုအပ်သည်။ အပြန်အလှန်တရားမှုဖြင့်ကျေးဇူးပြုကြမှသာ မိဘသည်လည်းမိဘအဖြစ် သားသမီးသည်လည်းသားသမီးအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ ဇနီးသည်လည်း ဇနီးသည်အဖြစ်၊ ခင်ပွန်းသည်လည်း ခင်ပွန်းသည်အဖြစ်ရပ်တည်နိုင်မည် ဖြစ်သည်။ ဆရာသည်လည်းဆရာအဖြစ်၊ တပည့်သည်လည်း တပည့်အဖြစ်ရပ် တည်နိုင်မည်ဖြစ်သည်။ တစ်ပြည်ထောင်သည်လည်း တစ်ပြည်ထောင်အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ ပင်လယ်ကြီးသည်လည်း ပင်လယ်ကြီးအဖြစ်ရပ် တည်နိုင်မည်ဖြစ်သည်။ စပါးခင်းကြီးသည်လည်း စပါးခင်းကြီးအဖြစ်ရပ်တည် နိုင်မည်ဖြစ်သည်။တောအုပ်သည်လည်း တောအုပ်အဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်သော် မိဘသည်လည်း မိဘအဖြစ်၊ သားသမီးသည်လည်း သားသမီးအဖြစ် ရပ်တည်နိုင်မည်မဟုတ်ပေ။ ဇနီးသည်လည်း ဇနီးသည်အဖြစ်၊ ခင်ပွန်းသည် သည်လည်း ခင်ပွန်းသည်အဖြစ် ရပ်တည်နိုင် မည်မဟုတ်ပေ။ ဆရာသည်လည်း ဆရာအဖြစ်၊ တပည့်သည်လည်း တပည့်အဖြစ်ရပ်တည်နိုင် မည်မဟုတ်ပေ။ ပင်လယ်ကြီးသည် ပင်လယ်ကြီးအဖြစ်၊ စပါးခင်းကြီးသည်လည်း စပါးခင်းကြီးအဖြစ်၊ တောအုပ်ကြီးသည်လည်း တောအုပ်ကြီးအဖြစ် ရပ်တည်နိုင်မည်မဟုတ်ပေ။ အလုပ်ရှင်သည် မိမိရခွင့်ရှိသော အတိုင်းအတာနှင့် ရခွင့်ရှိသလောက် ကိုသာ အလုပ်သမားအပေါ် အားထုတ်ရသည်။ ထိုသို့မဟုတ်ဘဲ အလိုရှိသည့်အတိုင်း ရသမျှအားထုတ်သော် အလုပ် သမား၏ဘဝသည် ယိုင်နဲ့မည်ဖြစ်သည်။ အလုပ်သမား၏ယိုင်နဲ့မှုသည် အလုပ်ရှင်၏ ယိုင်နဲ့မှုလည်းဖြစ်သည်။ ထိုနည်းတူ အလုပ်ရှင်နှင့် လူမှုလောကပါ ယိုင်နဲ့မှုလည်း ဖြစ်သည်။ သစ်လုပ်ငန်းရှင်တစ်ဦးသည် ရခွင့်ရှိသောအတိုင်းအတာနှင့် ရခွင့်ရှိ သ လောက်ကိုသာ သစ်တောအပေါ်အားထုတ်ရသည်။ ထိုသို့မဟုတ်ဘဲ အလိုရှိတိုင်း ရသမျှအားထုတ်သော် သစ်တောသည်ပြုန်း တီးခြင်းသို့ရောက်သည်။ သစ်တော၏ပြုန်းတီးခြင်းသည် သစ်လုပ်ငန်းရှင်၏ ပြုန်းတီးမှုပင်ဖြစ်သည်။လူမှုသဘာဝပတ်ဝန်းကျင်၏ ပြုန်းတီးမှုလည်းဖြစ်သည်။ အလုပ်ရှင်နှင့်အလုပ်သမားသည် အပြန်အလှန်တရားမှုဖြင့် ကျေးဇူးပြု ကြရမည်ဖြစ်သည်။ အပြန်အလှန်တရာညးမှုဖြင့် ကျေးဇူးပြုနေသမျှ စိမ်းလန်း စိုပြည်၍ ညီညွတ်မျှတကြမည်ဖြစ်သည်။ မြီရှင်နှင့်မြီစား၊ စားသုံးသူနှင့် ဈေးရောင်းသူ၊ ခရီးသည်နှင့်ပို့ဆောင်ရေး သမား ဝန်ထမ်းနှင့်ပြည်သူ့အစိုးရနှင့် လူထုစသည်တို့တွင်လည်း အလားတူပင် ဖြစ်သည်။ အပြန်အလှန်အားဖြင့် ကျေးဇူးပြုကြရမည်ဖြစ်သည်။ ထိုအခါ လောကသည် သာယာလှပမည်ဖြစ်သည်။ ငြိမ်းချမ်းသာယာဝပြောမှုနှင့် လွန်မြောက်သော လွတ်မြောက်မှုကို ဤ ကျင့်စဉ်နည်းဖြင့်သာ ရအပ်သည်။ စင်စစ် ဒီမိုကရေစီဟူသည် သင့်နံဘေးမှာ ပင်ရှိသည်။ သင့်မိသားစုထဲမှာပင်ရှိသည်။ သင်နေထိုင်ရာရပ်ကွက်၊ ကျောင်း၊ အလုပ်ဌာနစသည့် နေရာအသီးသီးမှာပင်ရှိသည်။ သင်နှင့် သင့်မိသားစုအပြန်အလှန် တရားမှုဖြင့် ကျေးဇူးပြုနေဖို့လိုသည်။ သင်နှင့်သင့်အနီးပတ်ဝန်းကျင် အပြန်အလှန်တရားမှုဖြင့် ကျေးဇူးပြုနေဖို့ဖြစ် သည်။ ဒီမိုကရေစီကို ဦးဆောင်ဦးရွက်ပြုမည့်သူ ဖော်ဆောင်မည့်သူသည် ဤကဲ့သို့အဆင့်ဆင့်သော လောကတို့တွင် အပြန်အလှန်တရားမှုဖြင့် ကျေးဇူးပြု အသားကျနေသူဖြစ်ရပေမည်။ သို့မှသာ ဘဝ၏လိုအပ်ချက်၊ သဘာဝ၏လိုအပ်ချက်၊ လူမျိုး၏လိုအပ် ချက်၊ ဓလေ့ထုံးတမ်း၏လိုအပ်ချက်၊ ယဉ်ကျေးမှု၏လိုအပ်ချက်၊ နိုင်ငံ၏လိုအပ် ချက်အသီးသီးကို သိရှိနားလည် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ ဒီမိုကရေစီဟူသည် စနစ်တစ်ရပ်မဟုတ် ကျင့်စဉ်နည်းသာဖြစ်သည်။ သို့ဖြစ်၍ မည်သည့်စနစ်ပင်ဖြစ်စေ ဒီမိုကရေစီကျင့်စဉ်ကမူ မည်သူတရားပျက်ပျက် ကိုယ်မပျက်ရမည့်တရားဖြစ်သည်။ ရန်သူမရှိ၊ မုန်းသူမရှိ အပြန်အလှန် တရားမှုဖြင့် ကျေးဇူးပြုရမည့်တရားဖြစ်သည်။ ရန်သူ၊ မုန်းသူကိုမိတ်ဆွေဖြစ်အောင် လုပ်ရမည့် တရားဖြစ်သည်။ စနစ်ကို မကြိုက်က စနစ်ကို ပြင်ရန်သာရှိပြီး ဒီမိုကရေစီကျင့်စဉ်ကိုမူ လိုသလို ပုံသွင်းခွင့်မရှိ။ ဒီမိုကရေစီကို နားလည်မှု၊ ယုံကြည်မှုဖြင့်သာ တည်ဆောက်ရ သည်။ နှလုံးသားဘာသာဗေဒဖြင့်သာ တည်ဆောက်ရသည်။ အပြန်အလှန် ကျေးဇူးပြုခြင်းတရားများဖြင့်သာ တည်ဆောက်ရသည်။ အပြန်အလှန်တရားမှုဖြင့် ကျေးဇူးပြုခြင်းသည် ပထမအဆင့်ဖြစ်သည်။ အပြန်အလှန် မွန်မြတ်သော ချစ်ကြည်မှုဖြင့် ကျေးဇူးပြုခြင်းသည် ဒုတိယ အဆင့်ဖြစ်သည်။ မွန်မြတ်သော လွတ်မြောက်မှုတို့ဖြင့် ကျေးဇူးပြုခြင်းသည် အမြင့်တန်း အဆင့်ဖြစ်သည်။ မိမိကိုယ်မိမိရိုသေခြင်းနှင့် လောကကိုလည်း ရိုသေသမှုရှိခြင်းသည် ဒီမိုကရေစီ၏ နှလုံးသည်းပွတ်ပေတည်း။ ဦးကျော်ဇေယျ