မင်းချမ်း ဇွန် ၁၁၊ ၂၀၀၉။
ယခုတလော မြန်မာ့သတင်းလောကမှာ ထိပ်တန်းရောက်နေတဲ့ သတင်းနှစ်ပုဒ်က နေရာယူထားပါတယ်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသားခေါင်းဆောင် အာဇာနည်ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သက်တန်း ပြည့်လုနီးပါး လွတ်မြောက်ခါနီးမှာ စစ်အစိုးရက တမင်အကွက် ဆင်ပြီး ထောင်ချမဲ့အခြေအနေ သတင်းများနဲ့ စစ်အစိုးရက အပစ်ရပ်၊ ငြိမ်းလက်နက်ချတပ်ဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းလဲဖို့ တိုင်းရင်းသားဒေသ အသီးသီးကိုသွားရောက်ပြီး သက်ဆိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထံကို ကျားကုတ်ကျားခဲ လိုက်လံတိုက်တွန်း တောင်းဆိုနေတဲ့ သတင်းတွေပါ။................
ဒီသတင်းတွေကလည်း နာတာရှည်ရောဂါသည်လို ဖြစ်ရှိနေတဲ့ နိုင်ငံတော်ရဲ့ ရှေ့ခရီးကြမ္မာတရားအတွက် တကယ့်ကို အရေးကြီးတဲ့သတင်းတွေပါ။ နအဖတို့ထင်ရာစိုင်းတဲ့အတိုင်း ဖြစ်လာနိုင်မနိုင်ဆိုတာကို မဝေးတော့တဲ့ ကာလတို အတောအတွင်းမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီပွဲက နအဖဖက်က လွယ်လွယ်နဲ့တွက်ဆခဲ့ဟန်တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မဟတ်လုပ်ဇာတ်ခင်း၊ ကလေးကလားဆန် အောက်တန်းကျလှတဲ့ လုပ်ရပ်တွေကို လက်တွေ့မှာတော့ နအဖအနေနဲ့ မထင်မှတ်ထားတဲ့ အဖက်ဖက်က နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ပြင်းထန်တဲ့ ဖိအားပေးတုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။
အခုတလော မြန်မာအရှေ့မြောက်ဖက်က အင်အားကြီးအပစ်ရပ် အဖွဲ့များကလည်း နယ်ခြားတပ်ဖွဲ့ ဖွဲစည်းရန် အချိန် မတန်သေးဘူးလို့ စစ်အစိုးရထံ တိုက်ရိုက်၊ သွယ်ဝိုက်တဲ့နည်းတွေနဲ့ အကြောင်းပြန်လာတော့ စစ်အစိုးရဟာ သူ့ကိုယ်သူဟုတ်လှပြီ ထင်နေခဲ့တာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါ။ နေပြည်တော်ကလည်း ဒုတိယအကြိမ် သွားပြောလို့ ဆိုပြန်ရော။ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က မဖြစ်နိုင်မှန်း၊ လက်မခံနိုင်မှန်းသိရက်နဲ့ ထပ်ပြောဆိုလဲ ရှေ့မျက်နှာ နောက်ထားပြီး ဆေးခါးဂါထာဟောင်းကို သွားရွတ်ပြရပြန်တာပဲ။ ဒါပေမဲ့ ဗူးဆိုတာ ဖယုံသီးမဟုတ်ပါ။ ပေါက်ဖေါ်တရုပ် ကိုလည်း ဝိုင်းပြောပေးဖို့ ဥပဒေအထက် ဗိုလ်ချုပ်ကြီး သူရရွှေမန်း အလျှင်အမြန်သွားရောက်နေပါတယ်။
နယ်ခြားတပ်ဖွဲ့ဆိုတာကကော ဘယ်လိုဖြစ်လာကြမလဲ၊ မိမိအမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ကျွေးကြော်သံနဲ့ လက်နက်ကိုင်တော်လှန်ရေး ခရီးတလျှောက်လုံးမှာ နှစ်အတန်ကြာ ဘဝကိုမြှုပ်နှံ၊ အသက်ချွေး၊ သွေးတွေနဲ့ရင်းပြီး တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်အချို့က နအဖရဲ့ ကျောသပ်၊ မြှောက်စားမှုကို ခံယူတော်မူပြီး ကိုယ်အမျိုးသားအချင်းချင်း ပြန်တိုက်၊ ပြန်သတ်နေကြတဲ့အထိ ဖြစ်လာနေတာကို တွေ့ကြုံနေရပါပြီ။ မူလရည်မှန်းခဲ့တဲ့ ပန်းတိုင်နဲ့ လက်တွေ့ဘဝ ဘယ်လိုဖြစ်နေပြီလဲ၊ တစ်ဝမ်းစား တစ်ခါးလှ ဖြစ်သွားတာကို ပန်းတိုင်လို့ ဆိုလိုချင်ပါသလား။
အထူးသဖြင့် ကရင်တိုင်းရင်းသားညီအစ်ကိုယ်တို့ အခုလက်ရှိ ဖြစ်ပွားနေဆဲ ကရင်အချင်းချင်း သတ်ကြဖြတ်ကြတဲ့ တိုက်ပွဲတွေဟာ လုံးဝမဖြစ်သင့် မဖြစ်ထိုက်တဲ့ တိုက်ပွဲတွေပါ။ ကရင်ပြည်သူတွေသာမက ဒေသခံတိုင်းရင်းသားအားလုံး ဒုက္ခရောက်နေကြရပါပြီ။ လောလောဆယ်ဖြစ်ပေါ်လာရတဲ့ KNU နဲ့ DKBA တိုက်ပွဲတွေဟာ နယ်ခြားတပ်ဖွဲ့အဖြစ် စစ်အစိုးရအလိုကျ DKBA တပ်ဖွဲ့က ခေါင်းဆောင်တွေလက်ခံလိုက်ကြတဲ့ နောက်ပိုင်းမှာ ပြဿနာတွေ တသီကြီး လိုက်ပါလာပါတော့တယ်။
သတ်မှတ်ဦးရေပြည့်မီအောင် အင်အားတွေကို မရမက မဖြစ်မနေ အတင်းလိုက်လံဖြည့်ဆည်းနေရပါတယ်။ တရားဝင် လိုင်စင်ရထားသလို ကရင်ကျေးရွာ အနှံ့အပြားတွေမှာ မဲစနစ်နဲ့ တပ်သားသစ်တွေကို အတင်းကောက်ယူနေပါတယ်။ လူငယ်တွေက နယ်စပ်ကို ထွက်ပြေးကြရပါတယ်။ ဒီခေတ်မှာ လစာက တစ်လ မြန်မာကျပ်ငွေ နှစ်သောင်းခွဲ ၂၅၀၀၀ိ/ ဆိုတော့ ဒီခေတ်မှာ အဘယ်သို့သော ကရင်လူငယ်များကို ဆွဲဆောင်စည်းရုံးနိုင်မှာလဲ၊ ကရင်အချင်းချင်းကို သတ်ခိုင်းနေတဲ့ တပ်ဖွဲ့ထဲ မည်သို့သောလူငယ်တွေက ပါဝင်လာမှာလဲ။
စစ်အစိုးရတပ်တွေမှာ တပ်ပြေးတွေ အလွန်များနေပါတယ်။ တပ်ရင်းတွေ၊ အရာရှိတွေသာများနေပြီး အောက်ခြေ တပ်သားများ စုဆောင်းရာမှာလည်း အခက်တွေ့လာနေတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ တစ်ရွာတစ်ယောက် စစ်သား စုဆောင်းရေးဟာလည်း လက်တွေ့မှာ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် တိုင်းရင်းသားတပ်တွေထဲ ဗမာ့တပ်မတော် အရာရှိတွေ အော်တိုမက်တစ် ထည့်လိုက်ရင်ဆိုပဲ ဒီတပ်သားသစ် စုဆောင်းရေးကိစ္စရော၊ ဘာညာဘာညာ အရာအရာ ရှုပ်ထွေးနေတဲ့ သပွတ်အူကို တစ်ချက်ခုတ်လိုက်ယုံနဲ့ သုံးလေးပိုင်း ပြတ်သွားပါလေရော။
နယ်ခြားစောင့်တပ် Border Guard Force ဆိုတာ တိုင်းရင်းသား ကိုယ်စားပြုအမည် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သင်းချိုင်းတွေပါပဲ၊ ဒီတပ်ဖွဲ့ကို အသွင်ပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာ DKBA, KPF, KNU/KNLA- PC ဆိုတဲ့ ကရင်မျိုးချစ်တပ်ဖွဲ့တွေဟာ မူလအမည်တွေ အတိတ်မှာချန်ရစ်ထားခဲ့ပြီး BGF ဆိုတဲ့ နယ်ခြားစောင့် မြန်မာစစ်အစိုးရ တပ်ဖွဲ့ ဖြစ်သွားရမှာပါပဲ။ ဒီလိုပါပဲ အခြားတိုင်းရင်းသားတပ်တွေဟာလဲ ဒီလမ်းကိုလျှောက်ရင် ဒီပုံစံ၊ ဒီအချိုးအတိုင်း ဖြစ်လာမှာပါပဲ။
စီးပွားရေးအရ အင်မတန်နိမ့်ကျနေရတဲ့ တိုင်းပြည်မှာ ငွေစက္ကူတွေ အတင်းရိုက်ထုတ်ပြီး လူငယ်တွေကို စစ်တပ်ထဲ အတင်းသွပ်သွင်းနေတာတာ စစ်အစိုးရမှာ မရိုးသားမှုသားတဲ့ အကြံအစည်တစ်ရပ် ရှိနေတယ်ဆိုတာ ဟိုဟိုဒီဒီ လိုက်တွေးနေစရာမလိုပါ။ တိုင်းတစ်ပါးရဲ့အန္တရာယ်၊ အခြားကျူးကျော်စစ်တို့ရဲ့ လက္ခဏာရပ်တွေ ဘာမှလည်း အရိပ်အရောင်မတွေ့မိပါ။ အလားအလာတွေလည်းမရှိတော့ ဘာအကြံအစည်တွေများပါလိမ့်။ အဖြေက ဝေးဝေးကို တွေးကြည့်စရာမလိုပါ။ ကရင်ကို ကရင်အချင်းချင်း၊ မွန်ကို မွန်အချင်းချင်း၊ မျိုးနွယ်တူ တိုင်းရင်းသား အချင်းချင်းကို သတ်ဖြတ်ခိုင်းတာပါ၊ နောက်တစ်ဆင့်မှာ မျိုးနွယ်မတူ တိုင်းရင်းသားတွေ ဆက်ပြီးသတ်ဖြတ်တိုက်ခိုက်ကြဖို့ မဟာ ဗမာဝါဒီ စစ်အစိုးရရဲ့ မဟာဗျူဟာတစ်ရပ်ဆိုတာ သတိချပ်စေလိုကြောင်း။
မင်းချမ်း(ဘဝတက္ကသိုလ်)
http://www.kaowao.org/b/art09-jun-11.php