Monday, August 03, 2009

နိုင်ငံရေးသည် ART OF POSSIBLE သာဖြစ်သည်

(ဇူလိုင်လ ၁၆ ရက်နေ့ထုတ် Northern Star ဂျာနယ် မှာ ဆရာစိုးမြင့်သိန်းက Wave မဂ္ဂဇင်းမှာပါတဲ့ ဆရာ ကျော်ဝင်းရဲ့ အယ်ဒီတာ့ အာဘော်ကို သုံးသပ် ထားတာ ဖြစ်ပါတယ်။ ကိုယ်တိုင် ပဲခူးရိုးမက ဗကပဆီကို တောခို လက်နက်ကိုင် တော်လှန်ရေး ဆောင်ရွက်ခဲ့သူ၊ ဗကပတွေရဲ့ ဖြုတ်ထုတ်သတ် လမ်းစဉ်ကို လက်တွေ့ ကြုံခဲ့သူ တစ်ဦးက အရင်က လက်ဝဲ၊ အခု ဒီမိုကရေစီ ဆိုသူများရဲ့ အတွေးအမြင်တွေကို သုံးသပ် ထားတာဟာ မှတ်သားစရာ ဖြစ်လို့ ဝေမျှပေးလိုက်ပါတယ်။ )..............


(ဇူလိုင်လ ၁၆ ရက်နေ့ထုတ် Northern Star ဂျာနယ် မှာ ဆရာစိုးမြင့်သိန်းက Wave မဂ္ဂဇင်းမှာပါတဲ့ ဆရာ ကျော်ဝင်းရဲ့ အယ်ဒီတာ့ အာဘော်ကို သုံးသပ် ထားတာ ဖြစ်ပါတယ်။ ကိုယ်တိုင် ပဲခူးရိုးမက ဗကပဆီကို တောခို လက်နက်ကိုင် တော်လှန်ရေး ဆောင်ရွက်ခဲ့သူ၊ ဗကပတွေရဲ့ ဖြုတ်ထုတ်သတ် လမ်းစဉ်ကို လက်တွေ့ ကြုံခဲ့သူ တစ်ဦးက အရင်က လက်ဝဲ၊ အခု ဒီမိုကရေစီ ဆိုသူများရဲ့ အတွေးအမြင်တွေကို သုံးသပ် ထားတာဟာ မှတ်သားစရာ ဖြစ်လို့ ဝေမျှပေးလိုက်ပါတယ်။ )

၎-၇-၀၉ ရက် စနေနေ့ထုတ် The Waves…. EDITORIAL ၌ နိုင်ငံရေးသည် Art of Possible လော၊ Art of Impossible လောဟု မေးထား ဖြေထားသည်ကို ဖတ်ရသည်။ (၁)(၂)(၃) ဟု ပြထားသည်။

(၁) မှာ နိုင်ငံရေးဟာ ဖြစ်နိုင်ခြေ အနုပညာပဲ။ ဒါဟာ Pragmatism လက်တွေ့ ဘာတွေ ရှိနေသလဲ၊ ပထမဆုံး အစွဲဟောင်းတွေ ကင်းကင်းနဲ့ ကြည့်ရမယ်။ ပြီးမှ ဖြစ်နိုင်ခြေ (possible) ကို ရှာရမယ်။ တွေ့ရှိရသော ဖြစ်နိုင်ခြေကို တကယ် ဖြစ်လာဖို့ (သဘောတရား လက်တွေ့သို့) ပြောင်းလာဖို့ ဗျူဟာခင်းရမယ်။

တစ်ခါတစ်ရံ လက်တွေ့ အရှိတရားက ခါးသီးသော အမှန်တရား ဖြစ်နေတတ်ရာ လူကြိုက် နည်းနိုင်ပါသည်။ ပေါ်ပြူလာလည်း မဖြစ်နိုင်ဟု တင်ပြထားသည်။

(၂) အဆိုပါ အယူအဆကို ကလန်တဲ့ ပေါ်ပြူလာ အယူ အကောက်တွေ မနည်းမနော ရှိသည်။ သူတို့က “ Politics is art of impossible” ဟု ခပ်တင်းတင်း ဆိုသည်။ “မဖြစ်နိုင် ဆိုတာကို ဖြစ်အောင် လုပ်ပြမှ နိုင်ငံရေး” ဟု ဆိုချင်ဟန် တူကြောင်း။

များသော အားဖြင့် ဒါဟာ စိတ်ကူးစံစနစ်ကနေ မြစ်ဖျားခံလာကြောင်း၊ ယူတိုပီယာ စိတ်ကူးယဉ် တစ်ခုနဲ့ အစပြုတဲ့ အဲဒီ စိတ်ကူးစံကို လူမှု အင်ဂျင်နီယာ နည်းတစ်ခုနဲ့ ပုံသေ ကားချသွင်း/ ရောက်/ မရောက်မသေချာ၊ ပေးခဲ့ရတဲ့ တန်ဖိုးကတော့ လူ့အသက်တွေ သွေးတွေ၊ လူပေါင်းများစွာ၊ လူ့အဖွဲ့ အစည်းပေါင်း၊ နိုင်ငံပေါင်း၊ လူမျိုးပေါင်းများစွာ ကံကြမ္မာ။

သို့နှင့်တိုင် လက်ခုပ်သံကိုတော့ မြှူနိုင်ချူနိုင်သည်၊ ကြွအောင် ထအောင် ဆွနိုင်သည်။ လူကြိုက်လည်း များကြသည်။ သို့သော်-

(၃) ယခုအခါ သမိုင်းထဲ တိုးဝင်သွားပြီးဖြစ်တဲ့ ကွန်မြူနစ်ရယ်ဒီကယ် တော်လှန်ရေးမှာ အဆိုပါ အယူအဆမှ လာသော လူမှု အင်ဂျင်နီယာနည်း ဖြစ်သည်။ ထရော်စကီ ကွန်မြူနစ် တစ်ဖြစ်လဲ နီယိုကွန်များ၏ အီရတ် စွန့်စားခန်း မှာလည်း ဤအတိုင်း ဖြစ်သည်။ နိုင်ငံရေးသည် Art of Possible လော၊ Art of Impossible လော၊ သမိုင်းက ပေးခဲ့ပြီးသော အဖြေကို မြင်အောင် ကြည့်တတ်လျှင် ဤမေးခွန်းကို “မေးစရာမလို”ဟု သဘောရသည်လို့ ရေးထား၏။ တကယ်တော့ နိုင်ငံရေးသည် ဖြစ်နိုင်ခြေကို လုပ်မှရမည်။ Art of Possible သာ ဖြစ်သည်။

ကျွန်တော် (စိုးမြင့်သိန်း)ကတော့ ရှင်းသည်။ တစ်လောကတော့ တော်တော် ခေါင်းရှုပ် ခေါင်းစား သွားသည်။ ရွဲ့သွား၊ တွန့်သွားသည်။ ၀ိုင်း၍ ပြောကြဆိုကြ သတိပေးကြ၊ ကွယ်ရာမှာ နှာခေါင်းရှုံ့ကြ၊ ဆဲကြ။ ကျွန်တော် ဘယ်သွား နေရမည် မသိ လောက်အောင် ခေါင်းခြောက် သွားသည်။ ရင်ထဲ အသည်းထဲ ခေါင်းထဲ ဉာဏ်ထဲမှာတော့ ဘ၀နှင့်ရင်း၍ ရသော (ဖိနပ်မပါ ပဲခူးရိုးမမှာ မိုးရေထဲဗွက်ထဲ မြစ်ထဲချောင်းထဲ သဲထဲ ရွက်ကြွေ တောထဲ ဆင်ထဲကျားထဲ မြွေထဲကင်းထဲ ကျည်ဆန်ထဲ ၀ါးရင်းတုတ်ထဲ လက်တွေ့ ရခဲ့သော) သင်ခန်းစာ အရ နိုင်ငံရေး ဆိုတာ Art of Impossible မဖြစ်နိုင်တာကို ဖြစ်အောင်လုပ် ကြည့်ခြင်း မဟုတ်ဘူး ဆိုတာကို ကောင်းကောင်း သိခဲ့သည်။ ဘယ်သူက ဘာမှ မလုပ်ဖူးတော့ ဘာမှ မသိတာလား၊ သို့မဟုတ် နှာစေး တုပ်ကွေးမိပြီး မသိတာလား၊ သို့မဟုတ် ယောင်ရော ယိမ်းကနေတာလား၊ ဖက်ရှင်ဒီဇိုင်း ပါဖော့မင်း ပြနေတာလား၊ ကျွန်တော် ပြတ်သားစွာ စဉ်းစား မေးဖြေလိုသည်။

အားနာနာနှင့် ဖွင့်ချရပါတော့မည်။

တစ်လောက ဆိပ်ကမ်းသာ ပင်လယ်မြစ်လေ အေးအေးကြား စားသောက်ဆိုင် ဘီယာဝိုင်း တစ်ခုထဲ ကျွန်တော် ရောက်သွားသည်။ အဲဒီမှာ သူငယ်ချင်း ဒဿနိက ပါမောက္ခဟောင်းက “ဟေ့- Art of Possible ဆိုတာ မဟုတ်ဘူးကွ။ နိုင်ငံရေး ဆိုတာ Art of Impossible ကွ။ မဖြစ်နိုင်ဘူး ဆိုတာကို ဖြစ်အောင် လုပ်ပြမှ နိုင်ငံရေးကွ” ဟု (ဆိုကြပါစို့) တော်လှန်ရေး သြ၀ါဒ စကားသံလေသံ ဟန်ပန်ဖြင့် ခပ်တင်းတင်း ဆိုလာသည်။ လက်ထဲမှာလည်း ဘီယာ မဟုတ်တော့၊ အပြင်းစား ၀ီစကီနှင့်။

ကျွန်တော်လန့်သွားသည်။ အံ့သြသွားသည်။ ဘယ့်နှယ် ဖြစ်တာတုန်း။ တစ်သက်လုံး ကတော့ စည်းနဲ့ကမ်းနဲ့ သေသေ ၀ပ်ဝပ် စမတ်ကျကျ အကဲဒမစ်ဖြစ်ဖြစ် အဆင့်မြင့် နေထိုင် ပြောဆို လာတာပါ။ တော်လှန်ရေး စစ်ပွဲ ဆင်နွှဲကြစို့လို့ ပြောရမယ့် လူတန်းစား (သည်းခံပါခင်ဗျာ) ပစ္စည်းမဲ့ ဘာမဲ့ ညာမဲ့လည်းမဟုတ်။ ငါ့သူငယ်ချင်း ပညာတတ်ကြီး ပညာဉာဏ်တွေ ကျောင်းမှာ အိမ်မှာ ထားပစ်ခဲ့ လေပြီလား။ ကျွန်တော် စဉ်းစားပြီး စိတ်လည်း မကောင်းတော့ သူ့ကိုလည်း သနားမိတော့။

ကျွန်တော်တို့သည် ကွန်မြူနစ် ကြေညာစာတမ်း၊ ကျူးဘား ကပ်စထရို လူ ၁၂ယောက် သေနပ် ၁၂လက်၊ စသော စာအုပ်များကို ဖတ်ပြီး ကြီးလာခဲ့ကြသည်။ အဟုတ်ကြီး မှတ်ခဲ့သည်။ ကိုယ့်ပြည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုကို မေ့နေခဲ့ကြသည်။ သို့မဟုတ် မေ့ပစ် ဇွတ်မေ့ပစ် လိုက်သည်။

ကလေးကြိုက် စူပါမင်းနှင့် အာနိုးရုပ်ရှင်ဇာတ်လမ်းများ၊ ဂျိမ်းစ်ဘွန်းစတန့်ကားများ၊ ရာဇ၀င်သိုင်းကား၊ ရာဇ၀င် တော်လှန်ရေး စစ်ပွဲကားများ၊ ဗီဒီယိုများကို ကြည့်ပြီး၊ ကာတွန်း စာအုပ်တွေ ဖတ်ပြီး၊ ကျွန်တော်တို့ နိုင်ငံကို Impossible လုပ်ချင်နေကြ သလော။

မဖြစ်နိုင်တာက မဖြစ်ပါ။ အဖြေက ရှင်းနေ၏။ ဖြစ်နိုင်တာကသာ ဖြစ်လာနိုင်သည်။ အဖြေက ရှင်းသည်။ Impossible သည် Impossible ဘ၀မှာပဲ နေရပါမည်။ လက်တွေ့သည် ခါးချင်ခါးပါမည်။ သကြားဓာတ် ကလေး အုပ်ပြီး မျိုချသင့် မျိုချရပါမည်။ possible သာ သဘာဝကျ၊ လက်တွေ့ကျ၊ ဥပဒေနည်း ကျပါမည်။

မျက်ရည်များ၊ သွေးချောင်းစီးများ၊ အရိုးတောင်လိုပုံများ၊ အသေခံဗုံးများ၊ ဖြုတ်ထုတ်သတ် ဝါးရင်းတုတ်များ၊ ရော့ကက်များ၊ မော်တာများ၊ လှံစွပ်များကိုတော့ ကျွန်တော်တို့ ရှောင်ရှားသင့်လှပါပြီ။

ကျွန်တော်ကတော့ နိုင်ငံရေးသည် Art of Possible ဟု အပြတ်ပြောမည်။

စိုးမြင့်သိန်း

Posted by ပိတောက်မြေ at 12:10:00 AM