Sunday, July 26, 2009

“စစ်လည်း မဖြစ် ငြိမ်းချမ်းရေးလည်း မရ”

“စစ်လည်း မဖြစ် ငြိမ်းချမ်းရေးလည်း မရ”
(သို့မဟုတ်)
ညွှန်းဆိုချင်တဲ့ စာအုပ်လေးတအုပ်



ဘက်တော်သား
post by Friday, July 17, 2009


ငြိမ်းအဖွဲ့တွေရဲ့ အပစ်ရပ် နှစ် ၂၀ အထိမ်းအမှတ်ပွဲတွေ လုပ်ပြီး မကြာသေးခင်လေးမှာပဲ Tom Kramer ရေးသားပြီး Transnational Institute (TNT) အဖွဲ့ကထုတ်ဝေတဲ့ “စစ်လည်း မဖြစ် ငြိမ်းချမ်းရေးလည်း မရ” (NEITHER WAR NOR PEACE: THE FUTURE OF THE CEASE-FIRE AGREEMENTS IN BURMA ) ဆိုတဲ့ စာတမ်းတခု ထွက်ပေါ်လာပါတယ်။ မျက်နှာဖုံးအပါ စာမျက်နှာ ၄၄ မျက်နှာ ပဲ ရှိတယ်။





ငြိမ်းအဖွဲ့တွေက ထိပ်တန်းခေါင်းဆောင်တွေနဲ့ လူတွေ့မေးမြန်းမှုတွေအပါအ၀င် အကိုးအကား စာတမ်းပေါင်း ၁၄၃ ခု အပေါ် အခြေပြုပြီး လိုရင်းတိုရှင်းရေးထားတဲ့ စာတမ်းတခုပါ။ အခုဟာ က မြန်မာ့အရေးစိတ်ပင်စားသူတွေ ဖတ်ရှုလေ့လာစေချင်တဲ့အတွက် မူရင်းစာရေးသူ ထုတ် ဖော်တင်ပြထားတဲ့ အထဲက သေနင်္ဂဗျူဟာမြင်ကွင်း တစိတ်တပိုင်းကိုသာ အလေးထား ညွှန်းဆိုဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကလေးမှာ လတ်တလော မြန်မာ့နိုင်ငံရေးအခင်းအကျဉ်းတွေကို ဖော်ညွှန်းနိုင်တဲ့ သမိုင်းနောက်ခံအချို့နဲ့ ပထ၀ီနိုင်ငံရေးအခင်း အကျဉ်းတစိတ်တပိုင်းတွေပါ။ ပြည်တွင်းစစ် မီးလျှံထဲမှာ ပါဝင်ကစားခဲ့ကြတဲ့ ကွန်မြူနစ်ပါတီ၊ တိုင်းရင်းသားအင်အားစုတွေ အခြေအနေကို အနီးစပ်ဆုံးမှန်ကန်တဲ့ အချက်အလက်တွေပေါ် အခြေပြုပြီး နိုင်ငံရေးရှုထောင့်ကနေ စနစ်တကျ ချဉ်းကပ်သုံးသပ် တင်ပြထားတာ တွေ့ရပါတယ်။

အထူးသဖြင့် စစ်အေးခေတ်မှာ လက်ဝဲ၊ လက်ယာ နိုင်ငံကြီးတွေရဲ့ သေနင်္ဂဗျူဟာ ကစားကွက်ကို ထောက်ပြသုံးသပ်ပြထားတာ ဖတ်လိုက်ရတော့ ဒီကစားကွက်ထဲမှာ အဲဒီခေတ်က တိုင်းရင်းသားအင်အားစုတွေအပါ၊ ဒီမိုကရေစီအင်အားစုတွေ မမြင်နိုင်ကြ၊ ကျဉ်းကျ၊ မညီညွတ်နိုင်ကြတာကို ပြန်ရှုမြင်ခွင့်ရတာကတော့ မျက်မှောက်နဲ့အနာဂတ် ကမ္ဘာ့အခင်းအကျင်းမှာ ပါဝင်ကစားနေကြတဲ့ မြန်မာ့နိုင်ငံရေးအင်အားစုအားလုံးအတွက် သင်ခန်းစာယူစရာ ကောင်းလှပါတယ်။

အိမ်နီးခြင်းနိုင်ငံတွေနဲ့ ပတ်သက်လို့ သုံးသပ်တင်ပြထားရာမှာလည်း တရုတ်ပြည်ဟာ ဒေသတွင်းမှာ မြန်မာပြည်ရဲ့ အဓိက သေနင်္ဂ ဗျူဟာ မဟာမိတ် ဖြစ်ပြီး တချို့အပစ်ရပ်အဖွဲ့တွေကို ထောက်ပံ့ထားတယ်။ တရုတ်ပြည်ရဲ့အဓိက စိုးရိမ်ပူပန်နေတာဟာ သူနဲ့ ထိစပ်နေတဲ့ မြန်မာပြည်နယ်စပ်တလျှောက်မှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး ရှိရေးပဲဖြစ်တယ်။ ဒါကြောင့် သူ့နယ်စပ်တလျှောက်က အပစ်ရပ်အဖွဲ့တွေကို စစ်ပြန်တိုက်မှာ မလိုလားဘူး။ ထိုင်းနယ်စပ်တလျှောက်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အနောက်အုပ်စု နဲ့အမေရိကန်လိုလားတဲ့ အဖွဲ့တွေအဖြစ် မြင်ထားတယ်။ ဒါကြောင့် သူ့နယ်စပ်က အပစ်ရပ်အဖွဲ့တွေနဲ့ ဆက်ဆံရေး ပိုမိုနီးစပ်အောင် ထိန်းသိမ်းထားတယ်။ KIO ကလွဲလို့ ဒီအဖွဲ့အားလုံးဟာ အရင် ဗကပ အဖွဲ့တွေဖြစ်ပြီး တရုတ်နဲ့ဆက်ဆံရေးက ရင်းနှီးကြတယ်။ ဆိုပြီး သုံးသပ်တင်ပြထားပါတယ်။

ထိုင်း-မြန်မာ ဆက်ဆံရေးကိုလည်း အခုလို သုံးသပ်ထားပါသေးတယ်။ ထိုင်း-မြန်မာ ဆက်ဆံရေးကတော့ ပြဿနာတွေ ရှိတယ်။ အစောပိုင်းက ထိုင်းလုံခြုံရေးအေဂျင်စီက စစ်အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေးပေါ်လစီကို ထောက်ခံပြီး နယ်စပ်လက်နက်ကိုင်အဖွဲ့ တွေကို စစ်အစိုးရနဲ့ဆွေးနွေးညှိနှိုင်းဖို့ ဖိအားပေးခဲ့တာကြောင့် သူပုန်တွေချုပ်ကိုင်ထားတဲ့ နယ်စပ်စခန်း အတော်များများဟာ နအဖ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားကြတယ်လို့ သုံးသပ်တင်ပြ ထားပါတယ်။

ဒီနောက်မှာ ဒေသတွင်း နိုင်ငံရေးအခင်းအကျင်း ရှုထောင့်က သုံးသပ်တင်ပြထားတာတွေကတော့ ထိုင်းနယ်စပ်ကို မှီခိုနေရတဲ့ စစ်အစိုးရဆန့်ကျင်ရေးအတိုက်အခံအင်အားစုတွေ အနေနဲ့အလေးအနက်ထား စဉ်းစားရမှာတွေလည်း ဖြစ်ပါတယ်။ အဲဒါတွေ ကတော့ -----

စစ်အေးတိုက်ပွဲပြီသွားတာကလည်း ကွန်မြူနစ်ခြိမ်းခြောက်မှုအန္တရာယ် လျော့ကျသွားတယ်။ အင်ဒိုချိုင်းနားဒေသကြီးဟာ စစ်မြေပြင် ကနေ ဈေးကွက်စီးပွားရေးဒေသကြီးအဖြစ် ပြောင်းလဲသွားပြီလို့ ထိုင်းနိုင်ငံရဲ့ပေါ်လစီသစ်က ဆိုထားပါတယ်။ ဒီအခြေအနေတွေ အောက်မှာ ထိုင်းနိုင်ငံဟာ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုရဲ့အဓိက ၀င်ရိုးအဖြစ် တိုးမြှင့် လုပ်ဆောင်ဖို့ ဦးတည်ချက်ထားလာတယ်။ ဒါကြောင့် သူ့နယ်စပ်တလျှောက်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကြားခံအင်အားစုတခုအနေနဲ့ မမြင်တော့ဘဲ၊ အတိုင်း အတာကြီးမားကျယ်ပြောလှတဲ့ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းမှာ ရှုပ်လာမယ့် အနှောက်အယှက်တခုအနေနဲ့သာ မြင်လာတယ်။ ထိုင်းအမျိုးသားလုံခြုံရေးရဲ့ အကျိုးစီးပွားက အခုတော့ မူးယစ်ဆေးဝါးပြဿနာအပေါ်မှာပဲ အလေးထားလာတော့တယ်။ နယ်စပ် လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် ထောက်ပံ့မှုတွေကတော့ သိသိသာသာ လျော့ကျသွားပေမဲ့လည်း ဆက်ဆံရေးအရတော့ ဆက်လက်ရှိနေတုန်းပဲ။ မြန်မာစစ်အစိုးရနဲ့ဆက်ဆံရေးမှာ ဒီအဖွဲ့တွေကို အပေးအယူလုပ်တဲ့ပစ္စည်းတခု (Bargaining Chip) အနေနဲ့ အသုံးချပါတယ်။ တိုင်းပြည်ချင်း ပဋ္ဋိပက္ခဖြစ်ရင်လည်း သူ့လုံခြုံရေး အကျိုးစီးပွားအတွက် ကြားခံဒိုင်း၊လှံတခု (Proxy) အနေနဲ့ သုံးပါ တယ်လို့

ပွင့်ပွင့်လင်းလင်း သုံးသပ်တင်ပြထားတာကတော့ ယူတတ်မယ်ဆိုရင်တော့ ယူစရာဖြစ်ပြီး နာတတ်မယ်ဆိုရင်လည်း နာစရာပါ။ တကယ်တော့ “ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဆိုတာ မရှိ။ ထာဝရအကျိုးစီးပွားသာ ရှိ” ဆိုတဲ့ အဘိဓမ္မာ လက်သုံးဆောင်ပုဒ်ဟာ လူပုဂ္ဂိုလ်တဦးချင်းအတွက်ထက် နိုင်ငံရေးအင်အားစုတွေအတွက် ပိုပြီး နှလုံးသွင်းရှုမြင်ရမယ့် လမ်းညွှန်တခုလည်း ဖြစ်နေပါတယ်။

ဒါ့ပြင် ထိုင်းနယ်စပ်မှာ အက်စ်အက်စ်အေ (တောင်ပိုင်း) လို အပစ်အခတ်ရပ်စဲတာမလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း ရှိနေတာဟာ မဟာဗျူဟာလုံခြုံရေးအကျိုးစီးပွားအရ ထိုင်းက ပိုပြီးလိုလားပါတယ်။ ဒါက မတော်တဆ တိုက်ဆိုင်မှုတခု မဟုတ်ပါဘူး။ ထိုင်းနိုင်ငံဟာ တရုတ်နယ်စပ်က အပစ်ရပ်အဖွဲ့တွေအပေါ် သံသယ အတော်ကြီးပါတယ်။ ထိုင်းသတင်းစာတွေမှာ ဗကပ တွေနဲ့ အတိတ်တုန်းက ပါဝင်ပတ်သက်ခဲ့ဘူးတဲ့ “၀” နီ ဆိုပြီး မကြာခဏ ကိုးကားပြောဆိုနေတုန်းဖြစ်ပြီး တရုတ်လိုလားသူ၊ သူ့တိုင်းပြည်ထဲ ကို ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေရဲ့ မူလ ပင်ရင်း ဖြစ်တယ်ဆိုပြီး ရှုမြင်ထားတာပါ။ ဒါကြောင့် တရုတ်လွှမ်းမိုးမှုကို တန်ပြန်ဖို့ အတွက် စစ်အစိုးရကို ဆက်လက် တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဆက်လက်ထောက်ပံ့ထားတာတွေ လုပ်ပါတယ်။ ဆိုပြီး ဒေသတွင်း မဟာဗျူဟာ သုံးသပ်ချက်တွေကိုလည်း ထုတ်ဖော်တင်ပြထားပါတယ်။

နိဂုံးမှာတော့ မြန်မာ့နိုင်ငံရေးပြဿနာဟာ တိုင်းရင်းသားအရေးကိစ္စတွေကို နိုင်ငံရေးအရ မဖြေရှင်းဘူးဆိုရင် မြန်မာပြည်မှာ ငြိမ်းချမ်း ရေးနဲ့ဒီမိုကရေစီရေးလည်း မဖြစ်နိုင်ကြောင်းနဲ့၊ ဒါတွေအပြင် ပြည်တွင်းနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ငြိမ်းအဖွဲ့တွေနဲ့ ကင်းကွာ နေမယ့်အစား၊ ငြိမ်းအဖွဲ့တွေအပေါ်မကောင်းဆိုးဝါးလို ကြည့်မြင်နေမယ့်အစား သူတို့ကို နိုင်ငံရေး အင်အားစုတွေအနေနဲ့ ချဉ်းကပ် သင့်ကြောင်း။ သူတို့အပေါ် မှားယွင်းစွာ ရှုမြင်သုံးသပ်မှုတွေ၊ ပုံဖော်မှုတွေကို ပြောင်းလဲဖို့လိုအပ်ကြောင်း အထောက်အထား ခိုင်ခိုင် လုံလုံ အဆိုပြု တင်ပြသွားတာလည်း လေ့လာ ဖတ်ရှုရပါတယ်။

တူညီတဲ့ ဘုံရည်မှန်းချက်ကိုသွားရာမှာ အဓိကပန်းတိုင်တူပေမဲ့လည်း သူတို့ရဲ့အားနည်းချက်တွေ၊ အထူးသဖြင့် ခေါင်းဆောင်မှု အရည် အသွေးနည်းတာတွေ၊ အဖွဲ့တွင်း ဒီမိုကရေစီမကျမှုတွေရဲ့သဘာဝတွေ၊ မဟာဗျူဟာအမြင် ချို့တဲ့မှုတွေနဲ့ မတူကွဲပြားတဲ့ မဟာဗျူဟာ အနေအထားတွေကို ထောက်ပြထားပါတယ်။

တဖက်မှာလည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ အဓိကအားနည်းချက်ကတော့ နိုင်ငံရေးအရအဖြေရှာ ဖြေရှင်းမှုတွေကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတာပါပဲလို့ ပြောထားပါတယ်။

စစ်အစိုးရအနေနဲ့ ငြိမ်းအဖွဲ့တွေကိုလက်နက်ဖြုတ်၊ နယ်ခြားစောင့်တပ်အသွင်ပြောင်း။ နိုင်ငံရေးပါတီထောင်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်၊ စတဲ့အစီအစဉ်အတိုင်း ဖြစ်စေချင်တယ်။ ဒါပေမဲ့ သူတို့ရဲ့အခြေခံတောင်းဆိုချက်တွေ မရရင်တော့ ငြိမ်းအဖွဲ့တွေအနေနဲ့ ဒီအစီအစဉ်အတိုင်းလက်ခံနိုင်ဖို့ ဖြစ်နိုင်ခြေမရှိကြောင်း၊ ဒါကြောင့် ငြိမ်းအဖွဲ့တွေရဲ့ အနာဂတ်နဲ့ပတ်သက်လို့၊ မြန်မာ့ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး အလားအလာနဲ့ ပတ်သက်လို့ ပြဿနာတွေ အများအပြား ရှိနေကြောင်း ထောက်ပြသုံးသပ်ရင်း နိဂုံးကမ္ပါတ် အဆုံး သတ်ထားပါတယ်။


(ဘက်တော်သား)

The Future of cease-fire Agreements in Burma.pdf ဖိုင် အပြည့်အစုံဖတ်သို့